ကိုရိုနာဗိုင်းရပ်စ်-အမေရိကန်မှာ ဗိုင်းရပ်စ်ကြောင့် လူသေဆုံးမှုရှိလာလို့ အာဆီယံအစည်းအဝေးရွှေ့ဆိုင်းရ

ကိုရိုနာဗိုင်းရပ်စ် ဖြစ်ပွားနေမှုကြောင့် လာမယ့် မတ်လ ဒုတိယပတ်မှာ ကျင်းပဖို့ စီစဉ်ထားတဲ့ အာဆီယံအမေရိကန်ထိပ်သီး အစည်းအဝေးကို ရွှေ့ဆိုင်းလိုက်ပါတယ်။

မတ်လ ၁၄ ရက်နေ့မှာ အမေရိကန်ပြည်ထောင်စု၊ လာ့စ်ဗီးဂတ်စ်မြို့မှာ ကျင်းပဖို့ စီစဉ်ထားတဲ့ အဲဒီထိပ်သီးအစည်းအဝေးကို ရွှေ့ဆိုင်းလိုက်တယ်လို့ အမေရိကန်အစိုးရတာဝန်ရှိသူနှစ်ဦးက ပြောကြောင်း ရိုက်တာသတင်းတစ်ရပ်က ဖော်ပြပါတယ်။

ဒါ့အပြင် ဒီအစည်းအဝေးရွှေ့ဆိုင်းလိုက်တယ်ဆိုတာကို အမေရိကန်အခြေစိုက် USA Today သတင်းဌာနကလည်း အစိုးရအရာရှိကြီးတစ်ဦးကို ကိုးကားပြီး ရေးသားဖော်ပြထားပါတယ်။

လတ်တလောအသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ ကိုရိုနာဗိုင်းရပ်စ် (ကိုဗစ်၁၉) ကို ကမ္ဘာလုံးဆိုင်ရာကူးစက်ပျံ့နှံ့မှု အန္တရာယ်ရှိတဲ့အမြင့်ဆုံးအဆင့်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က မနေ့က သတိပေးပြီးတဲ့နောက် ဒီသတင်းထွက်ပေါ်လာတာပါ။

မြန်မာအပါအဝင် အရှေ့တောင်အာရှဆယ်နိုင်ငံကခေါင်းဆောင်တွေနဲ့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်တို့ ဦးဆောင်ဆွေးနွေးကြမယ့် ဒီအစည်းအဝေး အတွက် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် အာဆီယံခေါင်းဆောင်တွေကို ပြီးခဲ့တဲ့နှစ်ကုန်ပိုင်းတည်းက အိမ်ဖြူတော်က ဖိတ်ကြားထားခဲ့တာဖြစ်ပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ကတော့ တက်ရောက်ဖို့ ရှိမရှိ ခရီးစဉ်နီးကပ်မှာသာ ထုတ်ပြန်မှာဖြစ်ပြီး ပုံမှန်အားဖြင့်တော့ အာဆီယံ နဲ့ ဆက်စပ်အစည်းအဝေးတွေကို ဒေါ်အောင်ဆန်းစုကြည်ပဲ ဦးဆောင်တက်ရောက်လေ့ရှိတယ်လို့ မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာနက ယခင်တုန်းက ပြော ကြားထားခဲ့ပါတယ်။

"ကိုရိုနာဗိုင်းရပ်စ်အန္တရာယ်ကို နိုင်ငံတကာအသိုင်းအဝိုင်းနဲ့အတူ အမေရိကန်ပြည်ထောင်စု အတူလက်တွဲချေမှုန်းတဲ့အနေနဲ့ အာဆီယံမိတ် ဖက်တွေနဲ့ဆွေး နွေးပြီးတဲ့နောက်မှာ အခုလို ဒီအစည်းအဝေးကိုရွှေ့ဆိုင်းဖို့ ခက်ခဲတဲ့ဆုံးဖြတ်ချက်ကိုချခဲ့တာဖြစ်ပါတယ်" လို့ အဆင့်မြင့်အရာရှိကြီးတစ်ဦး ကပြောကြားကြောင်း ရိုက်တာသတင်းက ဖော်ပြပါတယ်။

မြန်မာဘက်ကလည်း ဒီအစည်းအဝေးရွှေ့ဆိုင်းကြောင်း အကြောင်းကြားမှု လက်ခံရရှိခဲ့ပြီး ဘယ်တော့ပြန်ကျင်းပမယ်ဆိုတာတော့မသိသေးဘူးလို့ မြန်မာ နိုင်ငံခြားရေးဌာနတာဝန်ရှိသူက ဘီဘီစီကို အတည်ပြုပါတယ်။

လက်ရှိမှာတော့ အမေရိကန်ပြည်ထောင်စု၊ ဝါရှင်တန်ရဲ့ အနောက်မြောက်ပြည်နယ်ဘက်မှာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပထမဆုံးသေဆုံးမှုတစ်ခု ရှိလာ နေပါပြီ။

ဒီသေဆုံးသူဟာ အသက် ၅၀ ကျော်အရွယ် ဖြစ်ပြီး ရောဂါဖြစ်ပွားခဲ့တဲ့ဘယ်နေရာတွေကိုမှ ခရီးသွားခဲ့ခြင်းမရှိခဲ့ဘူးလို့ ဒေသန္တရကျန်းမာရေး ဝန်ထမ်း တစ်ဦးက ဘီဘီစီကိုပြောပါတယ်။

ဝါရှင်တန်မြို့တော်ဝန်ကတော့ ပြည်နယ်အတွင်းမှာ ဒီဗိုင်းရပ်စ်ကူးစက်မှုကို အရေးပေါ်အခြေအနေအဖြစ် တုံ့ပြန်ဆောင်ရွက်ဖို့ ကြေညာထားပါတယ်။

ဒီလို ရောဂါဖြစ်ပွားတဲ့နေရာကိုမသွားရောက်သူတွေကနေ ခုလို ဗိုင်းရပ်စ် စတင်ဖြစ်ပွားလာတဲ့အပေါ် ဝါရှင်တန်၊ အော်ရီဂွန်က လူထုတွေလည်း စိုးရိမ်လာကြပါတယ်။

အခုတော့ ဒေသအာဏာပိုင်တွေက ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့ပွားခဲ့တယ်လို့ ဖြစ်နိုင်ဖွယ်ရှိတဲ့ ဒေသတွင်း သူနာပြုဂေဟာတစ်ခုကို စတင်စုံစမ်းစစ် ဆေးနေပြီလို့ ပြောကြားလာပါတယ်။ အခုပြီးခဲ့တဲ့ နာရီပိုင်းမှာပဲ အဲဒီ သူနာပြုဂေဟာမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူနှစ်ဦး တွေ့ရှိရတယ်လို့ ဘီဘီစီက သတင်းရရှိပါတယ်။

WHO အဆိုအရတော့ အမေရိကန်မှာ ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုပေါင်း ၆၂ ဦး ရှိနေပြီလို့ သိရပါတယ်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကတော့ နောက်ထပ် အခုလို ဗိုင်းရပ်စ်ကြောင့် သေဆုံးမှုတွေရှိလာနိုင်ပေမယ့် လုပ်စရာရှိတာ ပြင်ဆင်စရာရှိတာတွေကို ပြင်ဆင်ထားပြီးပြီလို့ ဘီဘီစီသတင်းမှာ ဖော်ပြထားပါတယ်။

အစောပိုင်းတုန်းကတော့ သူက အခုလိုပြောခဲ့တာပါ။

"ကျွန်တော်တို့တိုင်းပြည်အနေနဲ့ ဘယ်အခြေအနေမျိုးအတွက်မဆို ပြင်ဆင်ထားပါတယ်။ အဲဒီတော့ ဘာမှကြောက်စရာအကြောင်းမရှိပါဘူး " လို့ ထရမ့်က ပြောခဲ့တာဖြစ်ပါတယ်။

အမေရိကန်နိုင်ငံသားတွေအနေနဲ့ တောင်ကိုရီးယားနဲ့ အီတလီက ဗိုင်းရပ်စ် ကူးစက်မှုပြင်းထန်နေတဲ့နေရာတွေကို ခရီးမသွားကြဖို့ အမေရိကန်အစိုးရက တိုက်တွန်းထားပြီး ခရီးသွားလာခွင့်ကန့်သတ်ထားမှုတွေကိုလည်း ဆက်လက်တိုးမြှင့်ဖို့ရှိနေပါတယ်။

WHO မှတ်တမ်းတွေအရ ဒီဗိုင်းရပ်စ်က ကမ္ဘာ့နိုင်ငံပေါင်း ၅၇ နိုင်ငံမှာ ပျံ့နှံ့နေပြီး လူပေါင်း ၈၅,၀၀၀ ကျော်ကို ကူးစက်ခံထားရသလို သေဆုံးမှုပေါင်း ၃,၀၀၀ ကျော်လာပါပြီ။ အများဆုံးသေဆုံးထားတာကတော့ ဒီဗိုင်းရပ်စ် စတင်ပျံ့နှံ့ခဲ့တဲ့ တရုတ်နိုင်ငံမှာဖြစ်ပါတယ်။