အေအေ ဆိုပြီးရန်ပြုတဲ့ ဒုက္ခ ခံစားနေရ "ရခိုင်အမျိုးသား ပါတီ ဒုဥက္ကဋ္ဌ ဒေါ်အေးနုစိန် "

ဓာတ်ပုံ ရင်းမြစ်, Getty Images
ရခိုင်ပြည်သူတွေကို ရက္ခိုင့်တပ်မတော် (အေအေ) ကဆိုပြီးရန်ပြုတဲ့ ဒုက္ခ ခံစားနေရတယ်လို့ ရခိုင်တိုက်ပွဲဒေသက အမျိုးသမီးတွေက ဘီဘီစီကို ပြောပါတယ်။
ရခိုင်ပြည်နယ်အတွင်းမှာရှိတဲ့ အမျိုးသမီးအဖွဲ့အစည်းတွေက နိုဝင်ဘာ ၃ ရက်နေ့ စစ်တွေမြို့မှာ ဆွေးနွေးမှုတစ်ခုပြုလုပ်ခဲ့ကြပြီးတော့ အခုလိုမျိုး ရင်ဆိုင်နေရတဲ့အခြေအနေတွေကို ဆွေးနွေးခဲ့ကြပါတယ်။
ရခိုင်ပြည်နယ် အတွင်းတိုက်ပွဲတွေ ဖြစ်ပွားနေတာ တနှစ်နီးပါး ရှိလာပြီ ဖြစ်ပြီး တိုက်ပွဲတွေ အရှိန်မြင့်လာနေတာကြောင့် ငြိမ်းချမ်းရေးဟာ မျှော်လေဝေးလေ ဖြစ်လာနေတယ်လို့လည်း သူတို့ကပြောပါတယ် ။
တိုက်ပွဲဖြစ်ပွားနေတဲ့ ဒေသတွေက အမျိုးသမီးတွေရဲ့ အခက်အခဲတွေ ပြဿနာတွေကို ဖြေရှင်းဆောင်ရွက်နိုင်ရေးနဲ့ အမျိုးသမီးတွေရဲ့ ဘဝလုံခြုံရေးတို့အတွက် ဒီအစည်းအဝေးကို ရခိုင်အမျိုးသမီးများအစည်းအရုံးက ဦးဆောင်ကျင်းပပြုလုပ်ခဲ့တာဖြစ်ပြီး ရခိုင် အမျိုးသား ပါတီ၊ ရခိုင်အမျိုးသမီးများအစည်းအရုံး၊ ရခိုင်လူငယ်ကွန်ရက် စတဲ့အဖွဲ့ ၁၇ ဖွဲ့အပြင် လက်ရှိ စစ်ဘေးရှာင်စခန်းတွေမှာ နေထိုင်လျက် ရှိနေတဲ့ အမျိုးသမီးတွေလည်း ပါဝင်ဆွေးနွေးခဲ့ကြတာဖြစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
ရခိုင်မြောက်ပိုင်း စစ်ပွဲတွေ အတွင်း အရပ်သား ထိခိုက် သေဆုံးမှုနဲ့ ဖမ်းဆီးခံရမှုတွေ နေ့စဉ်လိုလို ဖြစ်ပေါ်နေတယ်လို့ ရခိုင်အမျိုးသား ပါတီရဲ့ ဒုဥက္ကဋ္ဌ ဒေါ်အေးနုစိန်ကပြောပါတယ်။
တိုက်ပွဲတွေအတွင်း အရပ်သားသေဆုံးမှု ၉ဝ နီးပါးရှိနေပြီ ဖြစ်သလို ထိခိုက်ဒဏ်ရာရရှိခဲ့သူ ၁၃၀ ကျော်နဲ့ အကြမ်းဖက် ဥပဒေ အပါအဝင် တခြားပုဒ်မတွေနဲ့ ဖမ်းဆီးတရားစွဲဆိုခံနေရသူ ၁၅ဝ ကျော်ရှိနေတယ်လို့ အရပ်ဘက်အဖွဲ့အစည်းတွေရဲ့ စာရင်းဇယားတွေအရ သိရပါတယ်။
အပြတ်ချေမှူန်းရေးတို့၊ အမြစ်ဖြတ်မယ်ဆိုတာတွေနဲ့၊မဲမဲ မြင်တိုင်းရန်ပြုတဲ့ ဒုက္ခကို ပြည်သူတွေ ကြုံတွေ့ခံစားနေရတယ် လို့လည်း ဒေါ်အေးနုစိန်ကပြောပါတယ်။
လက်ရှိမှာ စစ်ဘေးဒုက္ခသည်တွေနေထိုင်တဲ့ ဒုက္ခသည်စခန်းတွေနဲ့ အနီးဝန်းကျင်တွေမှာ တိုက်ပွဲဖြစ်ပွားနေတာတွေ၊ ပစ်ခတ်မှုတွေပြုလုပ် နေတာဟာ အမျိုးသမီးတွေသာမက နေရပ်စွန့်ခွာပြီး အသက်ဘေးကလွတ်မြောက်ဖို့အတွက် စခန်းတွေမှာ လာရောက်ခိုလုံနေသူ အားလုံးရဲ့ ဘဝလုံခြုံမှုကို ခြောက်လှန့်နေတာဖြစ်တယ်လို့ ကျောက်တော်မြို့နယ်က တက်ရောက်ဆွေးနွေးခဲ့တဲ့ ဒေါ်လှမေက ပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
ပြီးခဲ့တဲ့ရက်ပိုင်း ကလည်း ရခိုင်ပြည်နယ်မှာ တပ်မတော်နဲ့ အေအေအကြား တိုက်ပွဲတွေကြောင့် ရသေ့တောင်မြို့နယ် ကျောက်ရံကျေးရွာမှာ နေထိုင်တဲ့ အသက် ၁၃ နှစ်အရွယ် ပဉ္စမတန်းကျောင်းသူ မနှင်းချေ ခေါ်မနှင်းအေးနွယ်ဟာ လက်မောင်းမှာ ကျည်ထိမှန်ခဲ့ပါတယ်။
အိမ်ရှေ့မှာ ထိုင်နေတုန်း တိုက်ပွဲကြားကလာတဲ့ ကျည်ဟာ သူ့ရဲ့ ဘယ်လက်မောင်းကို ထိမှန် ဖောက်ဝင်သွားခဲ့တာလို့ မိသားစုဝင်တွေက ပြောပါတယ်။
ဒါပေမဲ့လည်း တိုက်ပွဲတွေက ဆက်ဖြစ်နေလို့ ဆေးရုံကို ချက်ချင်းမပို့ဆောင်နိုင်ဘဲ ၃ ရက်လောက်ကြာပြီးတော့မှ စစ်တွေဆေးရုံကြီးကို ပို့ဆောင်နိုင်ခဲ့ပါတယ်။
ကျောက်တော် မြို့နားက ဒုက္ခသည် စခန်းတွေက ကိုယ်ဝန်ဆောင် တွေဟာလည်း ညမထွက်ရ အမိန့်ကြောင့် အချိန်မီ မမွေးနိုင်လို့ အသက်သေဆုံးတာတွေ ရှိတယ်လို့လည်း ကျောက်တော်မြို့နယ်က ဒေါ်လှမေက ဘီဘီစီကို ပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
လက်ရှိ ဖြစ်ပွားနေတဲ့ တိုက်ပွဲဖြစ်စဉ်တွေအတွင်း အမျိုးသမီးတွေနဲ့ ကလေးငယ်တွေဟာ ဒုက္ခမျိုးစုံကို အများဆုံးခံစား နေကြရ တယ်လို့လည်း တိုက်ပွဲရှောင်တွေကပြောပါတယ်။
တိုက်ပွဲတွေကြောင့် တစ်ရွာနဲ့ တစ်ရွာ သွားလာဖို့ ခက်ခဲနေသလို မြန်မာတပ်မတော်ဘက်က လေယာဉ်နဲ့ပစ်ခတ်တာတွေကြောင့် ကြောက်လန့် နေကြရတယ်လို့ လည်းသူတို့ကပြောပါတယ်။
ဒါ့အပြင် ဒုက္ခသည် စန်းတွေနားမှာ လက်နက်ကြီးကျတာ၊ စခန်းတွေမှာနေရတာ လုံခြုံမှုမရှိတာတွေ ကြောင့် တိုက်ပွဲဒေသက ပြည်သူတွေရဲ့ အခြေအနေဟာ အင်မတန်စိုးရီမ်စရာကောင်းတယ်လို့လည်း ဒေါ်လှမေကပြောပါတယ်။
ပြည်သူကိုမထိခိုက်အောင် ပဋိပက္ခ ဖြစ်သူတွေကြား ဘယ်လို ဆောင်ရွက်ရမယ်ဆိုတာဟာ နိုင်ငံတကာစံနှူန်းတွေ စည်းကမ်းတွေ ရှိပြီးသားဖြစ်ပြီးတော့ ဒါတွေကို ရခိုင်ပြည်နယ်မှာ လိုက်နာကျင့်သုံးတာမတွေ့ရဘူးလို့လည်း ဒေါ်အေးနုစိန်က ဘီဘီစီကို ပြောပါတယ် ။








