ပလက်ဝ တိုက်ပွဲ- အေအေ ပွိုင့်ကုန်းတစ်ခုက ဆုတ်ခွာ

ချင်းပြည်နယ် ပလက်ဝမြို့နယ်မှာ တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေပြီး အေအေ ရက္ခိုင့်တပ်တော်က ပွိုင့်ကုန်း တစ်ခုကနေ ဆုတ်ခွာပေးလိုက်ရတယ်လို့ နှစ်ဖက်ပြောခွင့်ရသူတွေက ဘီဘီစီကို အတည်ပြုပါတယ်။

ပလက်ဝမြို့နယ် အတွင်း အေအေ နေရာယူထားတဲ့ ပွိုင့် ၉၆၉ တောင်ကုန်းကို တပ်မတော်ကနေ ဇန်နဝါရီ ၃၁ ရက်မှာ ဂျက်တိုက်လေယာဉ်၊ ရဟတ်ယာဉ်တွေ အပါအဝင် မြေပြင်ကပါ ထိုးစစ်ဆင်ခဲ့တဲ့ အတွက် အဲဒီတောင်ကုန်းကနေ ဆုတ်ခွာပေးလိုက်ရတယ်လို့ အေအေရဲ့ ပြောခွင့်ရသူ ခိုင်သုခက ပြောပါတယ်။

အဲဒီတိုက်ပွဲဖြစ်တဲ့နေရာကို ဇန်နဝါရီ ၂၄ ရက်လောက်က စပြီး ဝေဟင်ရော မြေပြင်ပါ ထိုးစစ်ဆင်ခဲ့တာ ဖြစ်တယ်၊ ၃၁ ရက်နေ့မှာတော့ ပွိုင့် ၉၆၉ ကုန်းကနေ မလှမ်းမကမ်းနေရာကို အေအေတပ်က ယာယီ ရွှေ့ပြောင်းထားခဲ့တယ်လို့ သူက ပြောပါတယ်။

ဒီလို ဆုတ်ခွာခဲ့တာဟာ အဲဒီတိုက်ပွဲအတွင်း နှစ်ဖက်စလုံးက အထိအခိုက်အကျအဆုံးရှိလို့ အထိအခိုက်မရှိအောင် ယာယီရွှေ့ပြောင်းတာလို့ သူက ပြောပါတယ်။

အေအေကို ထိုးစစ်ဆင်ဖို့ အတွက် နောက်ထပ် တပ်ရင်းတွေကို လက်နက် အင်အားနဲ့ လူအင်အားနဲ့ တပ်မတော်က ရခိုင်မှာ တိုးချဲ့နေတယ်လို့ ခိုင်သုခက ပြောထားပေမယ့် ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ဒီအပေါ်မှာ ငြင်းဆိုပါတယ်။

ပလက်ဝမြို့နယ် အတွင်း တိုက်ပွဲတွေ ဖြစ်ပွားနေတာကိုတော့ တပ်မတော် သတင်းမှန် ပြန်ကြားရေး အဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက အတည်ပြုသလို ယာယီစခန်းကုန်းကို တစ်ခုကို ရရှိတယ်လို့လည်း ပြောပါတယ်။

၃၀ ရက်နဲ့ ၃၁ ရက်မှာ တိုက်ပွဲ ဖြစ်ခဲ့ပြီး အေအေဘက်က ယာယီနေရာတစ်ခု တပ်မတော်ဘက်က ရထားတာရှိတယ်လို့ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောပါတယ်။

ပလက်ဝမြို့နယ်မှာ တိုက်ပွဲတွေဖြစ်ပွားနေသလို ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် အမျှက်တောင်ကျေးရွာအနီးမှာလည်း ဖေဖော်ဝါရီ ၁ ရက် မနက်က ၁၀ နာရီ ကနေ မွန်းလွဲ ၂ နာရီထိ တိုက်ပွဲ အပြင်းအထန်ဖြစ်ပွားခဲ့ပြီး ရသေ့တောင်မြို့ပေါ်က အမြောက်ကြီးတွေနဲ့ပါ လှမ်းပစ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။