ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
မြောက်ပိုင်းလေးဖွဲ့နဲ့ အစိုးရကိုယ်စားလှယ်တို့ ကျိုင်းတုံမှာတွေ့ကြမယ်
ကချင်လွတ်လပ်ရေးတပ်မတော် KIA အပါအဝင် TNLA ၊ MNDAA၊ AA မြောက်ပိုင်း မဟာမိတ်လေးဖွဲ့နဲ့ အစိုးရကိုယ်စားလှယ်တို့ ကျိုင်းတုံ မြို့မှာ တွေ့ဆုံကြဖို့ အတည်ပြုလိုက်ပြီ ဖြစ်ပါတယ်။
' 'သြဂုတ် ၃၁ ရက်နေ့မှာ တွေ့ဖို့ အတည်ပြုထားပါတယ်။ လောလောဆယ် ကေအိုင်အေ အဖွဲ့လည်း လိုင်ဇာကနေ ဒီကနေ့ ထွက်ခွာသွားပါပြီ။ တွေ့ဆုံဖို့ ကို နှစ်ဘက်သဘောတူပြီးမှတွေ့ဆုံမှာဖြစ်ပါတယ် ။ အစိုးရဘက်က အဆိုပြုတဲ့ ကျိုင်းတုံမှာပဲ တွေ့ဖို့ သဘောတူလိုက်တာပါ။''လို့ ငြိမ်းချမ်းရေး အကျိုးတော် ဆောင် အဖွဲ့ (PCG) က ဦးလမိုင်ဂွန်ဂျာက ဘီဘီစီကိုပြောပါတယ်။
လတ်တလော ရှမ်းပြည်မြောက်ပိုင်းမှာ မြန်မာ့တပ်မတော်နဲ့ TNLA ၊ MNDAA၊ AA မြောက်ပိုင်းမဟာမိတ် ညီနောင် ၃ ဖွဲ့တို့ အကြား တိုက်ပွဲတွေက ဆက်တိုက်ဆိုသလို ဖြစ်ပွားနေဆဲလည်းဖြစ်ပါတယ်။
' ' တိုက်ပွဲတွေပြင်းထန်နေတုံးဆိုပေမယ့် ဒီတွေ့ဆုံပွဲအတွင်း တိုက်ပွဲတွေရပ်မရပ် ဘယ်လိုသဘောတူထား လဲတော့ ကျွန်တော်တို့လည်း မသိဘူး။ အရင်ဆွေးနွေးထားတဲ့ နှစ်ဘက်သဘောတူစာချုပ်ထိုးဖို့ ကိစ္စကို ဆက်ဆွေးမယ်လို့တော့ထင်ပါတယ်။ အသေးစိတ်ဘာတွေဆွေးနွေးကြမလဲဆိုတာကိုတော့ မသိဘူး။''လို့ လည်း ဦးလမိုင်ဂွန်ဂျာက ပြောပါတယ်။
အခုတွေ့ဆုံပွဲဟာ မြောက်ပိုင်းမဟာမိတ်အဖွဲ့တွေနဲ့ အစိုးရအဖွဲ့တွေအကြား ဧပြီလအတွင်းက တွေ့ဆုံအပြီး လေးလအကြာမှ ပြန်လည်တွေ့ဆုံဆွေးနွေးကြမှာလည်းဖြစ်ပါတယ်။
အခုလို နှစ်ဘက်တွေ့ဆုံမှုမတိုင်ခင်မှာ မြောက်ပိုင်းမဟာမိတ် တပ်ဖွဲ့တွေကို တရုတ်က ခေါ်ယူတွေ့ ဆုံပြီး ရှမ်းမြောက်တိုက်ပွဲတွေရပ်တန့်ဖို့အရေး ပြောဆိုခဲ့တယ်လို့လည်း သတင်းတွေထွက်ပေါ်ခဲ့ပါတယ်။
တွေ့ဆုံမှုကနေ ဘာတွေမျှော်လင့်နိုင်မလဲ
မကြာခင်တွေ့ဆုံတော့မယ့် မြောက်ပိုင်းမဟာမိတ်အဖွဲ့တွေနဲ့ အစိုးရကိုယ်စားလှယ်တို့တွေ့ဆုံမှုကနေ နှစ်ဘက်သဘောတူစာချုပ်ချုပ်နိုင်ဖို့ကတော့ ခဲယဉ်းဦးမယ်လို့ တိုင်းရင်းသားရေးရာ လေ့လာ သုံးသပ်သူတစ်ဦးဖြစ်တဲ့ဦးမောင်မောင်စိုးက သုံးသပ်ပြောဆိုပါတယ်။
'' အဓိက တပ်နေရာချထားရေးနဲ့ ပတ်သက်တာ အဓိကပြဿနာပဲ။ နားလည်မှုတည်ဆောက်တဲ့ အဆင့် ထက် မပိုဘူးလို့ထင်တယ်။ အဓိက ရခိုင်စစ်မျက်နှာဖြစ်နေတဲ့အခြေအနေက ပိုပြီးတင်းမာနေမယ် ဆိုရင်တော့ အဆင်ပြေဖို့ ခဲယဉ်းလိမ့်မယ်လို့ထင်ပါတယ်။''လို့ ဦးမောင်မောင်စိုးကပြောပါတယ်။
တွေ့ဆုံမှုမတိုင်ခင် လက်ရှိတိုက်ပွဲအခြေအနေတွေက ဘယ်လိုရှိသလဲ
နှစ်ဘက်တွေ့ဆုံမှုကို သြဂုတ် ၃၁ ရက်နေ့အဖြစ် သဘောတူထားပြီးဖြစ်ပေမယ့် ဒီကနေ့ သြဂုတ် ၂၉ ရက် နေ့အထိ ရှမ်းမြောက်မှာ နယ်မြေအခြေအနေက တည်ငြိမ်မှုမရှိသေးပါဘူး။
ဒီကနေ့ သြဂုတ် ၂၉ ရက်နေ့မှာလည်း ကွတ်ခိုင် - မူဆယ်လမ်းပိုင်းက ရှုခင်းသာထဲမှာ ၁၂ ဘီးကားတစ်စီး မီးရှို့ခံခဲ့ရတယ်လို့လည်း အဆိုပါလမ်းပိုင်းကိုအသုံးပြုသူအချို့က ဘီဘီစီကိုပြောပါတယ်။
'' မနက် ၉နာရီခွဲလောက်မှာဖြစ်တာ။ ကားကိုတားပြီးတော့ လူတွေအကုန်ဆင်းခိုင်းတာ ။ တိုက်ပွဲဖြစ်မှာမို့ ပြေးတော့လို့ ပြောတယ်လို့ ပြောတယ်လို့သိရတယ်။ လူတွေကအဲဒီနားက ရွာမှာ ခဏသွားနေရတာ။ လူတွေတော့ ဘာမှမဖြစ်လိုက်ဘူး။ '' လို့ အဆိုပါကားမီးလောင်မှုကို မြင်တွေ့ခဲ့ရတဲ့ ကုန်တင်ကားမောင်းသူ တစ်ဦးကဘီဘီစီကိုပြောပြပါတယ်။
ကားမီးရှို့ခံရအပြီးမှာ မူဆယ် -ကွတ်ခိုင် လမ်းပိုင်းမှာ ယာယီပိတ်ဆို့သွားခဲ့ပေမယ့် နေ့လယ်ပိုင်းမှာတော့ ပြန်လည်သွားလာနိုင်ပြီလို့လည်း ကုန်တင်ယာဉ်မောင်းအချို့ကပြောပါတယ်။
မြောက်ပိုင်းမဟာမိတ် ၃ဖွဲ့ဘက်ကလည်း သြဂုတ် ၂၈ ရက် ရက်စွဲနဲ့ထုတ်ပြန်ခဲ့တဲ့ကြေညာချက်မှာတော့ လက်ရှိ ရှမ်းမြောက်မှာဖြစ်ပေါ်နေတဲ့တိုက်ပွဲတွေဟာ ဆက်လက်ပြီး တိုက်ပွဲအရှိန်မြင့်လာနိုင်ခြေရှိတယ်လို့ ထည့်သွင်းကြေညာထားပါတယ်။
လတ်တလောဖြစ်ပေါ်နေတဲ့တိုက်ပွဲတွေဟာ သြဂုတ် ၁၅ ရက်နေ့က ရှမ်းပြည်နယ် နောင်ချိုမြို့နဲ့ မန္တလေး တိုင်းဒေသကြီးထဲက ပြင်ဦးလွင်မြို့တွေကို မြောက်ပိုင်းမဟာမိတ် အဖွဲ့ဝင်တွေ ဖြစ်တဲ့ အေအေ၊ မြန်မာ အမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်ဖွဲ့ (MNDAA)နဲ့ တအာင်း ပလောင် (TNLA) တပ်ဖွဲ့တွေ ဝင်ရောက်တိုက်ခိုက်ခဲ့မှုအပြီးမှာ ဆက်တိုက်ဆိုသလို ဖြစ်ပေါ်နေခဲ့တာဖြစ်ပါတယ်။