ရခိုင်မှာရဲမှူးတစ်ဦး အမည်မသိသူတွေရဲ့ဓားနဲ့ဝိုင်းအထိုးခံရမှုကြောင့်သေဆုံး၊ ဂုတ်တွင်းတံတားကို ဒီကနေ့ညနေပိုင်းမှာစအသုံးပြုနိုင်မယ် အပါအဝင် မနက်ခင်းသတင်းများ

ဒီကနေ့ ညနေမှာအသုံးပြုနိုင်ဖို့ လူအင်အားစက်အင်အားသုံးပြီး ဆောင်ရွက်နေ

ဓာတ်ပုံ ရင်းမြစ်, Ministry of Construction

ဓာတ်ပုံ ပုံစာ, ဒီကနေ့ ညနေမှာအသုံးပြုနိုင်ဖို့ လူအင်အားစက်အင်အားသုံးပြီး ဆောင်ရွက်နေ

ဂုတ်တွင်း တံတားကို ဒီကနေ့ ညနေပိုင်းမှာ စတင်အသုံးပြုနိုင်မယ်

မိုင်းခွဲဖျက်စီးခံရ လို့ သုံးပုံးနှစ်ပုံ လောက် ပျက်စီး သွားတဲ့ ဂုတ်တွင်း တံတားပေါ်မှာ အသစ်ထိုးထားတဲ့ ဘေလီတံတားကို ဒီကနေ့ သြဂုတ်လ ၂၀ ရက် ညနေပိုင်းမှာ ပြန်ဖွင့်ပေးမယ်လို့ ဆောက်လုပ်ရေး ဝန်ကြီး ဌာနက အသိပေးထုတ်ပြန်ထားပါတယ်။

တံတားသံဘောင်တွေTop Chord & Bottom Chord အပြီးတပ်ဆင်ခြင်း ၊တံတားချဉ်းကပ်လမ်း နှစ်ဘက် ဆောင်ရွက်ခြင်း နဲ့တံတား Load Test အလေးခံနိုင်ဝန် စမ်းသပ် စစ်ဆေးပြီးပါကအိမ်စီးကားတွေ၊ ခရီးသည် တင် ကားတွေနဲ့ ကုန်ကားတွေ(ယာဉ်+ကုန်=၃၆တန်) ကို ဒီကနေ့ ညနေပိုင်းမှာစနစ်တကျ ဖြတ်သန်း ခွင့်ပြုသွားမှာဖြစ်တယ်လို့ သိရပါတယ်။

"အိမ်စီးကားတွေ ကုန်ကားတွေ ဖြတ်လို့ရမှာပါ တွဲကားတော့ မရဘူး "လို့လည်း ဆာက်လုပ်ရေးဝန်ကြီးဌာန လမ်းဦးစီးဌာန ညွန်ကြားရေးမှူးချုပ် ဦးအုန်းလွင်ဦးအုန်းလွင်ကဘီဘီစီကိုပြောထားပါတယ်။

နောင်ချိုမြို့နဲ့အထွက် ၁ မိုင်လောက်ဝေးတဲနေရာမှာ ရှိတဲ့ ဒီတံတားဟာ သြဂုတ်လ ၁၅ ရက်နေ့က မြောက်ပိုင်းမဟာမိတ်အဖွဲ့တွေနဲ့တိုက်ပွဲတွေဖြစ်ပြီး မိုင်းခွဲခံရတာ ဖြစ်ပါတယ် ။

သြဂုတ်လ ၁၉ ရက်နေ့ နေ့လယ်ပိုင်းအထိ တံတားက ရာခိုင်နူန်းအားဖြင့်တော့ ၇၅ ရာခိုင်နှူန်းလောက်တော့ ပြီးနေပါပြီ မနက်ဖြန်ဖွင့်နိုင်မယ် လို့ ယူဆပါတယ် လို့နောင်ချိုမြို့နယ် ဒုတိယ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးဌေး လင်းအောင် က ဘီဘီစီကို ပြောထားပါတယ်။

သြဂုတ်လ ၁၅ ရက်နေ့ ကပြင်ဦးလွင်နဲ့ နောင်ချိုမှာ ဖြစ်ပွားခဲ့တဲ့တိုက်ပွဲတွေအပြီး ဂုတ်တွင်းတံတားမိုင်းခွဲ ခံရတာကြောင့် မန္တလေးကနေ မူဆယ်သွားတဲ့ လမ်းမပေါ်မှာ ကားတွေရာနဲ့ချီပြီး ပိတ်မိနေပါတယ်။

ရခိုင်မှာ ရဲမှူးတစ်ဦး အမည်မသိသူတွေရဲ့ ဓားနဲ့ ဝိုင်းအထိုးခံရမှုကြောင့် သေဆုံး

ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ် ရဲတပ်ဖွဲ့မှူး စောသန်းလွင်ဟာ သြဂုတ် ၁၉ရက်နေ့ ညနေ ၅ နာရီဝန်းကျင်က ကျောက်တော်မြို့ ပန်းခြံအနီး သင်္ဘေၤာဆိပ်မှာ အမည်မသိသူတွေက ဓါးနဲ့ ဝိုင်းထိုးတဲ့ အတွက် သေဆုံးသွားခဲ့ပါတယ်။

'' ဘယ်သူ ဘယ်ဝါမှန်းမသိတဲ့ လူ ၂ဦးလောက်က ဓားနဲ့ ထိုးတာ။ ကျောက်တော်ဆေးရုံကို ချက်ခြင်း ပို့ပြီး ကုပေမယ့် ည ၈ နာရီလောက်မှာ ဆုံးသွားတယ်''လို့ အခင်းဖြစ်ပွားရာအနီးမှာရှိတဲ့ ဈေးဆိုင်ပိုင်ရှင် တစ်ဦးကဘီဘီစီကို ပြောပါတယ်။

မြို့နယ်မှူး တစ်ဦး အသတ်ခံရတာနဲ့ ပတ်သက်ပြီး အခင်းဖြစ်ပြီးပြီးခြင်း ရခိုင်ပြည်နယ် ရဲတပ်ဖွဲ့မှူးကိုရော မြို့မရဲစခန်းကိုရော ဆက်သွယ်ခဲ့ပေမယ့် အတည်ပြုချက်ကိုတော့ ရယူနိုင်ခြင်း မရှိပါဘူး။

မြို့နယ်ရဲတပ်ဖွဲ့မှူးကို ဓားနဲ့ထိုးသူတွေဟာ ထွက်ပြေးသွားတဲ့ အတွက် ဘယ်သူ ဘယ်ဝါဆိုတာကို အခုအချိန်ထိ မသိရသေးဘူးလို့ ဒေသခံတွေက ဆိုပါတယ်။

ဒီနှစ် ၈ လပိုင်း ၁၉ ရက်နေ့ထိ ရခိုင်ပြည်နယ်အတွင်း မြို့နယ် အုပ်ချုပ်ရေးမှူး တစ်ဦး၊ ရဲစခန်းမှူး တစ်ဦး တို့ သတ်ဖြတ်ခံခဲ့ရသလို အခုတစ်ခါ မြို့နယ်ရဲတပ်ဖွဲ့မှူးတစ်ဦး ထပ်မံ သတ်ဖြတ်ခံခဲ့ရတာ ဖြစ်ပါတယ်။

လားရှိုး -မူဆယ်လမ်းကြောင်းရဲ့အဓိကလမ်းပိုင်းတစ်ခုဖြစ်တဲ့ ဖျက်ဆီးခံထားရတဲ့ဂုတ်တွင်းတံတား

ဓာတ်ပုံ ရင်းမြစ်, MPA

ဓာတ်ပုံ ပုံစာ, လားရှိုး -မူဆယ်လမ်းကြောင်းရဲ့အဓိကလမ်းပိုင်းတစ်ခုဖြစ်တဲ့ ဖျက်ဆီးခံထားရတဲ့ဂုတ်တွင်းတံတား

နယ်စပ်ကုန်သွယ်ရေး ကန်ဒေါ်လာ သန်းတစ်ထောင်ကျော်ဖိုး လျော့ကျ

ဒီနှစ်ရဲ့ တရုတ်-မြန်မာနယ်စပ်ကုန်သွယ်မှုပမာဏဟာ ပြီးခဲ့တဲ့နှစ်အလားတူကာလနဲ့နှိုင်းယှဉ်မယ်ဆိုရင် အမေရိကန်ဒေါ်လာ သန်းတစ်ထောင်ကျော်လျော့ကျသွားတယ်လို့ စီးပွားရေး နဲ့ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာနက ထုတ်ပြန်တဲ့အချက်အလက်တွေအရသိရပါတယ်။

ဒါဟာ တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေးရဲ့ အဓိက ကုန်သွယ်ရေးဇုန်တစ်ခုဖြဖစ်တဲ့ မူဆယ်ကုန်သွယ် ရေးစခန်းကနေ လျော့ကျသွားတာဖြစ်ပါတယ်။

ပြီခဲ့တဲ့ ၂၀၁၇-၁၈ ဘဏ္ဍာနှစ် ရဲ့အောက်တိုဘာလ ၁ ရက်နေ့ကနေ သြဂုတ်လ ၉ ရက်နေ့ထိ မူဆယ် နယ်စပ်ကုန်သွယ်ရေးဇုန်ကနေ အမေရိကန်ဒေါ်လာ သန်းပေါင်း ငါးထောင့်သုံးရာကျော်ရှိခဲ့ပေမဲ့ ယခု ဘဏ္ဍာနှစ်ရဲ့ အလားတူကာလမှာတော့ အမေရိကန်ဒေါ်လာ သန်းပေါင်း လေးထောင့်နှစ်ရာသာရရှိသေးတာဖြစ်ပါတယ်။

တရုတ်နိုင်ငံအနေနဲ့နယ်စပ်လုံခြုံရေးတိုးမြှင့်လိုက်တဲ့အတွက် မြန်မာဘက်ခြမ်းကနေ တရုတ်ဘက်ကို ကုန်ပစ္စည်း အတော်တော်များတရားမဝင်သွားလို့ မရတော့သလို တရုတ်နိုင်ငံဘက်ကလည်း ဆန် ပြောင်းနဲ့သကြားတို့ကို အရင်နှစ်တွေကလောက် မဝယ်ယူတော့တာကလည်း ကုန်သွယ်မှုပမာဏကျ ဆင်းစေခဲ့တာဖြစ်ပါတယ်။

ဒါ့အပြင် အခုရက်ပိုင်းအတွင်း မူဆယ်- လားရှိုး ကားလမ်းမပေါ်မှာ တိုက်ပွဲတွေဖြစ်နေသလို မကြာသေးခင်ရက်ပိုင်းကလဲ အဲဒီကားလမ်းမပေါ်က တံတားတစ်စင်းမိုင်းခွဲခံလိုက်ရတဲ့အတွက် ကုန်သွယ်မှုတွေ ပြတ်တောက်နေပါတယ်။

NLD အစိုးရတက်လာပြီးနောက်ပိုင်းတရုတ်နဲ့မြန်မာအစိုးရကြားနီးနီးကပ်ကပ်ဆက်ဆံနေပေမဲ့နှစ်နိုင်ငံ ကုန်သွယ်မှုပမာဏမှာတော့လျော့ကျသွားခဲ့ပြီးမြန်မာနိုင်ငံရဲ့အဓိက လယ်ယာထွက်ကုန်တွေကိုတရုတ် နိုင်ငံက ဝယ်ယူမှုသိသိသာသာလျော့ကျသွားခဲ့ပါတယ်။

ဆန္ဒပြမှုတွေကို အင်အားလျော့သွားအောင်လုပ်ဆောင်တဲ့ တရုတ်ပြည်တွင်းက အဲဒီအကောင့်တွေကို ပိတ်ပစ်တာ၊ ဆိုင်းပစ်တာတွေ လုပ်ခဲ့

ဓာတ်ပုံ ရင်းမြစ်, Empics

ဓာတ်ပုံ ပုံစာ, ဆန္ဒပြမှုတွေကို အင်အားလျော့သွားအောင်လုပ်ဆောင်တဲ့ တရုတ်ပြည်တွင်းက အဲဒီအကောင့်တွေကို ပိတ်ပစ်တာ၊ ဆိုင်းပစ်တာတွေ လုပ်ခဲ့

ဟောင်ကောင်မှာ သတင်းအမှားလှုံ့ဆော်မှုတွေလုပ်ဆောင်ခဲ့မှုကို ဖော်ထုတ်

ဟောင်ကောင်နဲ့ပတ်သက်ပြီး လူတွေသဘောထားကွဲလွဲအောင် တရုတ်အစိုးရ နောက်ခံပေးနေတဲ့ သတင်းအမှားလှုံ့ဆော်ရေး လှုပ်ရှားမှုကို ဖော်ထုတ်နိုင်ခဲ့ပြီလို့ လူမှုကွန်ရက် စာမျက်နှာတွဖြစ်တဲ့ ဖေ့ဘွတ်ခ်နဲ့ တွစ်တာတို့က ပြောပါတယ်။

ဟောင်ကောင်မှာ မကြာသေးခင်တုန်းကဖြစ်တဲ့ ဒီမိုကရေစီပိုရရေး ဆန္ဒပြမှုတွေကို အင်အားလျော့သွားအောင်လုပ်ဆောင်တဲ့ တရုတ်ပြည်တွင်းက အဲဒီအကောင့်တွေကို ပိတ်ပစ်တာ၊ ဆိုင်းပစ်တာတွေ လုပ်ခဲ့တယ်လို့ တွစ်တာနဲ့ဖေ့ဘွတ်ခ် ကုမ္ပဏီတွေက ပြောပါတယ်။

တွစ်တာကို တရုတ်ပြည်မကြီးမှာ အသုံးပြုခွင့်မပေးထားတာပေမဲ့ အင်တာနက်ပေါ်မှာ နောက်ထပ် ကိုယ်ပိုင်ကွန်ယက်တစ်ခုဖန်တီးတဲ့ Virtucal Private Network (VPN) ပြုလုပ်ပြီး တွစ်တာကို အသုံးပြုနိုင်ပါတယ်။ ဒါ့အပြင် နိုင်ငံပိုင် မီဒီယာ ကုမ္ပဏီတွေနဲ့ ကြော်ငြာတွေကိုလည်း လက်မခံတော့ဘူးလို့ တွစ်တာက ပြောပါတယ်။

ဟားမက်စ်နဲ့ဟစ်ဘိုလာကို နိုင်ငံတကာအကြမ်းဖက်အဖွဲ့အစည်းအဖြစ် သတ်မှတ်ကြောင်း ပါရာဂွေးအစိုးရ ကြေညာ

ဟားမက်စ်နဲ့ဟစ်ဘိုလာတို့ကို နိုင်ငံတကာအကြမ်းဖက်အဖွဲ့အစည်းအဖြစ် သတ်မှတ်လိုက်တယ်လို့ ပါရာဂွေးအစိုးရက ကြေညာလိုက်ပါတယ်။

အဲဒီလိုသတ်မှတ်လိုက်တဲ့အထဲမှာ အိုင်အက်စ်နဲ့ အယ်ကေးဒါးအဖွဲ့တွေလည်း ပါဝင်တယ်လို့ ပါရာဂွေး ပြည်ထဲရေးဝန်ကြီး ဟွမ် ဗီလာမေယာက ပြောပါတယ်။

ပါရာဂွေးနိုင်ငံဟာ ပြည်တွင်းက အဲဒီအဖွဲ့ ကွန်ရက်တွေရဲ့ လှုပ် ရှားမှုတွေ ဖြိုခွင်းမှာဖြစ်ပြီး ဘဏ္ဍာရေး ပိုင်းဆိုင်ရာတွေကိုလည်း ကန့်သတ်သွားမယ်လို့ ဝန်ကြီးက ပြောပါတယ်။

ပြီးခဲ့တဲ့ နှစ်တုန်းက လက်ဘနွန်နိုင်ငံက ဘာရာခတ်အဖွဲ့ရဲ့ခေါင်းဆောင်ကို အာဂျင်တီးနား၊ ပါရာဂွေးနဲ့ ဘရာဇီးနိုင်ငံတို့ နယ်စပ်တွေ မှာ ဖမ်းမိခဲ့ပါတယ်။ အာဆက် အာမက် ဘာရာခတ်ဟာ အကြမ်းဖက် အဖွဲ့အစည်းတစ်ခုကို ငွေကြေးထောက်ပံ့မှု၊ ငွေကြေး ခဝါချမှုနဲ့ စွပ်စွဲခံခဲ့ရတာပါ။

ပြီးခဲ့တဲ့လတုန်းကလည်း အာဂျင်တီးနားနိုင်ငံဟာ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မိုက်ပွန်ပေယိုရဲ့ လက်တင်အမေရိကခရီးစဉ်အပြီးမှာ ဟစ်ဘိုလာအဖွဲ့ကို အကြမ်းဖက်အဖွဲ့အစည်းအဖြစ် သတ်မှတ် ခဲ့ပါတယ်။