ချင်းရွှေဟော် နယ်စပ်ကုန်သွယ်ရေး ရပ်

ဓာတ်ပုံ ရင်းမြစ်, Ministry of Commerce
မြန်မာနိုင်ငံရဲ့ နယ်စပ်ကုန်သွယ်ရေးအတွက် အရေးပါတဲ့ ချင်းရွှေဟော် လမ်းကြောင်းမှာ တိုက်ပွဲတွေကြောင့် ကုန်သွယ်ရေး ရပ်စဲလုနီးပါး ဖြစ်နေပါတယ်။
ကုန်ကားအသွားအလာတွေက အရင်ထက်စာရင် နည်းသွားပြီလို့ စီးပွားကူးသန်းဝန်ကြီးဌာန လက်ထောက်အတွင်းဝန် ဦးခင်မောင်လွင်က ဘီဘီစီကို ပြောပါတယ်။
ချင်းရွှေဟော် ကုန်သွယ်ရေး လမ်းကြောင်းဟာဆိုရင် မြန်မာနိုင်ငံရဲ့ တတိယအကြီးဆုံး နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်း ဖြစ်ပြီး မြန်မာ-တရုတ် နယ်စပ်မှာဆိုရင် ဒုတိယအကြီးဆုံး နယ်စပ်စခန်းလည်း ဖြစ်ပါတယ်။
တိုက်ပွဲမဖြစ်ခင်ကတော့ ဒီလမ်းကြောင်းကနေ ကုန်သွယ်ရေးဟာ တဖြည်းဖြည်း တိုးလာနေတယ်လို့ ဦးခင်မောင်လွင်က ပြောပါတယ်။
ပြီးခဲ့တဲ့နှစ်က တရုတ်ကို ကုန်ပစ္စည်း အမေရိကန်ဒေါ်လာ သန်း ၅၀၀ နီးပါးတင်ပို့နိုင်ပြီး တရုတ်ဘက်က ဒေါ်လာသန်း ၅၀ လောက်တင်သွင်းခဲ့ပါတယ်။

ဒီကုန်သွယ်ရေးလမ်းကြောင်းကနေ တရုတ်နိုင်ငံကို ဆန်၊ ပြောင်း၊ ပဲ တွေအဓိက တင်ပို့တဲ့အပြင် ရာသီကုန်တွေလည်း တင်ပို့ပါတယ်။ တရုတ်ဘက်ကတော့ ဆောက်လုပ်ရေးပစ္စည်းတွေ အများအပြား တင်သွင်းပါတယ်။
ဒါကြောင့် ဒီကုန်သွယ်ရေးလမ်းကြောင်းက တခြားနယ်စပ်ဂိတ်တွေလို စိုက်ပျိုးရေး သီးနှံတွေ အများဆုံးတင်ပို့တဲ့ နေရာတစ်ခုလည်း ဖြစ်ပါတယ်။
ဒီကုန်သွယ်ရေးလမ်းကြောင်းဟာ ဒီနှစ်ဆန်းတုန်းက ရှမ်းမြောက်ပိုင်းမှာ တိုက်ပွဲတွေ စဖြစ်ကတည်းက လျော့နည်းလာနေခဲ့တာ ဖြစ်တယ်လို့ တရုတ်မြန်မာနယ်စပ်က ဘီဘီစီသတင်းထောက်က ဦးမျိုးသစ်က ပြောပါတယ်။
ချင်းရွှေဟော်ကုန်သွယ်ရေးလမ်းကြောင်းဟာ မူဆယ်လမ်းကြောင်းလောက် မကြီးပေမယ့် တိုက်ပွဲတွေ ကြာလာတာနဲ့အမျှ ထိခိုက်သွားနိုင်တယ်လို့ တရုတ်မြန်မာနယ်စပ်က ဘီဘီစီသတင်းထောက်က ဦးမျိုးသစ်က သုံးသပ်ပါတယ်။
ဦးမျိုးသစ်ရဲ့ သတင်းပေးပို့ချက် နားဆင်ရန် -










