ကျောက်တော်မှာ ရဲတပ်ဖွဲ့ဝင်တစ်ဦး ဓားထိုးခံရပြီး သေဆုံး

ဓာတ်ပုံ ရင်းမြစ်, Kyaw Hla Myint
ရခိုင်ပြည်နယ် ကျောက်တော်မြို့မရဲစခန်းမှာ တာဝန်ထမ်းဆောင်နေတဲ့ ရဲတပ်ကြပ်ကြီးတစ်ဦးဟာ စက်တင်ဘာ ၂၂ ရက်နေ့မနက် ၇ နာရီလောက်မှာ ဓားထိုးခံရပြီး သေဆုံးသွားတယ်လို့ ဒေသခံတွေရဲ့ပြောပြချက်အရ သိရပါတယ်။
သေဆုံးသွားတဲ့ ရဲတပ်ကြပ်ကြီးဟာ ဦးမောင်လှ အသက် ၅၀ နှစ်ဖြစ်ကြောင်း သူဟာကျောက်တော်မြို့ခံဖြစ်ပြီး ပြည်တော် သာရပ်ကွက်မှာ နေထိုင်သူတစ်ဦးလည်းဖြစ်ပါတယ်။
စက်တင်ဘာ ၂၂ ရက်နေ့ သူ့ရဲ့နေအိမ်အပြင်ဘက်မှာ ဓားနဲ့ထိုးခံခဲ့ရတာ ဖြစ်တယ်လို့ ဒေသခံတွေက ဆိုပါတယ်။
"ဓားထိုးသတ်ခံလိုက်ရသူက ရဲတပ်ကြပ်ကြီးပါ။ ကျောက်တော်စခန်းမှာတာ၀န်ကျနေတာပါ။ သူနေတာက ပြည်တော်သာရပ်ကွက်မှာ နေတာပေါ့။ မနက်ပိုင်းက သူအိမ်ကနေထွက်လာတဲ့အချိ န် ၇ နာရီလောက်မှာ အသတ်ခံလိုက်ရတာပါ။"လို့ အမည်မဖော်လို သူ ကျောက်တော်မြို့ခံတစ်ဦးကေပြာပါတယ်။
ဖြစ်စဉ်နဲ့ပတ်သက်လို့ သိရှိလိုတဲ့အတွက် ကျောက်တော်မြို့မရဲစခန်းနဲ့ ပြည်တော်သာရပ်ကွက်အုပ်ချုပ်ရေးမှူးတို့ဆီကို ဆက်သွယ်ခဲ့ပေမယ့် အဆက်အသွယ်မရခဲ့ပါဘူး။
လုပ်ကြံသတ်ဖြတ်ခံလိုက်ရတဲ့ ရဲတပ်ကြပ်ကြီး ဦးမောင်လှဟာ ဓားထိုးဒဏ်ရာသုံးချက်ရရှိခဲ့ပြီး ဆေးရုံကိုပို့ဆောင်ပေးပေမယ့် ကျောက်တော်ဆေးရုံမှာ ဆေးကုသမှုခံယူနေရင်း သေဆုံးသွားခဲ့တာ ဖြစ်ပါတယ်။
ဘူးသီးတောင်မြို့ပေါ် ၆ ရက်ကွက်မှာလည်း စက်တင်ဘာလ၂၂ ရက်မနက်ပိုင်းက အခုလိုမျိုး ဓားထိုးမှုဖြစ်ခဲ့ပြီး ဓားထိုးခံရသူ ဦးသိန်းထွန်း အသက် ၆၀ ဟာ နေအိမ်ခြံဝင်းအတွင်းမှာ သေဆုံးသွား ခဲ့ပါတယ်။
သတ်ဖြတ်ခဲ့သူတွေဟာ ဘယ်သူတွေဖြစ်တယ်ဆိုတာကိုမသိရရှိရကြောင်းနဲ့ ဖမ်းဆီးနိုင်ခြင်းမရှိသေးကြောင်း ဒေသခံတွေက ပြောပါတယ်။
အခုလိုမျိုး ရခိုင်ပြည်နယ်အတွင်း သတ်ဖြတ်ခံရသူတွေဟာ တဖြေးဖြေးများပြားလာနေပြီး မြေပုံ၊ မင်းပြား၊ ကျောက်တော်၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်နဲ့ ဘူးသီးတောင်မြို့နယ်တွေမှာ အခုလိုမျိုး သတ်ဖြတ်မှုတွေ ဖြစ်ပွားနေတာဖြစ်ပါတယ်။
လွန်ခဲ့တဲ့ သြဂုတ်လ ၁၉ ရက်နေ့ ညနေ ၆ နာရီလောက်မှာ ကျောက်တော်မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူး စောသန်းလွင်ကို ကျောက်တော်သင်္ဘောဆိပ်အနီးမှာ လူတစ်စုက ဓားနဲ့ထိုးတာခံရပြီးတော့ ပုဏ္ဏားကျွန်းမြို့နယ် ယိုးတရုတ်ရဲကင်းစခန်းက ဒုရဲအုပ်တစ်ဦးကို ကျေးရွာဈေးမှာ ဈေးဝယ်နေစဉ် လူတစ်စုက ဓားနဲ့ထိုးသတ်သွားတဲ့ ဖြစ်စဉ်တွေဖြစ်ပွားခဲ့ဖူးပါတယ်။








