ရသေ့တောင် အငူမော်ဇက်ဆိပ်ကမ်းအနီး တိုက်ပွဲ အရပ်သားတစ်ဦးသေဆုံး

တိုက်ပွဲဖြစ်ခဲ့တဲ့ အငူမော် ဆိပ်ကမ်း
ဓာတ်ပုံ ပုံစာ, တိုက်ပွဲဖြစ်ခဲ့တဲ့ အငူမော် ဆိပ်ကမ်း

တပ်မတော်စစ်ကြောင်းတွေကို တင်ဆောင်လာတဲ့ စစ်ရေယာဉ်တစ်စီးဟာ စက်တင်ဘာလ ၂၁ ရက်နေ့ မနက်ပိုင်း ရသေ့တောင်မြို့နယ် အငူမော်ကျေးရွာအနီးရှိ ဇက်ဆိပ်ကမ်းကို ဆိုက်ကပ် နေစဉ်မှာ မိုင်းခွဲတိုက်ခိုက်ခံခဲ့ရပြီး အပြန်အလှန်တိုက်ခိုက်မှုတွေ ဖြစ်ပွားရာ မှာဒေသခံ အရပ်သားတစ်ဦးသေဆုံးသွားကြောင်းအငူမော်ဒေသခံတွေကပြောပါတယ်။

အငူမော်ကျေးရွာရဲ့ တောင်ဘက် တစ်မိုင်ဝန်းကျင်မှာရှိတဲ့ အေးရှား ဝေါလ်ကုမ္ပဏီဆိပ်ကမ်းမှာ စက်တင်ဘာ၂၁ ရက်နေ့ မနက် ပိုင်းတပ်မတော်ရေတပ်သင်္ဘောတစ်စီးပစ္စည်းတွေကမ်းပေါ်တင်နေတဲ့အချိန်မှာပေါက်ကွဲတာကနေစဖြစ်ခဲ့တယ်၊မိုင်းခွဲတိုက်ခိုက်ခံရတယ်လို့ ယူဆရတယ်လို့အငူမော်ဒေသခံ ဦးအောင်ဇော်ဝင်းက ဘီဘီစီ ကိုပြောပါတယ်။

အဲ့ဒီမိုင်းခွဲတိုက်ခိုက်မှုအပြီးမှာ တပ်မတော်ဘက်က လက်နက်ကြီးလက်နက်ငယ်တွေနဲ့ အနီးဝန်းကျင်ကို ပစ်ခတ်ခဲ့ကြတာ ကြောင့် အနီးကတောင်ယာမှာ သီးနှံစိုက်ခင်းလုပ်ကိုင်နေတဲ့ အသက် ၅၀ ကျော်အရွယ် အရပ်သားတောင်သူတစ်ဦးဖြစ်တဲ့ ဦးကျော်ဝင်းဟာ ကျည်ထိမှန်သေဆုံးခဲ့ရတယ်လို့ ဒေသခံတွေကပြောပါတယ်။

"စစ်သင်္ဘောတစ်စီးကတက်လာတော့ အေးရှားဝေါလ်ကုမ္ပဏီဆိပ်ကမ်းနားမှာ ဗုံးပေါက်ပါတယ်။ ဘယ်လိုဖြစ်တယ်ဆိုတာ ကတော့ တစ်ယောက်မှာ သွားမကြည့်ဘူးရဲဘူး။ ပေါက်သံတော့ကြားလိုက်ရတာပေါ့။ ရွာနဲ့ အဲ့ဒီနေရာက တစ်မိုင်ဝန်း ကျင်လောက်ဝေးပါတယ်။ ပေါက်ကွဲပြီးတော့ တပ်ဘက်က လက်နက်ကြီးလက်နက်ငယ်တွေနဲ့ ပစ်ကြတယ်။ အဲ့ဒီမှာ တောင်ယာလုပ်နေတဲ့တစ်ယောက် ကျည်ထိတယ်။ ချက်ချင်းသေတာလားမသိဘူး။ ညနေပိုင်းသူတို့ပြန်သွားမှ အလောင်းကိုသွားရောက်ရတာပါ။"လို့ ဦးအောင်ဇော်ဝင်းကပြောပါတယ်။

ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး တပ်မတော်စစ်ကြောင်းက မိနစ် ၃၀ ခန့်လောက်အကြာ သေနတ်တွေနဲ့ပစ်ခတ်ခဲ့ကြသလို ရေတပ်သင်္ဘောပေါ်ကလည်း အမြှောက်တွေနဲ့ပစ်ခတ်မှုတွေ ပြုလုပ်ခဲ့တဲ့အတွက်ကျေးရွာသားတွေကြောက်လန့်ပြီးတော့ ထွက်ပြေးခဲ့ရတယ်လို့ဆိုပါတယ်။

ဒါ့အပြင်အဲ့ဒီဖြစ်စဉ်ကြောင့် အငူမော်-မောင်တော၊ အငူမော်-ဘူးသီးတောင်-ရသေ့တောင် ကားလမ်းတွေမှာ လိုင်းကားတွေပြေးဆွဲမှုကိုလည်းရပ်နားခဲ့ရပြီး ကျေးရွာအတွင်းမှာလည်း ဈေးဆိုင်တွေကိုပိတ်ထားခဲ့ကြပါတယ်။

စက်တင်ဘာလ၂၂ ရက်မှာတော့ ကားလိုင်းတွေလည်းပြန်လည်ပြေးဆွဲနေကြပြီဖြစ်တယ်လို့ ဒေသံခံတွေကပြောပါတယ်။

အဲ့ဒီစစ်ကြောင်းဟာ ဘူးသီးတောင်မြို့နယ်ကနေ ရသေ့တောင်မြို့နယ် အငူမော်ကျေးရွာဘက်ကို ပြောင်းရွှေ့လာခဲ့တာ ဖြစ်ပြီး မိုင်းပေါက်ကွဲမှုကြောင့် အပြန်အလှန်ပစ်ခတ်မှုတွေ ဖြစ်ခဲ့တယ်လို့ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းဦးစီး ဗိုလ်မှူးကြီးဝင်းဇော်ဦးက ပြောပါတယ်။

"အုပ်ချုပ်မှုယာဉ်တန်းတစ်ခု ဘူးသီးတောင်ကနေ အငူမော်ကိုသွားတယ်။ ကျွန်တော်တို့ အတက်အဆင်းလုပ်နေတဲ့ ဆိပ်ကမ်းမှာ ကျွန်တော်တို့မရောက်သေးဘူး။ မိုင်းထကွဲတယ်။ ထိခိုက်တာတော့မရှိဘူး။ သူပစ်ကိုယ်ပစ်ပစ်ခဲ့ကြတယ်။ အဲ့ဒီမှာ အရပ်သားတစ်ဦးသေတယ်လို့တော့ကြားတယ်။"လို့ ဗိုလ်မှူးကြီးဝင်းဇော်ဦးက အတည်ပြုပြောကြားပါတယ်။

အဲ့ဒီအရပ်သားသေဆုံးမှုဟာ နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှုတွေဖြစ်ပွားခဲ့ကြတာကြောင့် ဘယ်ဘက်ကပစ်ခတ်တဲ့ ကျည်ဆံကြောင့် သေဆုံးသွားတယ်ဆိုတာကို မသိဘူးလို့ ဆက်လက်ပြောကြားခဲ့ပါတယ်။

ဒါ့အပြင် စက်တင်ဘာ ၂၀ ရက်နေ့ကလည်း ဘူးသီးတောင်မြို့ အရှေ့ဘက် ၃ မိုင်ခန့်အကွာ ဘူးသီးတောင်-စိုင်းဒင် ကားလမ်းမဘယ်ဘက် ဝါးခုတ်ချောင်းအနီးမှာရှိတဲ့ တပ်ဌာနချုပ်တစ်ခုအား ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်တိုက်ခဲ့တဲ့အတွက် ကလေးနှစ်ဦးထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ် ။

တပ်ဌာနချုပ်ကို ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်ခဲ့တဲ့အတွက် တပ်မတော်ဘက်က နယ်မြေရှင်းလင်းရေးတွေ ဆောင်ရွက်တဲ့ အခါမှာ အေအေဘက်မှ အလောင်းခြောက်လောင်းနဲ့ သေနတ်ငါးလက် သိမ်းဆညည်းရမိခဲ့တယ်လို့ ဗိုလ်မှူးကြီးဝင်းဇော်ဦး က ပြောပါတယ်။

ဒါ့အပြင် မင်းပြားမြို့နယ် ပန်းမြောင်းနယ်မြေအတွင်းမှာလည်း တပ်မတော်နဲ့ ရက္ခိုင့်တပ်မတော် အေအေတို့အကြား တိုက်ပွဲတွေနေ့စဉ်ဖြစ်ပွားနေပါတယ်။