တရုတ်ခရီးသွားအမျိုးသမီးတစ်ဦး ကိုယ်ပူချိန်မြင့်တက်တာတွေ့လို့ စောင့်ကြည့်

တရုတ်နိုင်ငံ ၊ ဟူဘေးပြည်နယ်ထဲက ဝူဟန်မြို့မှာ စတင်တွေ့ရှိခဲ့တဲ့ အသက်ရှုလမ်းကြောင်းထိခိုက်စေတဲ့ ဗိုင်းရပ်စ်ပိုး အသစ် ကိုရိုနာဗိုင်းရပ်စ်ဟာ အခုဆိုရင် သေဆုံးသူ ၄၁ ယောက်ရှိသွားပြီဖြစ်ပါတယ်။

ဒါ့အပြင် ဒီရောဂါပိုးဟာ လူပေါင်း တထောင်ကျော်ကို ကူးစက်ခံထားရသလို ထိုင်း၊ ဂျပန်၊ တောင်ကိုးရီးယား အပါအဝင် နိုင်ငံ ၁၈ နိုင်ငံမှာ ဒီရောဂါပိုး ကူးစက်ခံရသူတွေကို တွေ့ရှိနေရပါတယ်။

ထိုင်း-မြန်မာနယ်စပ်ဒေသဖြစ်တဲ့ တာချီလိတ်မြို့မှာလည်း နယ်စပ်ဝင်ပေါက်ဂိတ်မှာ အပူချိန်တိုင်းတဲ့ စက်တွေနဲ့ တိုင်းတာ စောင့်ကြည့်နေတယ်လို့ တာချီလိတ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးချမ်းမြေ့စောက ဘီဘီစီကို ပြောပါတယ်။

ဇန်နဝါရီ ၂၄ ရက်နေ့ကတော့ တရုတ်နိုင်ငံ ယူနန်ပြည်နယ်ထဲက တရုတ်နိုင်ငံသား ၄၀ ပါဝင်တဲ့ ခရီးသွားအဖွဲ့မှာ ကိုယ်ပူချိန်မြင့်တက်တဲ့ အမျိုးသမီးတစ်ဦးကို တာချီလိတ်မြို့ ထိုင်း-မြန်မာချစ်ကြည်ရေး တံတား မှာ အပူချိန်တိုင်းတာတုန်းတွေ့ရှိတာကြောင့် စောင့်ကြည့်နေတယ်လို့ တာချီလိတ် ခရိုင်ဆေးရုံအုပ်ကြီး ဒေါက်တာ ရွှေဝင်းက ဘီဘီစီကို ပြောပါတယ်။

ဒေါက်တာရွှေဝင်းက " အပူချိန်ဆိုပေမယ့် ကျွန်တော်တို့ ဂိုဒ်လိုင်းနဲ့တော့ မညီပါဘူး။ မညီပေမယ့် အာရုံစိုက်နေတာဆိုတော့ စောင့်ကြည့်တဲ့ အနေအထားထဲထည့်လိုက်တာပါ။ သူက ၃၇.၈ စင်တီဂရိတ်ပဲရှိတယ်။ သာမန်အပူချိန်ထက် နည်းနည်း မြင့်တာပဲရှိတာပါ။ ကျွန်တော်တို့ ဂိုဒ်လိုင်းထဲမှာ ၃၈ ဒီဂရီစင်ဒီဂရိတ်နဲ့ အထက် ပါ။" လို့ ပြောပါတယ်။

အခု စောင့်ကြည့်နေတဲ့ အမျိုးသမီးဟာ ကိုရိုနာဗိုင်းရပ်စ်ရောဂါရဲ့ လက္ခဏာ နှာစီးချောင်းဆိုး အသက်ရှုကြပ် တဲ့ လက္ခဏာ မရှိတဲ့အပြင် ဗိုင်းရပ်စ် သက်ရောက်နေတဲ့ နယ်မြေတွေကလည်း လာတာ မဟုတ်တဲ့အတွက် သံသယလူနာအဖြစ်လို့တောင် သတ်မှတ်လို့ မရဘူးလို့ ဒေါက်တာ ရွှေဝင်းက ဆိုပါတယ်။

အဲဒီတရုတ်နိုင်ငံသား ၄၀ ပါဝင်တဲ့ အဖွဲ့ဟာ တရုတ်နိုင်ငံ ယူနန်ကတဆင့် လာအိုနဲ့ ထိုင်းနိုင်ငံကို ဖြတ်သန်းကာ မြန်မာနိုင်ငံ ကိုဝင်ရောက်လာတာ ဖြစ်ပါတယ်။

အခုနယ်စပ်ဝင်ပေါက်တွေမှာ အဖျားတိုင်းတာတွေ လုပ်ဆောင်ပြီးရောဂါဖြစ်ပွားတဲ့ တရုတ်နိုင်ငံ ဝူဟန်ကို သွားလာဖူးခြင်းရှိမရှိ၊ ပြင်းထန်တဲ့ အဆုတ်ရောင်ရောဂါ ကိုရိုနာ ဗိုင်းရပ်စ်နဲ့ ပတ်သက်လို့ လက္ခဏာရှိမရှိကို တာချီလိတ်ခရိုင် ကျန်းမာရေး ဌာနက စစ်ဆေးနေတယ်လို့ တာဝန်ရှိသူတွေက ဘီဘီစီကို ပြောပါတယ်။

ဇန်နဝါရီ ဒုတိယအပတ်က စပြီး မြန်မာနိုင်ငံရဲ့ နယ်စပ်ဂိတ်ဖြစ်တဲ့ မူဆယ် ၊ မြဝတီ၊ တာချီလိတ် သုံးနေရာမှာ ThermaL Scanner တွေ၊ Non - Contact Thermometer တွေနဲ့ ဝင်လာတဲ့ ခရီးသည်တွေရဲ့ ကျန်းမာရေး အခြေအနေကို စစ်ဆေး စောင့်ကြပ် ကြည့်ရှုနေတယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။