ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
မူလတရားရုံး အမိန့်ကို ရန်ကုန်တိုင်းတရားလွှတ်တော်က ပယ်ဖျက်ပစ်တဲ့ အောင်ရဲထွေး အမှု
၂၀၁၇ ဒီဇင်ဘာ ၃၁ ရက်ည နှစ်သစ်ကူး ပါတီပွဲမှာ ထိုးကြိတ် ကန်ကျောက်မှုဒဏ်ရာကြောင့် ရန်ကုန်ဆေးရုံကြီးမှာ ကွယ်လွန်သွားခဲ့တဲ့ ဟာသ သရုပ်ဆောင် အောင်ရဲထွေး အမှုကို ပြန်လည် စစ်ဆေး နေရာမှာ ရန်ကုန်တိုင်း တရားလွှတ်တော်က ၂၀၁၉ ဒီဇင်ဘာ ၁၃ရက်နေ့မှာ မူလတရားရုံး အမိန့်ကို ပယ်ဖျက်ပြီး ပြောင်းလဲ စွဲချက်တင်ဖို့ အမိန့် ချမှတ်လိုက်ပါတယ်။
အုပ်စုဖွဲ့ ရိုက်နှက်ခံရလို့ သေဆုံးသွားခဲ့တဲ့ ဟာသ သရုပ်ဆောင် အောင်ရဲထွေး အမှုမှာ တရားခံတွေ အဖြစ် ရဲစခန်းမှာ လာရောက် အဖမ်းခံခဲ့သလို ၊ တရားခံ အဖြစ် စွပ်စွဲခံရတဲ့ ကျော်ဇော ခေါ် ကျော်ဇောဟန်၊ သန်းထွဋ်အောင် ခေါ် သားကြီးနဲ့ ပြည့်ဖြိုးအောင် ခေါ် အောင်လေးတို့ သုံးယောက်စလုံးကို ရန်ကုန် အရှေ့ပိုင်းခရိုင် တရားရုံးမှာ ခြောက်လကြာ စစ်ဆေးခဲ့ပြီးနောက် ရာဇဝတ်ကျင့်ထုံး ဥပဒေ ပုဒ်မ ၄၉၄ (က) အရ စွပ်စွဲခံရသူတွေကို ပြန်လည် လွှတ် ပေးခဲ့တဲ့ အတွက် အငြင်းပွားစရာတွေ ထွက်ပေါ်ခဲ့ပါတယ်။
အဲဒီနောက် ဒီအမှု စစ်ဆေးရာမှာ ပါဝင်ခဲ့တဲ့ ရန်ကုန်တိုင်း ဒေသကြီး ဥပဒေချုပ် ဦးဟန်ထူး၊ ရန်ကုန်တိုင်း ဒေသကြီး ဥပဒေအရာရှိ ဦးသိန်းဇော်၊ ရန်ကုန်အရှေ့ပိုင်းခရိုင် ဥပဒေအရာရှိ ဦးကိုကိုလေး၊ ဒုတိယခရိုင် ဥပဒေအရာရှိ ဒေါ်သစ်သစ်ခင်၊ ဒုတိယခရိုင် တရားသူကြီး ဦးအောင်ကြည်နဲ့ ရွှေပေါက္ကံ နယ်မြေစခန်းမှူး (ယခင် သုဝဏ္ဏနယ်မြေ စခန်မှူး) ရဲအုပ်ချစ်ကိုကို တို့ကို အဂတိလိုက်စားမှုနဲ့ တိုင်တန်းတာတွေ ရှိလာတဲ့ အတွက် စစ်ဆေး စုံစမ်းဖို့ အဂတိ လိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်က သမ္မတဆီ ခွင့်ပြုချက် တောင်းခံခဲ့ရာ သမ္မတက ခွင့်ပြုခဲ့တဲ့ အတွက် ၂၀၁၉ စက်တင်ဘာ ၁၃ ရက်က သုဝဏ္ဏနယ်မြေ ရဲစခန်းမှာ တိုင်ကြားချက် ဖွင့်ပြီး တရားစွဲဆိုခဲ့ ပါတယ်။
ဒါ့အပြင် ၂၀၁၉ ဇန်နဝါရီမှာ တော့ အောင်ရဲထွေး အမှုမှာ စွပ်စွဲ ခံရသူ ၃ယောက် အနက် သန်းထွဋ်အောင် ခေါ် သားကြီး နဲ့ ပြည့်ဖြိုးအောင် ခေါ် အောင်လေး တို့ဟာ လက်သီးထိုး ကန်ကြောက် ဗော်ဒကာ ပုလင်းခွံနဲ့ ရိုက်နှက်ခြင်းကြောင့် သေဆုံးစေတယ်လို့ ဆိုကာ လူသတ်မှု ပုဒ် ၃၀၂( ၂ ) နဲ့ ကျော်ဇောဟန် ခေါ် ကျော်ဇော် ကိုတော့ အားပေး ကူညီမှု ဆိုပြီး လူသတ်ရန် အားပေးကူညီမှု ပုဒ်မ ၃၀၂( ၂ ) /၁၁၄ တို့နဲ့ အသီးသီး ပြောင်းလဲ စွဲချက် တင်ခဲ့တာ ဖြစ်ပါတယ်။
အဲဒီနောက် မူလ တရားရုံး အမိန့်ကို ပယ်ဖျက်ပေးဖို့ လျောက်ထားတဲ့ အမှုကို ရန်ကုန်တိုင်း ဒေသကြီး တရားလွှတ်တော်က ဒီဇင်ဘာ ၁၃ရက် နေ့ ပြီးခဲ့တဲ့ သောကြာနေ့မှာ သားကြီးနဲ့ အောင်လေးကို အပြင်းအထန် နာကျင်စေမှု ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၃၂၅ ၊ ကျော်ဇောဟန် ကိုတော့ ၃၂၅/၁၁၄ တို့နဲ့ ပြောင်းလဲဖို့ အမိန့်ချခဲ့တယ်လို့ ဥပဒေ ရေးရာ ကျွမ်းကျင်သူတွေက ပြောပါတယ်။
ပြည်ထောင်စု ရှေ့နေများနဲ့ ဥပဒေ အထောက်အကူပြုသူများ အဖွဲ့ ဥက္ကဌဋ္ဌ အမြင်
လူတယောက်သေလို့ လူသေတဲ့အလောင်းလဲရ ၊ သတ်တဲ့သူတွေကလည်း ရဲစခန်းမှာ သွားအဖမ်းခံခဲ့လို့ ၊ သတ်တဲ့လူလဲရှိ သေတဲ့လူလဲ ရှိနေတဲ့ အမှုမှာ ၊လာ အဖမ်းခံသူတွေကို ပြန်လွှတ်ပေးလိုက်လို့ ဒီအမှု စစ်ဆေးရာမှာ ပါဝင် ပတ်သက်သူတွေကို အဂတိမြောက်ကြောင်း သက်ဆိုင်ရာ ကော်မရှင်က စစ်ဆေးတွေ့ရှိထားတဲ့ အမှု ဖြစ်တယ်လို့ ပြည်ထောင်စု ရှေ့နေများနဲ့ ဥပဒေ အထောက်အကူပြုသူများအဖွဲ့ ဥက္ကဋ္ဌ ဦးကြီးမြင့်က ပြောပါတယ်။
ဒီလို လာဘ်ယူထားတဲ့ အမှုစစ်အရာရှိ စစ်ထားတဲ့ ပျက်နေတဲ့အမှုကို ရုပ်သိမ်းပြီး အမှုသစ် တည်ဆောက်ကာ စီအိုင်ဒီ ဖြစ်ဖြစ် ရဲအရာရှိ အသစ်နဲ့ ဖြစ်ဖြစ် အမှုကို ပြန်တည်ဆောက်သင့်တယ်လို့လည်းသူကပြောပါတယ်။
ဒီအတိုင်း ဆက်စစ်နေမယ် ဆိုရင်တော့ အထက်ရုံး အဆင့်ဆင့်မှာ အမှုပျက်ကြီးကို စစ်နေတာ ဖြစ်တဲ့ အတွက် အပေါ်ရုံးရောက်လို့ ပြန်လွှတ်ပေးခဲ့ရင် တရားဥပဒေ စိုးမိုးမှုကို ထိခိုက်နိုင်တယ် မဖြစ်သင့်ဘူးလို့ သူက ဆိုပါတယ်။
အခုတော့ ပျက်နေအောင် တည်ဆောက်ထားတဲ့အ မှုကို ၊လွှတ်တောင် ပြီးနေပြီ ဆိုတဲ့ အမှုကို ၊ပုဒ်မ ၃၂၅ နဲ့ ပြန်စွဲတာဟာ လူရိုသေ ရှင်ရိုသေ ဖြစ်အောင် လုပ်တဲ့ သဘော ဖြစ်နေတယ်လို့ သူက ထောက်ပြခဲ့ပါတယ်။
လက်ရှိ အခြေအနေမှာ ရှေ့နေချုပ်နဲ့ ဥပဒေရုံး အဆင့်ဆင့်က ဆောင်ရွက်နေတာကို သမ္မတက ၀င်စွက်ဖက်ခွင့် မရှိတဲ့ အတွက် ရှေ့နေချုပ်နဲ့ ဥပဒေရုံး အဆင့်ဆင့်က တာဝန်ရှိသူတွေက ဒီအမှုကို ရုပ်သိမ်းပြီး အမှုစစ် အသစ်နဲ့ စီအိုင်ဒီ ဖြစ်ဖြစ် အမှုစစ် အရာရှိ အသစ်တယောက်ယောက်နဲ့ ဖြစ်ဖြစ် အမှုကို စွဲတင်ဖို့ ဦးကြီးမြင့်က အကြံပေးထားပါတယ်။
လက်ရှိ လုပ်ဆောင်နေမှုဟာ အမှု အသစ်ကို ပြန်တည်ဆောက်သလား အရင် အမှုဟောင်းကို ပြန်စစ်ဆေး သလား ဆိုတာ သေသေချာချာ မသိရသေးပေမယ့် အသစ် တည်ဆောက်ပြီး စစ်ဆေး တာဆိုရင်လည်း ဘယ်လို တည်ဆောက်သလဲ ၊ ဘာကြောင့် အခုလို ပြောင်းလဲ စွဲချက်တင်ဖို့ အထိ ဖြစ်လာ ရသလဲ ဆိုတာတွေဟာ အံ့အားသင့်စရာဘဲလို့ ပြည်ထောင်စု ရှေ့နေများနဲ့ ဥပဒေ အထောက်အကူပြုသူများအဖွဲ့ ဥက္ကဋ္ဌက ပြောပါတယ်။
တကယ်လို့ လုပ်ထုံးလုပ်နည်း လွဲသွားခဲ့ရင် ဒီအမှု ပျက်သွားနိုင်တယ်လို့ ဆိုပြီး စစ်ဆေးမှုတွေဟာ ဥပဒေနဲ့ မညီဘဲ အမှုဟောင်းကို ပြန်စစ်ကာ ပြန်လွှတ်ပေးတာမျိုးတွေ ရှိလာခဲ့ရင် တရားဥပဒေကို အရမ်း ထိခိုက် စေမှာ ဖြစ်သလို လူထုကလည်း မြန်မာနိုင်ငံက တရားစီရင်မှု အပေါ် ထိတ်လန့် တုန်လှုပ်သွားလိမ့်မယ်လို့ သူက သတိပေးထားပါတယ်။
ဥပဒေ အကြံပေး ပညာရှင် တယောက်ရဲ့ သုံးသပ်ချက်
သရုပ်ဆောင် အောင်ရဲထွေး အမှုမှာ လူထု နားလည်မှုနဲ့ ဥပဒေရဲ့ သတ်မှတ်ချက် ကွာဟတဲ့ အတွက် တချို့ ဝေဖန်ချက်တွေမှာ ဒီအမှုဟာ တရားစွဲဆိုဖို့ ဆုံးဖြတ်ရာမှာ ပေါ့နေတယ်လို့ ထင်ကောင်း ထင်နိုင်တယ်လို့ ဥပဒေ အကြံပေး ဦးခင်မောင်မြင့် က ပြောပါတယ်။
တကယ်တမ်း အမှု တခု ဖြစ်လာရင် လူသတ်သူ တိတိကျကျ ပေါ်ပေါက်ဖို့ လိုသလို ဘယ်လို လက်နက်မျိုးသုံးခဲ့လို့ သေလောက်တဲ့ ဒဏ်ရာ ရပြီး သေဆုံးသွားသလဲ ဆိုတာကို ဥပဒေရှုထောင့်က ကြည့်လေ့ ရှိတယ်လို့ သူက ဆိုပါတယ်။
လူသတ်မှု ၊ လူသတ်ရန် ကြိုတင်ကြံရွယ်မှု ပုဒ်မတွေဖြစ်တဲ့ ၃၀၂( ၂ ) ၊ ၃၀၂( ၁ )တို့နဲ့ စွဲချက်တင်ထားတဲ့ အမှုမှာ တခါတရံ လူအုပ်စုလိုက် ၊ အများနဲ့ ခိုက်ရန်ဖြစ်တာမျိုး ဝိုင်းဝန်း ထိုးကြိတ် ရိုက်နှက်မှု ရှိခဲ့ရင် ဘယ်သူက ရိုက်နှက်သလဲ ၊ ဘယ်သူ လက်နက်ကြောင့် သေတာလဲ ဆိုတာမျိုး မပေါ်ပေါက်တဲ့ အခြေအနေမျိုး ကြုံ ရတဲ့ အခါမျိုးမှာ စွဲချက်တင်ခံရသူတွေမှာ နစ်နာနိုင်တဲ့ အတွက် ဒါမျိုး ဆိုရင် ပုဒ်မ ၃၂၅ ၊ ၃၂၆ တို့နဲ့ဘဲ စွဲချက်တင် စစ်ဆေးရမယ့်လို့ စီရင်ထုံးတွေ ရှိကြောင်း ဦးခင်မောင်မြင့် က ရှင်းပြပါတယ်။
လက်ရှိ အခြေအနေမှာ အောင်ရဲထွေး အမှုကို ပြောင်းလဲ စွဲချက်တင်ဖို့ ဆုံးဖြတ်မှုနဲ့ ပတ်သက်လို့ အချက်နှစ်ချက်ကို တွေ့ရှိရတယ်လို့ သူက ပြောပါတယ်။
ဥပဒေ အမြင်အရ သေဆုံးသူကို သေဆုံးတဲ့ ဒဏ်ရာ ရအောင် ဘယ်သူက ဘာလက်နက်နဲ့ လုပ်တာလဲ ထင်ထင်ရှားရှား မပေါ်ပေါက်ခဲ့ရင် ၃၂၅ ၊ ၃၂၆ တို့နဲ့ ပြောင်းလဲဖို့ စွဲချက်တင်ဖို့ စီရင်ထုံး ရှိတဲ့ အတွက် တရားဥပဒေကြောင်း အရ ညီညွတ်တယ်လို့ သူက ထောက်ပြပါတယ်။
တဖက်မှာလည်း ဒီအမှုကို ပထမဆုံး ပုဒ်မ ၃၀၂ နဲ့ တင်တုန်းက လူထုက ဝေဖန်တာ ၊ သမ္မတ ညွှန်ကြားချက်နဲ့ အမှုစစ် အရာရှိတွေကို အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်က စစ်ဆေး အရေးယူ ဆောင်ရွက်ထားတဲ့ ရှိတဲ့ အတွက် လက်ရှိ စစ်ဆေးနေတဲ့ အမှုကို တည်ဆောက်ရာမှာ လူသတ်မှုလား ၊ ဒီလို မပေါ်ပေါက်ဘဲ အပြင်းအထန် နာကျင်စေမှုလား ဆိုတာ အမှုကို စံနစ် တကျ ဘယ်လောက် ခိုင်မာအောင် တည်ဆောက် နိုင်ခဲ့သလဲ ဆိုတဲ့ အပေါ် မေးစရာ ဖြစ်နေတယ်လို့ သူက ဆိုပါတယ်။
သူတို့လို ပြင်ပ ဥပဒေ ပညာရှင်တွေ အနေနဲ့ အမှုတွဲကို မလေ့လာရ ၊ အချက်အလက်လဲ ကြည့်ခွင့်မရသလို တရားခွင်မှာလည်း ကြားနာထားတာ မရှိတဲ့ အတွက် လက်ရှိ ဆုံးဖြတ်ချက်တွေ အပေါ်မှာ မှတ်ချက် ပြုဖို့ ခက်ခဲလှတယ်လို့ ဥပဒေ အကြံပေး ဦးခင်မောင်မြင့် က ပြောပါတယ်။
ဒါကြောင့် ဒီအမှုဟာ ဥပဒေနဲ့ ကိုက်ညီမှု ရှိရဲ့လား ဒါမှမဟုတ် အမှုကို ခိုင်ခိုင်မာမာ တည်ဆောက်မှု ရှိခဲ့သလား ဆိုတာကို စောင့်ကြည့်ရမှာသာ ဖြစ်တယ်လို့ ဥပဒေ အကြံပေး ဦးခင်မောင်မြင့် က အကြံပေးခဲ့ ပါတယ်။
ဟာသ သရုပ်ဆောင် အောင်ရဲထွေး သေဆုံးသွားခဲ့တဲ့ အမှုမှာ တရားစွဲဆို ခံထားရသူတွေကို အရင်တင်ထားခဲ့တဲ့ လူသတ်မှု ပုဒ် ၃၀၂( ၂ ) နဲ့ လူသတ်ရန် အားပေးကူညီမှု ပုဒ်မ ၃၀၂( ၂ ) /၁၁၄ တို့နဲ့ အပြစ်ရှိကြောင်း ထင်ရှားခဲ့ရင် တသက်တကျွန်း ၊ သေဒဏ် စတဲ့ ပြစ်ဒဏ်တွေ ကျခံရနိုင်ဖွယ်ရှိပေမယ့် အခု ပြောင်းလဲ စွဲဆိုခဲ့တဲ့ ဆုံးဖြတ်ချက်အရ အပြင်းအထန် နာကျင်စေမှု ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၃၂၅ ၊ ၃၂၅/၁၁၄ တို့နဲ့ ဆိုရင်တော့ အမြင့်ဆုံး ပစ်ဒဏ် အရ ထောင် ၇နှစ် ထိသာ ကျခံရနိုင်တာ ဖြစ်ပါတယ်။