ဗိုလ်ချုပ်ရုပ်ရှင်မှာ ပါဝင်မယ့် သရုပ်ဆောင်တချို့အပေါ် ဝေဖန်တာတွေရှိ

ဗိုလ်ချုပ်ရုပ်ရှင်လို့ လူသိများတဲ့ 'အောင်ဆန်း' ရုပ်ရှင်ကို စက်တင်ဘာ ၃၀ မှာ ရန်ကုန်မြို့၊ အမျိုးသားပြတိုက်မှာ စတင်ရိုက်ကူးတော့မှာဖြစ်ပါတယ်။ မူလက ဒီရုပ်ရှင်မှာ ပါဝင်မယ့် သမိုင်းဝင်ပုဂ္ဂိုလ် ၃၂ ဦးကို ဓာတ်ပုံနဲ့တကွ ထုတ်ပြန်ခဲ့ပြီး ဒီလူတွေနေရာမှာ သရုပ်ဆောင်ဖို့ သရုပ်ဆောင်သစ်တွေကို ပြီးခဲ့တဲ့ ဖေဖော်ဝါရီလက ခေါ်ယူခဲ့ပါတယ်။

ဒါကြောင့် ရုပ်ရည်အားဖြင့်၊ ပုံ သဏ္ဌာန် အားဖြင့် နီးနီးစပ်စပ်တူတဲ့သူများ ပါဝင်လာမလားလို့ စောင့်ကြည့်တာတွေ ရှိခဲ့ပါတယ်။ ဒီမတိုင်ခင်ကတည်းကတော့ ဒီရုပ်ရှင်အတွက် ဝါရင့်သရုပ်ဆောင် တချို့လည်း ပါဝင် မယ်လို့ ရိုက်ကူးရေးအဖွဲ့ဘက်က ပြောကြားခဲ့ပါတယ်။

အခု ရုပ်ရှင်စရိုက်ဖို့ ပြင်ဆင်ချိန်မှာတော့ ဒီပုဂ္ဂိုလ် ၃၂ ဦးထဲကမှ ဗိုလ်နေဝင်း၊ မာရီလှတော၊ သခင်မြ၊ ဂဠုန်ဦးစော၊ မန်းဘခိုင်၊ ကိုဗဟိန်း၊ အိုင်စီအက် ဦးတင်ထွဋ် တို့နေရာမှာ လက်ရှိ နာမည်ရ သရုပ် ဆောင်တွေကို ရွေးချယ်ခဲ့တဲ့အတွက် ဝေဖန်တာတွေ ရှိလာခဲ့ပါတယ်။

ဗိုလ်နေဝင်းအဖြစ် နိုင်းနိုင်း၊ မာရီလှတောအဖြစ် မိုးဟေကို၊ ဦးတင်ထွဋ်အဖြစ် ခန့်စည်သူ၊ သခင်နုအဖြစ် အောင်မော်ထွန်း၊ သခင်မြအဖြစ် ရဲအောင်၊ ကိုဗဟိန်းအဖြစ် ညိုမင်းလွင်၊ မန်းဘခိုင်အဖြစ် မင်းဦးတို့ကို သရုပ်ဆောင်စေမှာဖြစ်ပါတယ်။

သခင်နုနေရာကို သရုပ်ဆောင်ဖို့ လူငယ်သရုပ်ဆောင် အောင်မော်ထွန်းကိုရွေးချယ်ထားပြီး ဦးနုနဲ့ ရုပ်တူတာကြောင့် ရွေးချယ်ခံခဲ့ရတာဖြစ်ပါတယ်။

'အခုဟာက ရုပ်ရည်နဲ့ ရွေးခံခဲ့ရတာပါ။ အတိုင်းထက်အလွန် ဝမ်းသာဂုဏ်ယူမိပါတယ်။ အစကတော့ အာဇာနည်ကိုးယောက်ထဲက ဦးအုန်းမောင်နေရာကိုလျှောက်ခဲ့တာပါ။ လူတွေ့စစ်ဆေးတဲ့နေ့မှ ကိုလူမင်းက မင်းနဲ့ ဦးအုန်းမောင် မတူဘူး။ ဦးနုနဲ့တူတယ်ဆိုလို့ ဦးနုနေရာရခဲ့တာပါ' လို့ အောင်မော်ထွန်းက ဘီဘီစီကိုပြောပါတယ်။

ဦးနု အင်္ဂလိပ်စကားပြော ဗီဒီယိုဖိုင်တွေကြည့်ပြီးလေ့လာနေသလို အင်္ဂလိပ်စကားပြောလည်း လေ့ကျင့်နေတယ်လို့ သူက ဆိုပါတယ်။

မြန်မာသရုပ်ဆောင်တွေ ဝင်သရုပ်ဆောင်မယ့်ဇာတ်ရုပ်တွေက ဘယ်သူတွေလဲ

မာရီလှတောဟာ ဗိုလ်ချုပ်အောင်ဆန်းကို အင်္ဂလိပ်အစိုးရက ဆုငွေထုတ်ပြီးဖမ်းဖို့ ကြေညာထားချိန်မှာ ထွက်ပြေးလွတ်မြောက်ဖို့ ကူညီပေးခဲ့တဲ့ ရာဇဝတ်ဝန်ထောက်ကတော် ဖြစ်ပါတယ်။

သခင်မြကတော့ ဗိုလ်ချုပ်အောင်ဆန်းဦးဆောင်တဲ့ အစိုးရအဖွဲ့မှာ ဘဏ္ဍာရေးနဲ့အခွန်အခွန်ဝန်ကြီး၊ မန်းဘခိုင်က စက်မှုလက်မှုနဲ့အလုပ်သမားဝန်ကြီးဖြစ်ပါတယ်။

ဗိုလ်နေဝင်းကတော့ ရဲဘော် သုံးကျိပ်ဝင်ဖြစ်ပြီး ၁၉၆၂ ခုနှစ် စစ်အာဏာသိမ်းခေါင်းဆောင်လည်း ဖြစ်ပါ တယ်။

ကျောင်းသားခေါင်းဆောင် ကိုဗဟိန်းကတော့ မြင်းခွာ တစ်ချက်ပေါက်ရင် မီးဟုန်းဟုန်းတောက်စေရမယ် ဆိုတဲ့ ကြွေးကြော်သံနဲ့ အင်္ဂလိပ်အစိုးရကို ဆန့်ကျင်တိုက်ပွဲဝင်ခဲ့သူ ဖြစ်ပါတယ်။

ဦးတင်ထွဋ်ကတော့ အိုင်စီအက်ဦးတင်ထွဋ်လို့ နာမည်ကြီးပြီး ပင်လုံစာချုပ် ချုပ်ဆိုပွဲကို ဗိုလ်ချုပ် အောင်ဆန်းနဲ့အတူတက်ရောက်ခဲ့တဲ့သူ ၊ လွတ်လပ်ပြီးစ မြန်မာနိုင်ငံရဲ့ ပထဆုံး နိုင်ငံခြားရေးဝန်ကြီး ဖြစ်ပြီး နုအက်တလီစာချုပ်ချုပ်ဆိုချိန်မှာ ပါဝင်ခဲ့တဲ့ ကိုယ်စားလှယ်တစ်ဦးလည်း ဖြစ်ပါတယ်။

ဗိုလ်မင်းရောင် (ဗိုလ်ချုပ်အဘိုး) အဖြစ် ပါဝင်ရမယ့်အခန်းနည်းပါးတဲ့အတွက် ပြင်ပလူမရှာတော့ဘဲ ဒါရိုက်တာ လူမင်းကိုယ်တိုင် သရုပ်ဆောင်မှာဖြစ်တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ဦးသိန်းဖေမြင့်(သခင်သိန်းဖေ၊ စာရေးဆရာသိန်းဖေမြင့်) နေရာမှာ ကျော်ကျော်၊ ဝန်ကြီးချုပ် အဓိပတိဒေါက်တာ ဘမော်အဖြစ် ရန်အောင်က သရုပ်ဆောင်မှာ ဖြစ်ပါတယ်။

မိသားစုဝင်တချို့ရဲ့တုံ့ပြန်မှု

ဒေါက်တာဘမော်ဇာတ်ရုပ်မှာ အကယ်ဒမီရန်အောင်ကို သုံးတဲ့အတွက် မိသားစုဝင်တစ်ဦးအနေနဲ့ စိတ်ပျက်မိတယ်လို့ ဒေါက်တာဘမော်ရဲ့မြေးသားမက် ဒေါက်တာဖုန်းဝင်းက ဘီဘီစီကို ပြောပါတယ်။

'ရုပ်ရောပုံစံရောမတူဘူး။ ဒေါက်တာဘမော်က နိုင်ငံရေးကို စိတ်ပါလက်ပါလုပ်တဲ့သူမျိုး၊ ဆရာစံ အရေးတော်ပုံမှာပါလာပြီး ဝန်ကြီးချုပ်ဖြစ်တဲ့အထိ နိုင်ငံကိုခေါင်းဆောင်တယ်။ လွတ်လပ်ရေးလှုပ်ရှားမှုကို သေသေချာချာလုပ်ခဲ့တဲ့လူမျိုး။ အခုက အဲဒီပုံစံ မပေါက်ဘူးဖြစ်နေတယ်။ မိသားစုဝင်တွေကတော့ စိတ်ပျက်ကြတာပေါ့' လို့ သူက ဆိုပါတယ်။

သရုပ်ဆောင်ပညာပိုင်းနဲ့ပတ်သက်ပြီး ဝေဖန်စရာမရှိသလို ဒေါက်တာဘမော်ပါဝင်တဲ့အစိတ်အပိုင်းကလည်း ဒီရုပ်ရှင်မှာ အခန်းနည်းမှာဖြစ်ပေမယ့် နိုင်ငံ့အကြီးအကဲဖြစ်ခဲ့သူတစ်ယောက်ရဲ့အခန်းကဏ္ဍအရ သမိုင်းမှာ အရေးပါနေတယ်လို့ သူက ဆက်ပြောပါတယ်။

ရုပ်ရှင်ရိုက်ကူးရေးအဖွဲ့က ဒါကိုသမိုင်းအနေနဲ့မဟုတ်ဘဲ ရုပ်ရှင်အနေနဲ့ပဲ ကြည့်ပါလို့ ပြောတဲ့အတွက်လည်း အတိုင်ပင်ခံပုဂ္ဂိုလ် သတိပြုမိစေလောက်တဲ့ကိစ္စတွေပဲ လိုက်လုပ်နေပြီး ကျန်တာတွေကို ဖြစ်ကတတ်ဆန်း လုပ်နေတာလားလို့လည်း ဒေါက်တာဖုန်းဝင်းက မေးခွန်းထုတ်ထားပါတယ်။

ဒီရုပ်ရှင်ဟာ သမိုင်းအတွက် ဘယ်လိုထိခိုက်မလဲ၊ ဘယ်လိုသက်ရောက်မှု ရှိမလဲဆိုတာတော့ စောင့်ကြည့်ရမယ်လို့ သူကဆိုပါတယ်။

စာဖတ်အားမရှိရင် သမိုင်းကိုသိမထားရင် စာရေးဆရာ၊ နိုင်ငံရေးသမား သိန်းဖေမြင့်ရဲ့ ဇာတ်ရုပ်ကို မပီပြင်မှာစိုးရိမ်တယ်လို့ သိန်းဖေမြင့်ရဲ့မိသားစုဝင်တစ်ဦးက ဘီဘီစီကို ခုလိုပြောပါတယ်။

'အဘိုးရဲ့စာတွေနဲ့ ရင်းနှီးပြီးသားဆိုရင်တော့ အဘိုးကို သိမှာပေါ့နော်။ အဘိုးမှမဟုတ်ပါဘူး။ ဒီပြင့် ကာရိုက်တာတွေဆိုရင်လည်း ဗမာ့နိုင်ငံရေးသမိုင်းမှာ တကယ့်ကိုအရေးပါတဲ့လူတွေပဲဆိုတော့ စာတွေ သေချာဖတ်ပြီးတော့ သေချာလေ့လာပြီးတော့ သရုပ်ဆောင်မှအဆင်ပြေမယ်။ ဒီတိုင်းဆိုရင်တော့ ပေါ့တီးပေါ့ရွတ်ဖြစ်သွားမှာ စိုးရိမ်တယ်' လို့ သူက ဆိုပါတယ်။

ဂဠုန်ဦးစောအဖြစ် ဦးစောမြစ်အငယ်ဖြစ်တဲ့ ဇော်ဇော်ပိုင်က သရုပ်ဆောင်မှာဖြစ်ပါတယ်။ ဦးစောမြစ် အကြီးဖြစ်တဲ့ သရုပ်ဆောင်မင်းခကတော့ လက်ရှိ ဒူဘိုင်းမှာဖြစ်ပြီး ဇော်ဇော်ပိုင်ကို မင်းခနဲ့ မှားယွင်းရေးသားပြီး မလိုက်ဖက်ဘူးလို့ဝေဖန်တာတွေလည်း လူမှုကွန်ရက်မှာ ဆွေးနွေးတာတွေရှိပါတယ်။

ဒီရုပ်ရှင်မှာ ဂျပန်စစ်ဗိုလ်နဲ့ နည်းပြတွေအဖြစ် ဂျပန်နိုင်ငံသားတွေပါဝင်မှာဖြစ်ပြီး တခြားဇာတ်ရုပ်တွေ အတွက် သီးသန့်ရွေးချယ်ထားတဲ့ မြန်မာသရုပ်ဆောင်သစ်တွေ ပါဝင်မှာဖြစ်ပါတယ်။

ခုနစ်နှစ်ကြာခဲ့တဲ့ ဗိုလ်ချုပ်ရုပ်ရှင်

ဒီရုပ်ရှင်မှာ ဂျပန်စစ်ဗိုလ်နဲ့ နည်းပြတွေအဖြစ် ဂျပန်နိုင်ငံသားတွေပါဝင်မှာဖြစ်ပြီး တခြားဇာတ်ရုပ်တွေအတွက် သီးသန့်ရွေးချယ်ထားတဲ့ မြန်မာသရုပ်ဆောင်သစ်တွေ ပါဝင်မှာဖြစ်ပါတယ်။

ဗိုလ်ချုပ်ရုပ်ရှင်ဖြစ်မြောက်ရေးအဖွဲ့ကို ၂၀၁၂ ခုနှစ်မှာ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ဖွဲ့စည်းပေးခဲ့ပြီး ဒါရိုက်တာမင်းထင်ကိုကိုကြီး၊ ဝိုင်း၊ ထွန်းအိန္ဒြာဗို၊ ဒါရိုက်တာအိအိခိုင်၊ ဇာဂနာ၊ လူမင်းနဲ့ ရုပ်ရှင်အစည်းအရုံးဥက္ကဋ္ဌ ဇင်ဝိုင်း တို့ပါဝင်ခဲ့ပါတယ်။

ဗိုလ်ချုပ်ရာပြည့် ၂၀၁၅ အမီရုံတင်ဖို့ရည်မှန်းခဲ့ပေမယ့် ကြားမှာ မရိုက်ကူးဖြစ်ဘဲ ခုနစ်နှစ်ကျော်ကြာခဲ့တာပါ။

၂၀၁၇ မှာ အစိုးရက ဗိုလ်ချုပ်ရုပ်ရှင်ရိုက်ကူးထုတ်လုပ်ရေးကော်မတီဖွဲ့ပြီး ဒီကော်မတီကို သာသနာရေးနဲ့ယဉ်ကျေးမှုဝန်ကြီး သူရဦးအောင်ကိုက ဦးဆောင်ပါတယ်။ အရင် ရုပ်ရှင်ဖြစ်မြောက်ရေးအဖွဲ့ထဲက ဒါရိုက်တာမင်းထင်ကိုကိုကြီး၊ ဒါရိုက်တာအိအိခိုင်၊ လူမင်းတို့ သုံးဦး ပြန်လည်ပါဝင်လာပါတယ်။

သရုပ်ဆောင်ရွေးချယ်တဲ့အပေါ် ဝေဖန်သံတွေနဲ့ပတ်သက်လို့ အရင်ရုပ်ရှင်ဖြစ်မြောက်ရေး အဖွဲ့ထဲမှာ ပါဝင်ခဲ့တဲ့ ဇာဂနာက အခုလို ပြောပါတယ်။

'ကျွန်တော်တို့ရွေးခဲ့တာ ကျော်ကျော်မျိုးနဲ့ ဇာခြည်လင်းနှစ်ယောက်တည်းပါ။ ကျန်တဲ့သူတွေ ကျွန်တော်တို့နဲ့ မဆိုင်တော့ပါဘူး။ ကျွန်တော့်အမြင်အရတော့ နိုင်းနိုင်းကို ဗိုလ်နေဝင်းနေရာထားတာ၊ ညိုမင်းလွင်ကို ကိုဗဟိန်းနေရာထားတာ မလိုက်ဖက်ဘူး။ သခင်သိန်းဖေနေရာရွေးထားတဲ့သူကိုလည်း မကြိုက်ဘူး။ ဒေါက်တာဘမော်နေရာ ရန်အောင်ကိုထားတာလည်း ရန်အောင်က ချောလွန်းနေတယ်။ သရုပ်ဆောင်တာ အပြင်ရုပ်နဲ့တူဖို့မလိုပေမယ့် ဇာတ်ကောင်စရိုက်ထင်ဟပ်ဖို့တော့လိုတယ်' လို့ သူက ပြောပါတယ်။

ဒါပေမဲ့ ခုရွေးထားတဲ့ ဝါရင့်သရုပ်ဆောင်တွေဟာ ပါဝင်ရမယ့် အခန်းနည်းလို့လည်း သုံးတာ ဖြစ်နိုင်ကြောင်း သူက ဆက်ပြောပါတယ်။

ဒီရုပ်ရှင်က သမိုင်းမှတ်တမ်း၊ စစ်ကားနဲ့ အထ္ထုပ္ပတ္တိကားမဟုတ်ဘဲ ရုပ်ရှင်တစ်ကားသာဖြစ်ပြီး နိုင်ငံရဲ့ လွတ်လပ်ရေးအကြောင်း ပြန်ပြောပြမှာဖြစ်တယ်လို့ ဒါရိုက်တာလူမင်းက စက်တင်ဘာ ၂၄ ရက်က ပြုလုပ်ခဲ့တဲ့ ရုပ်ရှင်စတင်ရိုက်ကူးခြင်းအသိပေးအခမ်းအနားမှာ ပြောကြားခဲ့ပါတယ်။

သရုပ်ဆောင်တွေရွေးချယ်မှုနဲ့ပတ်သက်လို့ Casting ဒါရိုက်တာအဖြစ် တာဝန်ယူထားတဲ့ပန်းချီစိုးမိုးက သမိုင်းမှတ်တမ်းအထောက်အထားတွေအရ သမိုင်းဝင်ပုဂ္ဂိုလ်တွေနဲ့ ရုပ်ဆင်တူတဲ့ သရုပ်ဆောင်တွေပါဝင်ပြီး အချိန်ယူဆောင်ရွက်ခဲ့တယ်လို့ အဲဒီအခမ်းအနားမှာ ပြောကြားသွားပါတယ်။

ဒီကားမှာ အဓိကသရုပ်ဆောင်က ဗိုလ်ချုပ်နေရာက သရုပ်ဆောင်မယ့်ကျော်ကျော်မျိုးဖြစ်ပြီး ပါဝင်တဲ့ တခြားသရုပ်ဆောင်တွေက ဗိုလ်ချုပ်ကိုချစ်စိတ်နဲ့ တစ်ဖက်တစ်လမ်းက ဝိုင်းဝန်းအားဖြည့် တာသာဖြစ်တယ်လို့ သူက ပြောပါတယ်။

ဒီရုပ်ရှင်အတွက် သရုပ်ဆောင်တွေကို ဒါရိုက်တာပန်းချီစိုးမိုးနဲ့ ဒါရိုက်တာလူမင်းတို့က အပြီးသတ် ရွေးချယ်ခဲ့ပြီး ၂၀၂၀ အမီ ရုံတင်ဖို့ စီစဉ်နေပါတယ်။ စက်တင်ဘာ ၃၀ မှာ ရန်ကုန်အမျိုးသားပြတိုက်မှာ စရိုက်မှာဖြစ်ပြီး မန္တလေး၊ အင်းဝနဲ့ နတ်မောက်မြို့တို့မှာလည်း ရိုက်ကူးမှာဖြစ်ပါတယ်။

ဒါ့အပြင် ရဲဘော်သုံးကျိပ်ကို စစ်ပညာသင်ပေးခဲ့တဲ့ ဂျပန်နိုင်ငံက ဗိုလ်မှူးကြီး ဆူဇူကီးနေအိမ်မှာ သွားရောက်ရိုက်ကူးမယ့် အစီအစဉ်လည်း ပါဝင်မှာဖြစ်ပါတယ်။