ကလေး ၁ ဦး အပါအဝင် လူ ၃ ဦးသေဆုံးတဲ့ ပလက်ဝ ခရီးသည် စက်လှေ ပစ်ခတ်မှု တပ်နဲ့ အေအေ အပြန်အလှန် စွပ်စွဲ

ဒီဇင်ဘာ ၁၀ ရက်နေ့မှာ ချင်းပြည်နယ် တောင်ပိုင်း ပလက်ဝမြို့နယ်ကနေ ကုလားတန်မြစ် အထက်ပိုင်း တောင်ပြိုကျေးရွာကို သွားတဲ့ ခရီးသည်တင် စက်လှေတစ်စီးဟာ မြစ်ညာဘက်ကို ဆန်တက်စဉ် နှုန်းဘူးကျေးရွာ အရောက်မှာ လက်နက်ကြီးနဲ့ ပစ်ခတ်ခံရတာကြောင့် ကလေးတစ်ဦးအပါအဝင် လူသုံးဦး သေဆုံးခဲ့ပါတယ်။

သေဆုံးသူများမှာ အသက်နှစ်နှစ်ကျော် အရွယ် ရခိုင်လူမျိုး ကလေးငယ်တစ်ဦး၊ အသက် ၁၈ နှစ်အရွယ် မရာလူမျိုး အမျိုးသမီး တစ်ဦးတို့ စက်လှေပေါ်မှာ ပွဲချင်းပြီး သေဆုံးသွားခဲ့ပြီး ဒဏ်ရာပြင်းထန် တဲ့ အသက် ၃၂ နှစ်အရွယ် အမျိုးသားတစ်ဦး ဟာ ပလက်ဝ ဆေးရုံမှာ ထပ်မံသေဆုံးသွားခဲ့ပါတယ်။

ဒါ့အပြင် စက်လှေသမား အပါအဝင် ခရီးသည် တချို့လည်း ထိခိုက်ဒဏ်ရာ တွေရရှိခဲ့ပါတယ်။

ဒီဖြစ်စဉ်နဲ့ ပတ်သက်လို့ တပ်မတော်ဘက်က အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းဦးစီး ပထမတန်း ဗိုလ်မှူးကြီး ဝင်းဇော်ဦးကို မေးကြည့်တော့ " တိုက်ပွဲနဲ့ မဆိုင်ဘူးဗျ၊ စက်လှေက နှုန်းဘူးဘက်ကနေ အနောက်ဘက်ကမ်း၊ ရွာဘက်ခြမ်းကို ကပ်တဲ့အခါမှာ ရွာဘက်ကနေပြီးတော့မှ အေအေက အာပီဂျီနဲ့ ပစ်တာ၊ အာပီဂျီနဲ့ ပစ်တော့ လှေကိုမှန်ပြီး တစ်ယောက် ရေထဲပြုတ်ကျသွားတယ်။ သုံးယောက်သေတယ်။ ပြီးရင် ခြောက်ယောက်ဒဏ်ရာရတယ် " လို့ ဘီဘီစီကို ပြောပါတယ်။

အဲဒီစက်လှေဟာ တောင်ပြိုကနေပြီးတော့ ပလက်ဝကို ဆင်းလာတာ ဖြစ်ပြီး စက်လှေပေါ်မှာ ပါလာသူတွေဟာ ခမီနဲ့ ချင်းလူမျိုးတွေ ဖြစ်နိုင်တယ်လို့ ဗိုလ်မှူးကြီးဝင်းဇော်ဦးက ဆိုပါတယ်။

ရက္ခိုင့်တပ်မတော် အေအေရဲ့ ပြောခွင့်ရသူ ခိုင်သုခကို ဘီဘီစီက ဆက်သွယ်မေးမြန်းတဲ့အခါ အခု ဖြစ်ပွားတဲ့ နှုန်းဘူးကျေးရွာရဲ့ တစ်ဖက်ကမ်းမှာ တပ်မတော်ရဲ့ စစ်ဗျုဟာတစ်ခု ရှိပြီး အဲဒီရဲ့ အောက်ဘက်မှာ ရှိတဲ့ ခလရ ၂၈၉ တပ်ရင်းကနေ ပစ်ခတ်တာဖြစ်တယ်လို့ ဆိုပါတယ်။

ဒီစက်လှေ ပစ်ခတ်ခံရတာနဲ့ ပတ်သက်လို့ တပ်မတော်ကော အေအေဘက်ကပါ သူတို့ လက်ချက်မဟုတ်ကြောင်း ငြင်းဆိုထားပါတယ်။

ဒါ့အပြင် အေအေတပ်ဖွဲ့ဝင်တွေဟာ ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း ပလက်ဝကနေ တောင်ပြိုကို ပြေးဆွဲနေတဲ့ စက်လှေတစ်စီပေါ်က ရိက္ခာတွေကို ယူဆောင်သွားခဲ့တဲ့ အပေါ် အေအေဘက်က ငြင်းဆိုပါတယ်။

ပြည်သူတွေပိုင်ဆိုင်တဲ့ ပစ္စည်းတွေကို သဘောမတူဘဲ ယူဆောင်ခြင်းမပြုဖို့ တင်းကျပ်တဲ့ စည်းကမ်းချက်တွေ ထုတ်ပြန်ထားသလို တန်ရာ တန်ကြေးပေးပြီး ဝယ်ယူတာသာ ရှိကြောင်းနဲ့ တပ်မတော်စစ်ကြောင်းက အရပ်သား စက်လှေ တွေကို အသုံးပြုပြီး သယ်ယူနေတဲ့ ရိက္ခာတွေကိုသာ သိမ်းဆည်းထားတာ ရှိကြောင်း ခိုင်သုခက ပြောပါတယ်။

ပစ်ခတ်ခံလိုက်ရတဲ့ စက်လှေဟာ ဒီဇင်ဘာ ၁၀ရက်နေ့ မနက်ပိုင်း ၇ နာရီမှာ ပလက်ဝမြို့ကနေ တောင်ပြိုကို တက်သွားခဲ့တာ ဖြစ်ပြီး နှုန်းဘူးကျေးရွာကို အရောက် ၁၁ နာရီလောက်မှာ ပစ်ခံလိုက်ရတာလို့ စက်လှေပိုင်ရှင်က ဘီဘီစီကို အတည်ပြုပါတယ်။

" ပထမက ဒုံးကျည်နှစ်လုံးဟာ ဘုတ်ရှေ့မှာကျတယ်။ အဲဒီတော့ ဘုတ်ကို နှုန်းဘူးမှာ ကပ်လိုက်တယ်။ လူတွေကို ကမ်းပေါ်တက်ခိုင်းတယ်။ ပုန်းဖို့ ခိုဖို့ ရအောင်တွက်ပါ ။ အဲဒီမယ် တတိယမြောက် အလုံးက ဘုတ်မှာလာထိပါတယ်။ ဘုတ်ထဲမှာသေတာက ကလေးတစ်ယောက်နဲ့ မိန်းမတစ်ယောက် ၊ နောက် ၇ ယောက် ဒဏ်ရာ ရတယ်။ နှုန်းဘူးရွာ တစ်ဖက်ကမ်း အရှေ့ဘက်က လာတဲ့ ကျည်ပါ " လို့ စက်လှေပိုင်ရှင်က ပြောပါတယ်။

သေဆုံးသူ သုံးဦးထဲက အသက်၂ နှစ်ကျော်အရွယ်ကလေးနဲ့ အသက် ၃၂ နှစ်အရွယ် အမျိုးသားတို့မှာ သားအဖနှစ်ဦးဖြစ်ပြီး မိခင်ဖြစ်သူမှာလည်း ဒဏ်ရာရခဲ့ပါတယ်။

သေဆုံးသူ အမျိုးသားဟာ ပလက်ဝမြို့နယ် တရော်အိုင်ကျေးရွာ စာသင်ကျောင်းမှာ တာဝန်ကျနေတဲ့ အထွေထွေ ဝန်ထမ်းဖြစ်ပြီး ဒဏ်ရာရခဲ့တဲ့ ဇနီးသည်ကတော့ ကျောင်းဆရာမတစ်ဦးဖြစ်ပါတယ်။

စက်လှေပေါ်မှာ ခရီးသည် ၁၈ ဦး၊ စက်လှေသမား ၃ ဦးပါဝင်ပြီး ဒီလို ပစ်ခတ်မှုကြောင့် ထပ်ပြီး လိုင်းပြေးဆွဲဖို့ မသေချာတော့ဘူးလို့ စက်လှေပိုင်ရှင်က ပြောပါတယ်။

အခု ဒီဇင်ဘာလအတွင်း တိုက်ပွဲတွေ ပြင်းထန် လာနေပြီး အရပ်သား ထိခိုက်မှုတွေလည်း နေ့စဉ်လိုလို ဖြစ်ပွားလျက်ရှိနေကြောင်း နဲ့ ရခိုင်စစ်ပွဲ တစ်နှစ်တာ ကာလ အတွင်း အရပ်သား သေဆုံးမှု ၉၇ ဦးခန့်၊ ထိခိုက်ဒဏ်ရာရသူ ၁၄၀ ကျော်ခန့်နဲ့ နေရပ်စွန့်ခွာ ထွက်ပြေးနေသူ ၉ သောင်းကျော်ထိ ရှိလာနေပြီး ဖမ်းဆီးခံရသူ ၅၀ဝ ကျော်အထိ ရှိနေပြီလို့ အရပ်ဖက်အဖွဲ့အစည်းတွေရဲ့ စာရင်းဇယား အရ သိရပါတယ်။