တရုတ်ခရီးသွားတွေကို ဆိုက်ရောက်ဗီဇာ ခေတ္တဆိုင်းငံ့ရေး ညှိနှိုင်းမယ်

တရုတ်နိုင်ငံ ဝူဟန်မြို့က စတင်ဖြစ်ပွားခဲ့တဲ့ ကိုရိုနာ ဗိုင်းရပ်စ်ကြောင့်ဖြစ်တဲ့ အဆုတ်ရောင်ရောဂါကြောင့် သေဆုံးသူ ၁၃၀ ထိရှိလာပြီး ကူးစက်တဲ့ နိုင်ငံ အနည်းဆုံး ၁၆ နိုင်ငံအထိ တိုးလာချိန်မှာ မြန်မာကို လာရောက်တဲ့ တရုတ်ခရီးသွားတွေကို ဆိုက်ရောက်ဗီဇာထုတ်ပေးတာ ခေတ္တဆိုင်းငံ့ဖို့ နိုင်ငံခြားရေး ဝန်ကြီးဌာနနဲ့ ညှိနှိုင်းမယ်လို့ ကျန်းမာရေး ဝန်ကြီးက ပြောပါတယ်။

နေပြည်တော်မှာ ဇန်နဝါရီလ ၂၉ ရက်မှာ လုပ်တဲ့ ကိုရိုနာ အဆုတ်ရောင် ရောဂါ ကာကွယ်ရေး အစည်းအဝေးမှာ ကျန်းမာရေးဝန်ကြီး ဒေါက်တာမြင့်ထွေးက ပြောတာဖြစ်ပါတယ်။

အဆုတ်ရောင်ရောဂါ ကာကွယ်ရေးအတွက် လေဆိပ်တွေနဲ့ နယ်စပ်ဝင်ပေါက်တွေမှာ ကျန်းမာရေး စစ်ဆေးတဲ့ ကိရိယာတွေနဲ့ စစ်ဆေးနေတယ်လို့ ကျန်းမာရေး ဌာနက ပြောထားအပြီး အခုလို ခရီးသည်တွေ ဝင်ရောက်တာကို ကန့်သတ်မှုကို ထပ်မံပြင်ဆင်လာတာဖြစ်ပါတယ်။

တရုတ်နိုင်ငံ ဝူဟန်က လေယာဉ်တစ်စင်း ဇန်နဝါရီ ၂၃ရက်နေ့မှာ ရန်ကုန်မြို့ကို နောက်ဆုံး ဆိုက်ရောက်လာခဲ့ပြီး အဲဒီမှာပါလာတဲ့ ခရီးသည်တွေမှာ သံသယလူနာမတွေ့ရဘူးလို့ ကျန်းမာရေး ဝန်ကြီးဌာနက ပြောခွင့်ရသူက ပြောထားခဲ့ပါတယ်။

တရုတ် ခရီးသွားတွေ အဝင်အထွက်များပြားတဲ့ မန္တလေးလေဆိပ်မှာတော့ လောလောဆယ် ကိုယ်အပူချိန် စစ်ဆေးတဲ့ စက်တစ်လုံးအပြင် နောက်ထပ်တစ်လုံး ထပ်မံတပ်ဆင်စစ်ဆေးဖို့ လုပ်ခဲ့တယ်လို့ တိုင်းဒေသကြီး အဆုတ်ရောင်ရောဂါ စောင့်ကြည့်စစ်ဆေးကုသရေး ကြီးကြပ်မှု ကော်မတီ အတွင်းရေးမှူး၊ တိုင်း ပြည်သူ့ကျန်းမာရေးနှင့် ကုသရေး ဦးစီးဌာနမှူး ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသန်းသန်းမြင့်က ဘီဘီစီကိုပြောပါတယ်။

သံသယလူနာတွေ့ရှိမယ်ဆိုရင်လည်း ပုံမှန်ဝင်ထွက်ပေါက်က မဟုတ်ဘဲ သီးသန့်ထွက်ပေါက်ကနေ ထွက်ဖို့ ကြိုတင်ပြင်ဆင်ထားတယ်လို့လည်း သူက ပြောပါတယ်။

တရုတ်ခရီးသွား ၇၃ ယောက်ကို ဇန်နဝါရီ ၂၈ ရက်မှာ တရုတ်နိုင်ငံက သီးခြား လေယာဉ်နဲ့ ပြန်လည်ခေါ်ယူသွားတာဟာ ပုံမှန်အတိုင်း တရုတ်နိုင်ငံပြန်ရမယ့် အချိန်မှာ အဆုတ်ရောင်ရောဂါကူးစက်မှုကြောင့် လေယာဉ်အသွားအလာတွေ ရပ်ဆိုင်းသွားပြီး မန္တလေးမှာ ကျန်နေသူတွေကို လာခေါ်သွားတာဖြစ်တယ်လို့လည်း ဒေါက်တာသန်းသန်းမြင့်က ပြောပါတယ်။

တရုတ်နိုင်ငံ ဝူဟန်မြို့မှာ ပညာသင်ကြားနေတဲ့ မြန်မာကျောင်းသား ၆၀ လောက်ကို ပြန်ခေါ်ဖြစ်ခဲ့မယ်ဆိုရင်လည်း သူတို့ကို ၆၂ လမ်းက ကန်တော်နဒီ ကူးစက်ဆေးရုံမှာ ၁၄ ရက် သီးသန့် ထားရှိ (Quarantine) ပြီး စောင့်ကြပ်ကြည့်ရှုဖို့ ပြင်ဆင်ထားတယ်လို့ ပြောပါတယ်။

အဆုတ်ရောင်ဂါ ကူးစက်မှုတွေ့ရှိတာ တိုးလာတဲ့ အချိန်မှာ တရုတ်နိုင်ငံကို သွားလာတဲ့ လေကြောင်းခရီးစဉ်တချို့ကို ရပ်နားတယ်လို့ ကြေညာတဲ့နိုင်ငံတွေလည်း တိုးလာခဲ့ပါတယ်။

မြန်မာနိုင်ငံက Air KBZ နဲ့ MAI လေကြောင်းလိုင်းတို့ကလည်း တရုတ်နိုင်ငံ ပျံသန်းမယ့် စင်းလုံးဌားလေယာဉ်တွေကို ဇန်နဝါရီလ ၃၁ ရက်ကစပြီး ခေတ္တရပ်ဆိုင်းထားမယ်လို့ ကြေညာထားကြပါတယ်။

ယူကေ၊ ဂျာမနီ၊ အင်ဒိုနီးရှားနဲ့ နီပေါနိုင်ငံတို့က လေကြောင်းလိုင်း တချို့ တရုတ်နိုင်ငံကို ပျံသန်းတာကို ခေတ္တရပ်ဆိုင်းမယ်လို့ AFP သတင်းအရ သိရပါတယ်။

ကာဇက်စတန်နိုင်ငံကတော့ လေယာဉ်ခရီးစဉ်တွေ ရပ်ဆိုင်းထားပြီး တရုတ်ခရီးသွားတွေကို ဗီဇာထုတ်ပေးထား ဆိုင်းငံ့ထားပါတယ်။

အမေရိကန်၊ ဗြိတိန်နဲ့ ဂျာမနီ နိုင်ငံတွေကလည်း သူတို့နိုင်ငံသားတွေကို တရုတ်နိုင်ငံကို မလိုအပ်ဘဲ ခရီးမသွားလာကြဖို့ အကြံပေးထားပါတယ်။