ဆေးခြောက်နွယ်ဝင် လျှော်ပင် တရားဝင်စိုက်ခွင့်ပြုဖို့ ပြည်ထဲရေးသဘောတူ

ငါန်းဇွန်မြို့နယ် မန္တလေးမြို့သာစက်မှုဥယျာဉ်တော်ဝင်းထဲက ဆေးခြောက်စိုက်ခင်း

ဓာတ်ပုံ ရင်းမြစ်, AFP/Getty Images

ဓာတ်ပုံ ပုံစာ, ငါန်းဇွန်မြို့နယ် မန္တလေးမြို့သာစက်မှုဥယျာဉ်တော်ဝင်းထဲက ဆေးခြောက်စိုက်ခင်း

ဆေးခြောက်မျိုးနွယ်ပင် တစ်မျိုးဖြစ်တဲ့ စက်မှုလျှော်ပင် Industrial Hemp ကို တရားဝင် စိုက်ပျိုးခွင့်ပေးနိုင်ဖို့အတွက် လက်ရှိ မူးယစ်ဆေးဝါးဥပဒေကို ပြင်ဆင်ဖို့ ပြည်သူ့လွှတ်တော် စိုက်ပျိုးရေး၊ မွေးမြူရေးနဲ့ ကျေးလက်ဒေသဖွံဖြိုးရေး ကော်မတီက လုပ်ဆောင်နေပါတယ်။

စက်မှုလျှော်ပင်မှာ မူးယစ်ထုံထိုင်းစေတဲ့ အာနိသင် ဝ.၃ ရာခိုင်နှုန်းလောက်ပဲ ပါတာဖြစ်ပြီး ပြည်ထဲရေးဝန်ကြီးဌာနကလည်း အပင်တွေကို ဆေးခြောက်ပင်လို့ မသတ်မှတ်ဘဲ မူးယစ်ဆေးဥပဒေထဲမှာ ထည့်သွင်းသတ်မှတ်ဖို့ သဘောတူထားပြီလို့ စိုက်ပျိုးရေး၊ မွေးမြူရေးနဲ့ ကျေးလက်ဒေသဖွံဖြိုးရေးကော်မတီ ဥက္ကဋ္ဌ ဦးရန်လင်းက ပြောပါတယ်။

"ပြင်တာကတော့ လွှတ်တော်က ပြင်မှာပေါ့၊ ဒါပေမဲ့ လက်ရှိ ဥပဒေကြီးမှာ ပြင်မလား၊ အသစ်ရေးမလား၊ ဒါမှမဟုတ် အမိန့်ညွှန်ကြားချက်ထုတ်၊ နည်းဥပဒေထဲ ထည့်ပြီးတော့ ပြင်မလား၊ မြန်မြန်ဆန်ဆန်နဲ့ ပြင်လို့ရမယ့် နည်းလမ်းကို ဆွေးနွေးနေတယ်" လို့ ဦးရန်လင်းက ပြောပါတယ်။

ဧပြီလ ၂၂ ရက်နေ့တုန်းက မြင်းခြံခရိုင် ငါန်းဇွန်မြို့နယ် မန္တလေးမြို့သာစက်မှုဥယျာဉ်မြို့တော်ဝင်း၊ အမှတ်(၂)လုပ်ကွက်အတွင်းက ဧက၂၀ လောက်ရှိတဲ့ ဆေးခြောက်စိုက်ခင်း စိုက်ပျိုးခဲ့တဲ့ အမေရိကန်နိုင်ငံသားနဲ့ ဝန်ထမ်းမြန်မာနိုင်ငံသား ၂ ဦးတို့ကို ပြီးခဲ့တဲ့ ဧပြီလတုန်းက ဖမ်းဆီးခဲ့ပြီး မူးယစ်ဆေးပုဒ်မတွေနဲ့ ရုံးတင်စစ်ဆေးနေတာဖြစ်ပါတယ်။

ဆေးခြောက်အပင်ပေါင်း ၃ သိန်းကျော် ခန့်၊ စိုက်ပျိုးထားတာစစ်ဆေးတွေ့ရှိရကြောင်းရဲကပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, CCDAC Myanmar

ဓာတ်ပုံ ပုံစာ, ဆေးခြောက်အပင်ပေါင်း ၃ သိန်းကျော် စိုက်ပျိုးထားတာစစ်ဆေးတွေ့ရှိရကြောင်းရဲကပြောပါတယ်။

စိုက်ပျိုး မွေးမြူရေးနဲ့ ကျေးလက်ဖွံဖြိုးရေးကော်မတီဥက္ကဌ ဦးရန်လင်းကတော့ "ဒီလျှော်ပင်တွေမှာ မူးယစ်စေတဲ့ အာနိသင် မရှိသလောက်ဆိုပေမယ့် ဆေးခြောက်တော့ ဆေးခြောက်ပင်ပဲ၊ လက်ရှိ မြန်မာနိုင်ငံရဲ့ မူးယစ်ဆေးဥပဒေမှာလည်း ပါတုန်းပဲ၊ ဒါ့ကြောင့် လွှတ်တော်ကနေ ဥပဒေကို ထိုက်သင့်သလို ပြင်ပေးဖို့ လုပ်ဆောင်ရတာ" လို့ ပြောပါတယ်။

လက်ရှိမှာ ဆေးခြောက်နွယ်ဝင် ဂုန်လျှော်ပင်တွေကို ဥရောပ၊ အမေရိကား၊ တရုတ်၊ ထိုင်း စတဲ့ နိုင်ငံပေါင်း ၅၇ နိုင်ငံမှာ တရားဝင် စိုက်ပျိုးခွင့်ပေးထားပြီး စီးပွားဖြစ် စိုက်ပျိုးကြသူတွေလည်း ရှိနေပါတယ်။

ဒီအပင်က ထွက်လာတဲ့ ကုန်ကြမ်းဟာ အိမ်နံရံ၊ မော်တော်ကား ဒက်ရှ်ဘုတ်၊ စက္ကူ စတဲ့ ပစ္စည်အမျိုးပေါင်း ၅ သောင်းလောက်မှာ ထည့်သွင်းအသုံးပြုနိုင်တယ် ဆိုပြီးတော့လည်း ဦးရန်လင်းက ပြောပါတယ်။

ဒီစိုက်ခင်းမှာ တရားမဝင် ဆေးခြောက်ပင်တွေ စိုက်လို့ စိုက်ခင်းပိုင်ရှင်နဲ့ ဝန်ထမ်းတွေကို မူးယစ်ပုဒ်မတွေနဲ့ တရားစွဲဆိုထားပါတယ်။

ဓာတ်ပုံ ရင်းမြစ်, CCDAC Myanmar

ဓာတ်ပုံ ပုံစာ, ဒီစိုက်ခင်းမှာ တရားမဝင် ဆေးခြောက်ပင်တွေ စိုက်လို့ စိုက်ခင်းပိုင်ရှင်နဲ့ ဝန်ထမ်းတွေကို မူးယစ်ပုဒ်မတွေနဲ့ တရားစွဲဆိုထားပါတယ်။

"ဒီအပင်က ၄ လပဲ သက်တမ်းရှိတယ်၊ ဓာတ်မြေသြဇာ မလိုဘူး၊ ပိုးသတ်ဆေး မလိုဘူး၊ အများကြီး ထွန်ယက်စရာမလိုဘူး၊ စိုက်တဲ့အခါမှာ တစ်ဧကကို ၁၅ သိန်းလောက်ရမယ်၊ ဈေးကောင်းလည်း ရနေပြီ၊ ခုက လူတွေက စိုက်ချင်လှပြီ၊" လို့ ဦးရန်လင်းက ပြောပါတယ်။

မူးယစ်ဥပဒေမှာ ထည့်သွင်းအတည်ပြုနိုင်ဖို့ကိုတော့ အခု ကျင်းပနေတဲ့ လွှတ်တော်က လာမယ့် အပတ်ထဲပြီးတော့မှာမို့ နိုဝင်ဘာ၊ ဒီဇင်ဘာမှာ ပြန်စမယ့် လွှတ်တော်မှာ ဆွေးနွေးပြီး တခါတည်း အတည်ပြုမယ် လို့ ပြည်သူ့လွှတ်တော် စိုက်ပျိုးရေး၊ မွေးမြူရေးနဲ့ ကျေးလက်ဒေသဖွံဖြိုးရေး ကော်မတီ ဥက္ကဋ္ဌ ဦးရန်လင်းက ပြောပါတယ်။