နေပြည်တော်မှာ ဖောက်ခွဲတိုက်ခိုက်မယ့် သတင်း ရရှိနေတယ်လို့ သမ္မတရုံး သတိပေး

ဓာတ်ပုံ ရင်းမြစ်, AFP/ Getty Images
နေပြည်တော်မှာ ဖောက်ခွဲမှု ပြုလုပ်လာမယ့် သတင်းရရှိထားတဲ့ အတွက် လုံခြုံရေး အထူး ဂရုစိုက်ဖို့ သမ္မတရုံးက အစိုးရ ဌာနဆိုင်ရာ အသီးသီးကို ညွှန်ကြားထားကြောင်း ဘီဘီစီ သိလာရပါတယ်။
အဲဒီလို သမ္မတရုံးရဲ့ သတိပေးချက်ရှိတဲ့ အတွက် ဆောက်လုပ်ရေး ဝန်ကြီးဌာနကနေ ဝန်ကြီးဌာနအောက်က ဦးစီးဌာန အသီးသီးထံကို ပေးပို့ခဲ့ပါတယ်။
လုံခြုံရေး ဆိုင်ရာ သတိပေးချက် လက်ခံ ရရှိထားတယ်လို့ ဆောက်လုပ်ရေး ဝန်ကြီးဌာနအောက်က ဦးစီးဌာနတစ်ခုဖြစ်တဲ့ ကျေးလက်လမ်း ဖွံ့ဖြိုးရေး ဦးစီးဌာနက ဘီဘီစီကို အတည်ပြုပါတယ်။
လူအဝင်အထွက်တွေ သတိထား စိစစ်တာမျိုး၊ လိုအပ်လာရင် လမ်းတံတားတွေ ပိတ်တာမျိုး ဆောင်ရွက်ဖို့ ပြင်ဆင်ထားတယ်ဆိုပြီး ကျေးလက်လမ်း ဖွံ့ဖြိုးရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးခင်သက်က ပြောပါတယ်။
သတိပေးညွှန်ကြားလွှာထဲ ဘာတွေ ပြောထားလဲ
ဒီညွှန်ကြားချက်ဟာ နိုင်ငံတော် သမ္မတရုံး၊ နိုင်ငံရေးနဲ့ လုံခြုံရေး ဌာနကြီး ထံကနေ စက်တင်ဘာ ၁၆ ရက်နေ့ ရက်စွဲနဲ့ အကြောင်းကြားလာတာ ဖြစ်တယ်လို့ ဆောက်လုပ်ရေး ပြည်ထောင်စု ဝန်ကြီး ကိုယ်စား လက်ထောက် အတွင်းဝန် ဦးအုန်းတင့် လက်မှတ်ထိုးထားတဲ့ စာထဲ တွေ့ရပါတယ်။
ပစ်မှတ်ထားခံရတဲ့ နယ်မြေဟာ နေပြည်တော်ကောင်စီ နယ်မြေ ဖြစ်တယ်လို့ ဆိုပါတယ်။
ဒါ့ကြောင့် ပြည်ထောင်စု နယ်မြေထဲမှာ လုံခြုံရေး အထူးဂရုပြု ဆောင်ရွက်ကြဖို့ အစိုးရ ဌာနဆိုင်ရာတွေကို သတိပေးထားတာ ဖြစ်ပါတယ်။
(ပြည်ထောင်စုနယ်မြေဆိုတာ နိုင်ငံတော်သမ္မတ တိုက်ရိုက် အုပ်ချုပ်မှုအောက်မှာ ထားရှိတဲ့ နယ်မြေလို့ အဓိပ္ပာယ်ဖွင့်နိုင်ပြီး ၊ လက်ရှိမှာတော့ အစိုးရရုံးစိုက်ရာ နေပြည်တော်ကို ပြည်ထောင်စုနယ်မြေ အဖြစ် သတ်မှတ်ထားပါတယ်။)

ဓာတ်ပုံ ရင်းမြစ်, AFP/Getty Images
ဖောက်ခွဲတိုက်ခိုက်မှု လုပ်လာနိုင်တဲ့ ရက်တွေ ဆိုပြီး အတိတကျလည်း ဖော်ပြထားပါတယ်။
၁၆ ရက် စက်တင်ဘာ ဆိုတဲ့ ပထမဆုံး ရက်စွဲကတော့ ကျော်လွန်ခဲ့ပြီ ဖြစ်ပါတယ်။
ဗုံးခွဲ တိုက်ခိုက်ခံရနိုင်တဲ့ ရက်တွေ အဖြစ် ထပ်ပြောထားတဲ့ ရက်စွဲတွေကတော့ ၂၆ ရက် စက်တင်ဘာ ဒါမှမဟုတ် ၁၆ ရက် အောက်တိုဘာ ရက်တွေဆိုပြီး ဖော်ပြထားပါတယ်။
ဘယ်သူတွေက တိုက်ခိုက်လာနိုင်တယ်လို့ ပြောထားလဲ
ဖောက်ခွဲမှုတစ်ခု ပြုလုပ်လာမယ့် သူတွေဆိုပြီး တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တချို့ကို နာမည်တပ်ပြီး ပြောဆိုထားတာမှာ တနိုင်ငံလုံး အပစ်ရပ် သဘောတူ စာချုပ် NCA စာချုပ်ထဲ ပါဝင် လက်မှတ်ရေးထိုးထားတဲ့ ချင်းအမျိုးသားတပ်ဦး CNF နဲ့ ကရင်အမျိုးသား အစည်းအရုံး KNU တို့ ပါဝင်နေတာ တွေ့ရပါတယ်။
ဒါ့အပြင် လတ်တလောမှာပဲ ကျိုင်းတုံ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေ ပြုလုပ်ထားတဲ့ မြောက်ပိုင်း မဟာမိတ် အဖွဲ့တွေထဲကလည်း ရခိုင် အေအေ အဖွဲ့နဲ့ ကချင် ကေအိုင်အေတို့ကို နာမည်တပ် ဖော်ပြထားပြီး ကျန်တစ်ဖွဲ့ကို စိစစ်နေဆဲလို့ ဆိုထားပါတယ်။

ဓာတ်ပုံ ရင်းမြစ်, THET AUNG/AFP/Getty Images)
အဲဒီလို သမ္မတရုံးဘက်က ပြုလုပ်ထားတဲ့ လုံခြုံရေးတပ်လှန့်မှုထဲမှာ ပါဝင်နေတဲ့ ရခိုင် အေအေ အဖွဲ့ကတော့ နေပြည်တော်ထိ တက်ပြီး ဗုံးခွဲမယ်ဆိုတဲ့ သတင်းကို ငြင်းပယ်ပါတယ်။
"အစိုးရအနေနဲ့ သူတို့ဘာသာ သူတို့ စိတ်မလုံမခြုံ ဖြစ်နေကြတာ … ဗုဒ္ဓဘာသာစကားနဲ့ ပြောရရင် ကံကံရဲ့ အကျိုးပေးလို့ ပြောရမှာပေါ့။ သူများကို သွားပြီး အနိုင်ကျင့်တာတွေ များလာတော့ ကိုယ့်ကိုလည်းသူများက အဲဒီလို လုပ်မလားဆိုပြီး စိုးရိမ်ချက်တွေ သူတို့စိတ်ထဲ ရှိနေတာ" ဆိုပြီး အေအေ ပြောခွင့်ရ ခိုင်သုခက ပြောပါတယ်။
ကျန် နာမည်တပ်ခံထားရတဲ့ အဖွဲ့တွေဘက်က တုန့်ပြန်ချက်တွေကိုတော့ မသိရသေးပါဘူး။
ဒီသတင်းဘယ်ကရတာလဲ
တပ်မတော်အနေနဲ့ရော အခုလို နေပြည်တော်မှာ ဗုံးခွဲခံရနိုင်တဲ့ သတင်းမျိုးရထားလား ဆိုပြီး တပ်မတော် သတင်းမှန်ပြန်ကြားရေး အဖွဲ့ကို ဘီဘီစီက မေးပါတယ်။
"ဒီသတင်းကို တပ်မတော်အနေနဲ့ သမ္မတရုံးထံကနေ ကနဦး ရရှိတာမဟုတ်ဘူး။ ကနဦး အကြောင်းကြားလာတဲ့ ဌာနရှိတယ်။ အဲဒီ သတင်းအပေါ် မူတည်ပြီး အခုလို သတိပေးချက်တွေ ပေါ်ထွက်လာတာဖြစ်တယ်" လို့ တပ်မတော် သတင်းမှန်ပြန်ကြားရေး အဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ဖြေဆိုပါတယ်။
ဒါပေမယ့် ကနဦး သတင်းရရှိတဲ့ ဌာန ဆိုတာ ဘယ်ဌာနလည်း ဆိုတာကိုတော့ ထုတ်ဖော် ပြောဆိုတာမျိုး မလုပ်ပါဘူး။
ဒီသတင်းကို လျစ်လျူရှုမထားပဲ အခုအချိန်ကစပြီး လုံခြုံရေးနဲ့ ပတ်သက်လို့ သတိထား ဆောင်ရွက်နေတယ်လို့လည်း ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောပါတယ်။
"ဘယ်အဖွဲ့အစည်းထံက ဖြစ်စေ လုံခြုံရေးနဲ့ ပတ်သက်တဲ့ သတင်းမျိုး ရရှိပြီဆိုရင် သတိဆိုတာ ပိုသည်မရှိ ဆိုပြီး သဘောထားတယ်" လို့လည်း ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ဆိုပါတယ်။
ဝန်ကြီးဌာနတွင်း သတိပေး ညွှန်ကြားချက် ပေါက်ကြားလာတဲ့ ဖြစ်ရပ်အပေါ်မှာတော့ ဌာနတွင်း လျှို့ဝှက်အနေနဲ့ အသိပေး ဖြန့်တဲ့ အစိုးရ ရုံးစာမျိုး အွန်လိုင်းပေါ် ရောက်လာတာမျိုး မဖြစ်သင့်ဘူးလို့ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက မှတ်ချက်ပြုပါတယ်။








