ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ဒီဇင်ဘာကြားနာမှုတွေမှာ ဘယ်ကိစ္စအပေါ် ICJ အာရုံစိုက်မှာလဲ
ဂမ်ဘီယာနိုင်ငံက မြန်မာကို တရားစွဲထားတဲ့ အမှု လာမယ့် ဒီဇင်ဘာ ၁ဝ ရက် အင်္ဂါနေ့ကနေ ဒီဇင်ဘာ ၁၂ ရက် ကြာသပတေးထိ ၃ ရက်တာ ကြားနာ စစ်ဆေး သွားမယ်လို့ ICJ က ထုတ်ပြန်ပါတယ်။
ဂျီနိုဆိုက် ကွန်ဗင်းရှင်းလို့ ခေါ်တဲ့ လူမျိုးတုံး သတ်ဖြတ်မှုဆိုင်ရာ ကုလသမဂ္ဂ ပဋိညာဉ်ကို ဖောက်ဖျက်မှုနဲ့ ICJ မှာ မြန်မာနိုင်ငံ အမှုဖွင့်ခံလိုက်ရတာနဲ့ ပတ်သက်ပြီး ပထမဦးဆုံး အကြိမ် ICJ ဘက်က တရားရုံးချိန်း ရက်တွေ သတ်မှတ်လာတာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံ အနေနဲ့ ရိုဟင်ဂျာ မွတ်ဆလင်တွေ လူမျိုးတုံး သတ်ဖြတ် ခံရမှုကို တားဆီးဖို့၊ အပြစ်ပေး အရေးယူဖို့ ပျက်ကွက်ခဲ့တယ် ဆိုတဲ့ စွဲချက်နဲ့ ဂမ်ဘီယာက နိုဝင်ဘာ ၁၁ ရက်နေ့မှာ အမှုဖွင့် တရားစွဲ ခဲ့တာဖြစ်ပါတယ်။
ဘယ်အကြောင်းအရာကို ဒီဇင်ဘာကြားနာမှုတွေထဲ အဓိက အာရုံစိုက်မှာလဲ
အရပ်သားတွေ အပေါ် ပစ်မှတ်ထားတဲ့ စစ်ဆင်ရေးတွေ အားလုံး မြန်မာနိုင်ငံထဲမှာ ချက်ခြင်းရပ်ရေး အရေးပေါ် တားဆီးမိန့် တစ်ရပ် ICJ ဘက်က ထုတ်ပြန်ပေးဖို့ ဂမ်ဘီယာက ထည့်သွင်း လျှောက်ထားခဲ့တာကို ဒီဇင်ဘာ ကြားနာမှုတွေထဲ ICJ က အဓိက အာရုံစိုက် ကြားနာမှာ ဖြစ်တယ်လို့ ထုတ်ပြန်ချက်ထဲ တွေ့ရပါတယ်။
အဲဒီ ဒီဇင်ဘာ ကြားနာမှု ၃ ရက် အတွင်းမှာ ဂမ်ဘီယာရော မြန်မာပါ၊ ICJ ရုံးစိုက်ရာ နယ်သာလန် နိုင်ငံ သဟေ့ဂ်မြို့မှာ ရှိတဲ့ ငြိမ်းချမ်းရေးနန်းတော် the Peace Palace ရုံး အဆောက်အအုံမှာ လာရောက် ထွက်ဆိုကြရမှာ ဖြစ်ပါတယ်။
ပထမရက် ဒီဇင်ဘာ ၁ဝ ရက်နေ့မှာ ဂမ်ဘီယာက မနက် ၁ဝ နာရီကနေ နေ့လယ် ၁ နာရီထိ ထွက်ဆိုချက် ပေးရမှာ ဖြစ်ပြီး၊ ဒုတိယရက် ဒီဇင်ဘာ ၁၁ ရက်မှာတော့ အလားတူ အချိန် အတွင်းမှာပဲ မြန်မာက ထွက်ဆိုချက် ပေးဖို့ ICJ က သတ်မှတ်ထားပါတယ်။
ဒီဇင်ဘာ ၁၂ ရက်၊ ၃ ရက်မြောက်မှာတော့ နှစ်နိုင်ငံစလုံး ဒုတိယအကျော့ အနေနဲ့ ကိုယ်စီ ထွက်ချက်တွေ ပေးဖို့ ရှိတာမှာ ဂမ်ဘီယာက မနက် ၁ဝ နာရီကနေ ၁၁ ခွဲ၊ မြန်မာက ညနေ ၄နာရီခွဲကနေ ၆ နာရီထိ ထွက်ဆိုချက်တွေ ပေးရမယ်လို့ စီစဉ်ထားပါတယ်။
မြန်မာဘက်က အမှုရင်ဆိုင်ဖို့ ဘာတွေ ပြင်ဆင်ထားလဲ ၊ အသင့်ရှိပြီလား
ဂမ်ဘီယာ ထည့်သွင်း လျှောက်ထားခဲ့သလို ယာယီအမိန့်၊ အရေးပေါ် အမိန့် ထုတ်ပြန်ပေးရေးနဲ့ ပတ်သက်ပြီး ICJ ဘက်က အခုလို ကြားနာ စစ်ဆေးလာမယ် ဆိုတာဟာ ICJ အနေနဲ့ မြန်မြန်ဆန်ဆန် ပထမ ခြေလှမ်း အနေနဲ့ စတင် ဆောင်ရွက်တယ်လို့ ရှုမြင်ကြောင်း နယူးယောက် အခြေစိုက် ကုလသမဂ္ဂ ဆိုင်ရာ မြန်မာ အမြဲတမ်း ကိုယ်စားလှယ် ဦးဟောက်ဒိုဆွမ်းက ဘီဘီစီကို ပြောပါတယ်။
မြန်မာပြည်ထဲ တိုက်ပွဲတွေ ရပ်ဖို့ ICJ ဘက်က ယာယီအမိန့် ထုတ်ပြန်ပေးရေး ဂမ်ဘီယာရဲ့ ဦးတိုက် လျှောက်ထားမှုဟာ လက်တွေ့ ဖြစ်နိုင် မဖြစ်နိုင်ဆိုတာကို မြန်မာဘက်က ပြန်လည် ရှင်းလင်းရမှာ ဖြစ်တယ်လို့ ဦးဟောက်ဒိုဆွမ်းက ဆိုပါတယ်။
"မြန်မာ အစိုးရ အနေနဲ့ တိုက်ပွဲဆိုတာ ရှိကို မရှိစေချင်တာ။ ဒါပေမယ့် တိုက်ပွဲဆိုတာ တရားရုံးက အမိန့်နဲ့ ရပ်လို့ရတဲ့ ကိစ္စမှ မဟုတ်တာ။ ကျွန်တော်တို့က ရပ်ပေမယ့် တစ်ဘက်က တိုက်နေရင် ဘယ်လိုလုပ်မတုန်း" ဆိုပြီး ဦးဟောက်ဒိုဆွမ်းက ပြောပါတယ်။
သဟေ့ဂ်ကို သွားပြီး လျှောက်လဲချက်ပေးဖို့ ကိုယ်စားလှယ် အဖွဲ့ကို မြန်မာ အစိုးရ ရွေးချယ် ထားပြီးပြီလား၊ ဘယ်သူတွေ ပါဝင်မလဲ ဆိုတဲ့ အသေးစိတ် အချက်တွေကိုတော့ အခုပြောလို့ မရနိုင်သေးဘူးလို့ သံအမတ်ကြီး ဦးဟောက်ဒိုဆွမ်းက ဆိုပါတယ်။
မြန်မာ နိုင်ငံခြားရေး ဝန်ကြီးဌာနတွင်းမှာ ဂျီနိုဆိုက် ကွန်ဗေးရှင်းနဲ့ ပတ်သက်ပြီး နားလည် ကျွမ်းဝင်သူတွေ ရှိနေပြီး၊ ပြည်တွင်းက ဥပဒေ ပညာရှင်တွေ အင်အားသာမက လိုအပ်လာရင် နိုင်ငံတကာ ပညာရှင်တွေရဲ့ အကြံဉာဏ်တွေလည်း ယူသွားဖို့ ရှိတယ်လို့ ဦးဟောက်ဒိုဆွမ်းက ဆိုပါတယ်။
"တစ်ဘက်ကသူတွေ ဘယ်လို လုပ်နေကြလည်း ဆိုတာ ကြည့်လိုက်ရင် သူတို့နဲ့ အလားတူ တုံ့ပြန်ဖို့ လုပ်စရာရှိတာတော့ လုပ်ကြရမှာပဲ။ ပြည်တွင်း ပြည်ပရယ်လို့ မဟုတ်ဘဲ ရှိတဲ့ အရင်းမြစ်တွေကို စုစည်းပြီး ကိုယ့် နိုင်ငံအတွက် စုပေါင်း လုပ်ကြရမှာပါ" လို့ ဦးဟောက်ဒိုဆွမ်းက ပြောပါတယ်။
မြန်မာပြည်ထဲ စစ်ရပ်တန့်ရေး ယာယီအမိန့် ထုတ်ရမလား ဆိုတာကို ဒီဇင်ဘာ ကြားနာမှုတွေ အတွင်း ICJ က ဆန်းစစ်ပြီးတဲ့အခါ၊ နောက်ပိုင်းမှာတော့ တကယ့် ပင်မ အမှုဖြစ်တဲ့ ဂျီနိုဆိုက် ကွန်ဗင်းရှင်းကို မြန်မာ ချိုးဖောက်သလား ဆိုတာကို စစ်ဆေး ဆုံးဖြတ်ရမှာ ဖြစ်ပါတယ်။
အဲဒီ အဆင့်မှာတော့ ဂမ်ဘီယာနဲ့ မြန်မာ အပြန်အလှန် လျှောက်ထားချက်တွေနဲ့အတူ ICJ ဘက်ကလည်း သက်သေတွေကို ရှာဖွေ စစ်ဆေးမှုတွေနဲ့ အမှုဟာ အချိန်ယူရနိုင်တယ်လို့ ဦးဟောက်ဒိုဆွမ်းက သုံးသပ်ပါတယ်။
မြန်မာ အစိုးရအနေနဲ့ ICJ မှာ တက်ပြီး အမှု ရင်ဆိုင် ဖြေရှင်း နေချိန်နဲ့ တပြိုင်တည်းမှာပဲ၊ ပြည်တွင်း လုပ်ငန်းစဉ်တွေ ဖြစ်တဲ့ ဒုက္ခသည် ပြန်လည် လွှဲပြောင်း လက်ခံရေးကအစ ၊ ဒုက္ခသည် စခန်းတွေ ပိတ်သိမ်းရေး စတာတွေကိုလည်း ချမှတ်ထားတဲ့ မူဝါဒတွေ အတိုင်း ဆက်လက် လုပ်ဆောင် သွားရမှာ ဖြစ်တယ်လို့ ဦးဟောက်ဒိုဆွမ်းက ပြောပါတယ်။
နိုင်ငံတကာ တရားစွဲမှုတွေအပေါ် မြန်မာအစိုးရရဲ့ ရပ်တည်မှု သဘောထား
ရခိုင်မြောက်ပိုင်းမှာ လုံခြုံရေး တပ်ဖွဲ့ဝင်တွေရဲ့ စစ်ဆင်ရေးတွေ အတွင်း ရိုဟင်ဂျာ အရပ်သားတွေပါ ပစ်မှတ်ထားခံခဲ့ရပြီး၊ ရိုဟင်ဂျာတွေ အကျူးလွန်ခံခဲ့ရတာဟာ လူမျိုးတုံး သတ်ဖြတ်မှု၊ မျိုးနွယ်စုအလိုက် ရှင်းလင်းခံရမှု အခြေအနေအထိ မြောက်နိုင်တယ် ဆိုတဲ့ နိုင်ငံတကာ စွပ်စွဲချက်တွေ ထွက်ပေါ် နေတာ ဖြစ်ပါတယ်။
ကျူးလွန်သူတွေကို အပြစ်ပေး အရေးယူရေးနဲ့ ပတ်သက်ပြီး မြန်မာ အစိုးရရဲ့ ရပ်တည်ချက်ကတော့ ပြည်တွင်း အရပ်ဘက်ရော၊ စစ်ဘက်မှာပါ စုံစမ်းရေး ယန္တရားတွေ ထူထောင်ထားရှိထားတာကြောင့် နိုင်ငံတကာ ဝင်ရောက် စစ်ဆေးတာတွေကို လက်မခံဘူးလို့ ပြောထားပါတယ်။
အခု သီတင်းပတ်တွေ အတွင်းမှာပဲ ရိုဟင်ဂျာ အရေးနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂ အမြင့်ဆုံး တရားရုံး ICJ မှာ နိုင်ငံ အနေနဲ့ အမှုဖွင့် ခံလိုက်ရသလို၊ နိုင်ငံတကာ ရာဇဝတ်ခုံရုံး ICC တရားသူကြီးတွေ ကလည်း စုံစမ်း စစ်ဆေးမှုတွေ ပြုလုပ်ဖို့ သဘောတူ ခွင့်ပြု လိုက်ပါတယ်။
တခါ၊ ကမ္ဘာ့နေရာတိုင်းမှာ တရားစီရင်ပိုင်ခွင့် Universal Jurisdiction ဆိုတာကို သုံးပြီး လူ့အခွင့်အရေး အဖွဲ့တချို့က အာဂျင်တီးနားမှာ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် အရပ်ဘက် စစ်ဘက် ခေါင်းဆောင် တချို့ကို နာမည်တပ်ပြီး အမှုဖွင့်တာမျိုး လုပ်ဆောင်လာပါတယ်။
ဒီလို နိုင်ငံတကာ တရားစွဲမှု လမ်းကြောင်းတွေ ချိန်ကိုက်ထွက်ပေါ် လာတဲ့အခါ၊ ICC အဖွဲ့ဝင် မဟုတ်တဲ့အတွက် ICC ရဲ့ ဆုံးဖြတ်ချက်ကို လိုက်နာစရာ မလိုဘူး ဆိုတဲ့ သဘောထားကို မြန်မာ အစိုးရက ဆက်လက် စွဲကိုင်ထားပြီး အာဂျင်တီးနားမှာ အမှုဖွင့်ခံရမှုကိုလည်း အရေးတယူ တုံ့ပြန်စရာ မလိုတဲ့ ကိစ္စအဖြစ် သဘောထားတာ တွေ့ရပါတယ်။
ဒါပေမယ့် ကုလသမဂ္ဂ အမြင့်ဆုံးတရားရုံး ICJ မှာ တရားစွဲ ခံရတာကိုတော့ ကုလသမဂ္ဂ အဖွဲ့ဝင် နိုင်ငံ ဖြစ်တာနဲ့ အညီ နိုင်ငံတကာ ဥပဒေ အတိုင်း အသေချာ သုံးသပ်ပြီး တုံ့ပြန် ရင်ဆိုင် သွားမယ်လို့ သမ္မတရုံး သတင်းစာရှင်းလင်းပွဲမှာ ပြောခွင့်ရ ဦးဇော်ဌေးက ပြောခဲ့ပါတယ်။
ဒါ့အပြင် ICJ မှာ အမှုဖွင့်တာမျိုး လုပ်ဆောင်လာနိုင်တယ် ဆိုတာ မြန်မာ အစိုးရ အနေနဲ့ ကြိုတင် တွက်ဆထားတာ တစ်နှစ်လောက် ရှိပြီ ဆိုတာမျိုးလည်း ဦးဇော်ဌေးက ထည့်သွင်း ပြောခဲ့ပါတယ်။