အိုင်စီဂျေမှာ မြန်မာ လျှောက်လဲတဲ့နေ့မှာ တရားရုံးရှေ့ ရာနဲ့ချီတဲ့ ထောက်ခံသူတွေနဲ့ ကန့်ကွက်သူတွေ ပိုမိုစုဝေး

ဓာတ်ပုံ ရင်းမြစ်, KOEN VAN WEELANPAFP via Getty Images
မြန်မာနိုင်ငံကို အပြည်ပြည်ဆိုင်ရာတရားရုံး အိုင်စီဂျေမှာ ဂမ်ဘီယာနိုင်ငံက တရားစွဲထားတဲ့အမှုမှာ မြန်မာနိုင်ငံဘက်ကနေ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဦးဆောင် လျှောက်ထားချက်ပေးမယ့်ဒီဇင်ဘာ ၁၁ ရက်နေ့မှာ ရာနဲ့ချီတဲ့ ထောက်ခံသူတွေနဲ့ ကန့်ကွက်သူတွေဟာ တရားရုံးရှေ့ ပိုမိုစုဝေးရောက်ရှိနေကြတာ ဖြစ်ပါတယ်။
မြန်မာအလံတွေ ကိုင်ထားတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ဝန်းရံ ထောက်ခံကြိုဆိုကြသူတွေနဲ့ အိုင်စီဂျေကို ထောက်ခံကြသူ ၂၀၀ ကျော်လောက် စုဝေးရောက်ရှိခဲ့ကြပြီး တရားရုံးလုံခြုံရေးကိုလည်း ခါတိုင်းထက် ပိုမိုတင်းကျပ်ထားတယ်လို့ အဲ့ဒီမှာ သွားရောက် သတင်းယူနေတဲ့ ဘီဘီစီသတင်းထောက်က ပြောပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ကို အားပေးကြသူတွေထဲ ရန်ကုန်ကနေ အဖွဲ့လိုက် လာကြသူတွေလည်း ပါသလို နိုင်ငံတကာရောက် မြန်မာတွေလည်း ပါကြပါတယ်။
"ဒေါ်အောင်ဆန်းစုကြည်က စံပြုရတဲ့ အမျိုးသမီး ဖြစ်တယ် သူဘာလုပ်လုပ် အောင်မြင်မယ်ဆိုတာ အသွေးထဲ အသားထဲက ယုံကြည်ပါတယ် အမေ အကောင်းဆုံး လုပ်နိုင်မယ် ထင်ပါတယ်" လို့ တရားရုံးရှေ့ရောက်နေတဲ့ ကိုမောင်မောင်အေးက ပြောပါတယ်။
ရန်ကုန်ကလာတဲ့ ကိုမောင်မောင်အေးတို့ အဖွဲ့မှာ လူ ၂၃ ဦး လိုက်ပါလာတာဖြစ်ပြီး သူတို့တွေဟာ ကြားနာတဲ့ ၃ ရက်စလုံး တရားရုံးရှေ့မှာ လာရောက်စောင့်ဆိုင်းကြမှာလည်း ဖြစ်ပါတယ်။
"ကျွန်တော်တို့ ရန်ကုန်ကနေ စိတ်တူကိုယ်တူ ရင်ဘတ်တူတွေ ကိုယ်စရိတ် ကိုယ်စားပြီး လာကြတာ၊ ယုံကြည်ချက်က တစ်ခုပဲ၊ ဒေါ်အောင်ဆန်းစုကြည်က အမှန်တရားကို နိုင်ငံတကာကို ချပြနိုင်တယ်၊ ဒေါ်အောင်ဆန်းစုကြည်ကို ယုံတယ်၊ သူက ဒီပြဿနာတွေ အားလုံးကို ကိုင်တွယ်ဖြေရှင်းနိုင်တဲ့ ဂုဏ်သရေရှိ အမျိုးသမီးကြီး ဖြစ်တယ်"လို့ တရားရုံးရှေ့ရောက်နေတဲ့ ကိုကျော်ဌေးဦးက ပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Reuters
အိုင်စီဂျေ ကြားနာမှုကို ထောက်ခံကြသူတွေကတော့ တရားမျှတမှုပေးပါဆိုပြီး အင်္ကျီတွေဝတ်ထားကြပြီး ရိုဟင်ဂျာတွေအပေါ် တပ်မတော်ရဲ့ လုပ်ဆောင်မှုကို ကန့်ကွက်ကြောင်း ဆိုင်းဘုတ်တွေ ကိုင်ဆောင်ထားကြပါတယ်။
မြန်မာနိုင်ငံဟာ လူမျိုးတုံးသတ်ဖြတ်မှုဆိုင်ရာ ဂျီနိုဆိုက် ကွန်ဗန်းရှင်းကို ချိုးဖောက်တယ်လို့ ဂမ်ဘီယာနိုင်ငံက စွပ်စွဲထားပြီး ကြားဖြတ်အစီအမံ အမိန့်တွေ ချမှတ်ပေးဖို့ တောင်းဆိုထားတာကို အိုင်စီဂျေမှာ ဒီဇင်ဘာ ၁၀ ရက်နေ့ကနေ ၁၂ ရက်နေ့အထိ ၃ ရက်ကြာ ကြားနာနေတာ ဖြစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, KOEN VAN WEEL
မြန်မာဘက်က လျှောက်ထားမယ့် ဒီကနေ့ တရားရုံးကြားနာမှုမှာတော့ ဒေါ်အောင်ဆန်းစုကြည်က အဖွင့်မိန့်ခွန်းပြောခဲ့ပြီး နိုင်ငံတကာသံတမန်တွေလည်း မြန်မာဘက်က လျှောက်ထားမှုကို လာရောက်နားထောင်ကြတယ်လို့ တရားရုံးထဲ ရောက်နေတဲ့ ဘီဘီစီသတင်းထောက်က ပြောပါတယ်။








