ဒုတိယကျိုင်းတုံ ဆွေးနွေးပွဲ အပစ်ရပ်လက်မှတ်မထိုးဖြစ်

ကျိုင်းတုံ Amazing Kengtong Resort ဟိုတယ်မှာ စက်တင်ဘာလ၁၇ ရက်က အမျိုးသား ပြန်လည်သင့် မြတ်ရေးနဲ့ ငြိမ်းချမ်းရေးဗဟိုဌာန NRPC၊ မြန်မာတပ်မတော် နဲ့မြောက်ပိုင်းမဟာမိတ်အဖွဲ့တွေ ဆွေးနွေးပွဲ အပြီးမှာ နှစ်ဘက် အပစ်ခတ်ရပ်စဲရေးကို လက်မှတ်မထိုးဖြစ်ခဲ့ဘူးလို့ အစည်းဝေးအပြီး မြောက်ပိုင်း မဟာမိတ်အဖွဲ့ ကိုယ်စားလှယ်တွေက ပြောပါတယ် ။

နှစ်ဘက် အပစ်ရပ်လက်မှတ်ထိုးဖို့ဆွေးနွေးကြရာမှာ အပစ်ရပ် စောင့်ကြည့်ပေးမယ့် ဒိုင်လူကြီးကိစ္စ သဘောတူချက်မရ သလို အပစ်ရပ် လက်မှတ်ထိုးစာချုပ်ပုံစံကို ဆွေးနွေးရာမှာလည်း ကွဲလွဲမှုတွေ ရှိခဲ့တယ်လို့လည်း သူတို့က ပြောပါတယ်။

ဒါပေမယ့် လာမယ့်အောက်တိုဘာလ အတွင်းမှာ ပြန်တွေ့ကြဖို့ သဘောတူခဲ့ကြတယ်လို့ အေအေက ဒု စစ်ဦးစီးချုပ် ဒေါက်တာ ညိုထွန်းအောင်က သတင်းမီဒီယာတွေကို ပြောပါတယ်။

အစိုးရဘက်ကတော့ ဒီအစည်းဝေးမှာ အချက်၇ ချက် သဘောတူခဲ့ ပြီးတော့ မြောက်ပိုင်း အဖွဲ့တွေက ဒီဟာကို လက်မှတ်ရေးထိုးဖို့ ကိုယ်စားပြုလုပ်ပိုင်ခွင့်မပါလာလို့ မထိုးနိုင်ခဲ့တာဖြစ်ပြီးတော့ မှတ်တမ်းတင်မှုသာ လုပ်နိုင်ခဲ့တယ်လို့ လည်း NRPC က ဦးဇော်ဌေးက သတင်းမီဒီယာတွေကို ပြောပါတယ်။

ဒါပေမယ့် ဆွေးနွေးပွဲရလဒ် ကိုအပြုသဘောမြင်တယ်လို့လည်း ဦးဇော်ဌေးက ပြောပါတယ်။

မြောက်ပိုင်းမဟာမိတ်အဖွဲ့တွေ နဲ့ NRPC တို့ဟာ ကျိုင်းတုံမှာ ဒုတိယအကြိမ် တွေ့ဆုံတာဖြစ်ပြီး သြဂုတ်လ ၃၁ ရက်က လည်း ပထမအကြိမ် တွေ့ဆုံခဲ့ပါသေးတယ် ။

ငြိမ်းချမ်းရေး ကော်မရှင်အနေနဲ့ ၂၀၁၇ ခုနှစ်ကစပြီးတော့ မြောက်ပိုင်း သုံးဖွဲ့ဖြစ်တဲ့ TNLA, MNDAA, AA အဖွဲ့တွေကို တွေ့ဆုံဆွေးနွေးမှုတွေ ရှိခဲ့ပါတယ်

အခုတစ်ခေါက်ကျိုင်းတုံဆွေးနွေး ပွဲရဲ့ထူးခြားချက်ကတော့ NRPC က စုဖွဲ့လိုက်တဲ့ အစိုးရ ကိုယ်စားလှယ် အဖွဲ့မှာ အရင်ဆွေးနွေးပွဲမှာပါဝင်နေကြ ပုဂ္ဂိုလ်တွေအပြင် NRPC ဒုဥက္ကဋ္ဌ ရှေ့နေချုပ် ဦးထွန်းထွန်းဦးနဲ့ တပ်မတော် ဆွေးနွေးရေး အဖွဲ့ခေါင်းဆောင် ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့်နဲ့အဖွဲ့ဝင် နှစ်ဦးတို့ ပါဝင်လာတာဖြစ်ပါတယ်။

ဒါ့အပြင် ကျိုင်းတုံပွဲရဲ့အခြား ထူးခြားချက်ကတော့ ဒီဇင်ဘာလ ၂၁ ရက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးရဲ့ ထုတ်ပြန် ကြေညာချက်နောက်ပိုင်း မှာ ရန်ကုန်နဲ့ နေပြည်တော်ကလွဲပြီးတော့ ပထမဦးဆုံး တပ်မတော်ဆွေးနွေးရေးအဖွဲ့ဟာ ကျိုင်းတုံမှာ ပါဝင်ဆွေးနွေးတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ကျိုင်းတုံဆွေးနွေးပွဲတုန်းကတော့ အေအေဘက်က ဆွေးနွေးပွဲ အလားအလာကောင်းတယ်လို့ပြောခဲ့ပါတယ်

မြောက်ပိုင်းလေးဖွဲ့ဘက်ကတော့ ကေအိုင်အိုဘက်က ဆွေးနွေးဖို့ ဖွဲ့စည်းပေးထားတဲ့ ဆွေးနွေးရေး ကော်မတီထဲက လေးဦး ၊ TNLA က လေးဦး ၊ MNDAA က နှစ်ဦး နဲ့ AA က သုံးဦး ဝင်ရောက် ဆွေးနွေးခဲ့ပါတယ်။