ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
အောင်ရဲထွေးအမှု စွပ်စွဲခံ ၃ ဦးကို ပုဒ်မပြောင်းပြီး ကျပ် သိန်း ၃၀၀ နဲ့ အာမခံပေး
ထိုးကြိတ် ကန်ကျောက်ခံရတဲ့ ဒဏ်ရာတွေကြောင့် သေဆုံးခဲ့ရတဲ့ သရုပ်ဆောင် အောင်ရဲထွေး အမှုမှာ သံသယတရားခံ ၃ ဦးဖြစ်တဲ့ သားကြီး (ခ) သန်းထွဋ်အောင်၊ ပြည့်ဖြိုးအောင် (ခ) အောင်လေး၊ ကျော်ဇော်ဟန် (ခ) ကျော်ဇော တို့ကို ငွေကျပ် သိန်း ၃၀၀ နဲ့ ရန်ကုန် အရှေ့ပိုင်းခရိုင်တရားရုံးက ဒီဇင်ဘာလ ၂၄ ရက်နေ့ ရုံးချိန်းမှာ အာမခံပေးလိုက်ပါတယ်။
"တစ်ဦးကို သိန်း ၁၀၀ စီနဲ့ ၃ ယောက်အတွက် စုစုပေါင်း ငွေကျပ် သိန်း ၃၀၀ နဲ့ အာမခံပေးလိုက်တယ်" လို့ အရှေ့ပိုင်းခရိုင်တရားရုံး ပြန်ကြားရေးအရာရှိ ဦးကျော်စိုးက တရားရုံးအမိန့်အပြီးမှာ မီဒီယာတွေကို ပြောခဲ့ပါတယ်။
သရုပ်ဆောင် အောင်ရဲထွေးဟာ ၂၀၁၇ ဒီဇင်ဘာ ၁၃ ရက်နေ့က The One Entertainment Park မှာ ပြုလုပ်ခဲ့တဲ့ နှစ်သစ်ကူးဖျော်ဖြေပွဲညမှာ သူ့ကို လူတစုက ဝိုင်းဝန် ထိုးကြိတ်၊ သံထိပ်ဖူးရှိတဲ့ ဖိနပ်နဲ့ကန်၊ Vodka ပုလင်းနဲ့ ရိုက်နှက်ခဲ့တာဖြစ်ပြီး အဲ့ဒီဒဏ်ရာတွေကြောင့် ရန်ကုန်ဆေးရုံကြီးမှာ ကွယ်လွန်ခဲ့ပါတယ်။
ဒီနောက်တော့ အုပ်စုဖွဲ့ ရိုက်နှက်ခဲ့သူ ၃ ဦးက ရဲစခန်းမှာ လာရောက်အဖမ်းခဲ့ပါတယ်။
ဒါပေမဲ့လည်း အမှုကို အရှေ့ပိုင်းခရိုင်တရားရုံးက ၆ လ ကြာ စစ်ဆေးခဲ့ပြီးနောက် စွပ်စွဲခံရသူတွေကို ပုဒ်မ ၄၉၄ (က) အရ အမှုကျေအေးပေးလိုက်တယ်ဆိုပြီး သံသယတရားခံတွေကို ပြန်လွှတ်ပေးခဲ့တာမို့ ဝေဖန်မှုတွေ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်လာခဲ့ပါတယ်။
အောင်ရဲထွေးကို ထိုးကြိတ် ကန်ကျောက်ခဲ့သူ ၃ ဦးကို အစတုန်းကတော့ လူသတ်မှု၊ လူသတ်ရန်အားပေး ကူညီမှု ပုဒ်မတွေနဲ့ တရားစွဲထားခဲ့ပေမယ့် ဒီဇင်ဘာ ၁၃ ရက်နေ့မှာတော့ တရားရုံးက မူလအမိန့်တွေကို ပယ်ဖျက်ပြီး အပြင်းအထန် နာကျင်စေမှု ပုဒ်မ ၃၂၅ နဲ့ ပြောင်းလဲ စွဲချက်တင်ဖို့ အမိန့်ချမှတ်ခဲ့ပါတယ်။
"နာကျင်စေမှုက အာမခံပေးလို့ရတဲ့ ပုဒ်မလေ၊ ခံဝန်ခိုင်လုံဆိုရင် ပေးရမှာပဲ၊ အာမခံပေးနိုင်တဲ့အမှု အာမခံပေးတာပဲ ဖြစ်တယ်" လို့ သံသယတရားခံ တစ်ဦးရဲ့ ရှေ့နေ ဦးချစ်ကိုကိုက ဘီဘီစီကို ပြောပါတယ်။
အဲ့ဒီနောက် အမှုစစ်ဆေးရာမှာပါတဲ့ ရန်ကုန်တိုင်းဒေသကြီး ဥပဒေချုပ် ဦးဟန်ထူး၊ တိုင်းဒေသကြီး ဥပဒေအရာရှိ ဦးသိန်းဇော်၊ အရှေ့ပိုင်းခရိုင် ဥပဒေအရာရှိ ဦးကိုကိုလေး၊ ဒုတိယခရိုင် ဥပဒေအရာရှိ ဒေါ်သစ်သစ်ခင်၊ ခရိုင်တရားသူကြီး ဦးအောင်ကြည်နဲ့ ရွှေပါက္ကံနယ်မြေစခန်းမှူး (ယခင် သုဝဏ္ဏနယ်မြေ စခန်းမှူး) ရဲအုပ် ချစ်ကိုကို တို့ ၆ ဦးဟာ စွပ်စွဲခံရသူတွေရဲ့ မိသားစုထံက လာဘ်ယူခဲ့တယ်ဆိုပြီး အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်က ထုတ်ပြန်ခဲ့ပါတယ်။
ဒီနောက် ၂၀၁၈ စက်တင်ဘာ ၂၅ ရက်နေ့ကတည်းက တိုင်းဒေသကြီးတရားလွှတ်တော်ရုံးမှာ စတင် စွဲဆိုခဲ့ပါတယ်။
"၆ ဦးလုံးကို တရားစွဲတင်ဖို့ လွှဲပေးလိုက်ပြီးပါပြီ၊ ရန်ကုန်တိုင်းဒေသကြီး တရားလွှတ်တော်ရုံးမှာ စစ်ဆေးဆဲ အခြေအနေပဲ ရှိပါသေးတယ်" လို့ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင် အဖွဲ့ဝင် ဦးကျော်စိုးက ပြောပါတယ်။