ရိုဟင်ဂျာတွေအပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေကို စုံစမ်းဖို့ ICC ခွင့်ပြု

မြန်မာနိုင်ငံထဲ ရိုဟင်ဂျာမွတ်ဆလင်တွေ အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေကို စုံစမ်း စစ်ဆေးပိုင်ခွင့် နိုင်ငံတကာ ရာဇဝတ် ခုံရုံး ICC က နိုဝင်ဘာ ၁၄ ရက်၊ ကြာသပတေးနေ့မှာ ခွင့်ပြု လိုက်ပြီ ဖြစ်ပါတယ်။

ရိုဟင်ဂျာတွေ အပေါ် အကြမ်းဖက်တဲ့ ဖြစ်ရပ်တွေ ကျယ်ကျယ်ပြန့်ပြန့် ပေါ်ပေါက်ခဲ့ကြောင်း ယုံကြည်လောက်ဖွယ် အထောက်အထားတွေ ရှိနေတယ်လို့ သဟေ့ဂ်မြို့ အခြေစိုက် ICC ခုံရုံးက ပြောပါတယ်။

ရိုဟင်ဂျာတွေ အပေါ် ကျုးလွန်ခဲ့ကြတာတွေဟာ လူသားမျိုးနွယ် အပေါ် ကျုးလွန်တဲ့ ရာဇဝတ်မှုမျိုးထိ မြောက်နိုင်တယ်လို့လည်း ICC က ဆိုပါတယ်။

၂ဝ၁၇၊ ရခိုင်မြောက်ပိုင်းမှာ အစိုးရလုံခြုံရေး တပ်ဖွဲ့ဝင်တွေရဲ့ အပြုအမူတွေကြောင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံထဲ ထွက်ပြေး ခဲ့ကြရတဲ့ ရိုဟင်ဂျာ ဒုက္ခသည်ပေါင်း ၇ သိန်းကျော် ရှိနေတယ်လို့ ကုလသမဂ္ဂက ပြောထားပါတယ်။

ICC ရဲ့ အဖွဲ့ဝင် နိုင်ငံ မဟုတ်တာကြောင့် မြန်မာ အပေါ်မှာ ICC အနေနဲ့ စုံစမ်း စီရင်ပိုင်ခွင့် မရှိဘူးလို့ မြန်မာ အစိုးရက ပြောနေပါတယ်။

ဒါပေမယ့်လည်း ဒုက္ခသည်တွေကို လက်ခံထားရတဲ့ ဘင်္ဂလားဒေ့ရှ်ဟာ ICC အဖွဲ့ဝင် ဖြစ်တာကြောင့် ရိုဟင်ဂျာ အရေးနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံ အပေါ် ICC က စုံစမ်း အရေးယူခွင့် ရှိတယ်လို့ ICC ဘက်က ရပ်တည် ထားပါတယ်။