ရွှေတွေအလုခံရတယ်ဆိုတဲ့ ကျောက်တော် ဆိုင်ရှင်တွေရဲ့ တိုင်ကြားမှုကို ရဲက မကူညီဘူးလို့ဆို

ကျောက်တော်

ဓာတ်ပုံ ရင်းမြစ်, Soe Thant Aung

ကျောက်တော်မြို့နယ် သရက်တစ်ပင်ကျေးရွာနားမှာ စက်တင်ဘာလ ၂ ရက်နေ့ နေ့လယ်ပိုင်းက ပစ်ခတ်မှုဖြစ်ခဲ့ရာမှာ အရပ်သားတွေ ထိခိုက်ဒဏ်ရာရခဲ့သလို ဈေးဆိုင်တွေက ပစ္စည်းတွေနဲ့ ရွှေထည်တွေ၊ ငွေသားတွေကိုလည်း တပ်မတော်စစ်ကြောင်းက ဝင်ရောက် ယူဆောင် သွားခဲ့ကြတယ်လို့ ဈေးဆိုင်ပိုင်ရှင်တွေက စွပ်စွဲထားပါတယ်။

ဒီလို ယူဆောင်ခံရတယ် ဆိုတဲ့ ဆိုင်ပိုင်ရှင် ၁၁ ဦးတို့က စက်တင်ဘာလ ၃ ရက် နေ့လယ်ပိုင်းမှာ ကျောက်တော်မြို့မ ရဲစခန်းကို သွားရောက် တိုင်ကြား ခဲ့ကြပေမဲ့ ရဲတပ်ဖွဲ့က မကူညီခဲ့ဘူလို့ ဈေးဆိုင်ပိုင်ရှင် တစ်ဦးဖြစ်တဲ့ ဒေါ်မြင့်မြင့်ဆန်းက ပြောပါတယ်။

"မနေ့က ကျွန်မတို့ ဈေးဆိုင်ပိုင်ရှင်တွေ သွားပြီးတော့ ကျောက်တော်ရဲစခန်းမှာ အကြောင်းကြားပါတယ်။ အဲ့ဒီလို ပစ္စည်းတွေ၊ ငွေတွေ၊ ရွှေတွေကို ဆိုင်ခန်းပေါ် တက်ပြီး စစ်သားတွေက ရှာဖွေ ယူသွားတဲ့အတွက် နစ်နာခဲ့ရပါတယ်။ ဒါကြောင့် အကူအညီပေးဖို့ သွားတိုင်တာပါ။ အဲ့ဒီမှာ ရဲစခန်းမှူးက ဘာလုပ်ဖို့ လာတာလဲလို့ ပြောပါတယ်။ အကျိုးအကြောင်း ပြောပြတော့ ကိုယ့်ဟာကိုယ် ပစ္စည်းစာရင်းတွေကို စာရွက်နဲ့ ရေးပြီးတော့ ထားခဲ့လို့ ပြောပါတယ်။ တခြားအကူအညီတွေ ဘာမှမရခဲ့ဘူး။ ကျွန်မတို့ ဆုံးရှုံးရတာပဲ အဖတ်တင်တာပေါ့"လို့ ဒေါ်မြင့်မြင့်ဆန်းက ပြောပါတယ်။

အဲဒီလို ရဲတပ်ဖွဲ့က အကူအညီ မပေးဘူး ဆိုတာနဲ့ ပတ်သက်လို့ ကျောက်တော်မြို့မ ရဲစခန်းမှူး ဒုရဲမှူးစောလွင်ကို ဆက်သွယ်ခဲ့ပေမဲ့ ဖုန်းလက်ခံ မဖြေကြားခဲ့ပါဘူး။

အဲ့ဒီနေ့က ပစ်ခတ်မှုတွေ ဖြစ်ပွားလို့ ထွက်ပြေးချိန် ဈေးဆိုင်တွေက ဖွင့်လျက် ကျန်နေခဲ့တာကြောင့် စစ်ကြောင်းမှာပါတဲ့ စစ်သားတွေက ဈေးဆိုင်တွေကို ဝင်ရောက် ရှာဖွေပြီးတော့ ယူသွားခဲ့ကြတာ ဖြစ်တယ်လို့ ရွာသားတွေက ပြောဆိုပေမဲ့ တပ်မတော်ဘက်က ငြင်းဆိုထားပါတယ်။

"ကျွန်တော်တို့ မယူဘူး။ သူ့ဟာသူ အေအေကို ထောက်ပံ့ပေးလိုက်တာ ဖြစ်မှာပေါ့။ ကျွန်တော်တို့ လှုပ်ရှားစစ်ကြောင်းတွေကတော့ မယူဘူး။ တိုက်ပွဲဖြစ်တာက အစပ်မှာဖြစ်တာ။ ဝင်ဖို့ နေနေသာသာ ကိုယ့်ဟာကိုတောင် ပစ်ခတ်မှုအောက်က တုန့်ပြန် ပစ်ခတ်နေရတာ။ အဲ့ဒါကတော့ ဘာမှမဟုတ်ဘူး"လို့ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်က ဗိုလ်မှူးကြီးဝင်းဇော်ဦးက ပြောပါတယ်။

တပ်မတော်သားတွေက သူတို့ရဲ့ဈေးဆိုင်တွေကို ဝင်ရောက် ရှာဖွေ ယူဆောင်သွားတာတွေကို မြင်နေရပေမဲ့ ကြောက်လန့်ပြီးတော့ ဘာမှ မပြောရဲကြဘူးလို့ ဈေးဆိုင်ပိုင်ရှင် တစ်ဦးကပြောပါတယ်။

"..စစ်သားတွေက ဆိုင်ထဲကို ဝင်လာပြီးတော့ အကုန်လုံးကို ဖွင့်ယူသွားတယ်။ ကျွန်မတို့မှာက သားအမိနှစ်ယောက်တည်း ဆိုတော့ ရှိတဲ့ပစ္စည်းကို ဆိုင်မှာ ထားတယ်။ အဲ့ဒီမှာ အကုန်ကျန်ခဲ့တာ။ ငွေသား သိန်း ၄၀ နဲ့ ရွှေ ၄ ကျပ်သား၊ …ကျွန်မတို့ ပုန်းပြီး ကြည့်နေတာ အကုန်လုံးကို မြင်လိုက်ရတယ်။ ထွက်မပြောရဲဘူး။"လို့ ဈေးဆိုင်ပိုင်ရှင် ဒေါ်မခင်သန်းကပြောပါတယ်။

ကျောက်တော်မြို့နယ် သရက်တစ်ပင် ကျေးရွာနားမှာ စက်တင်ဘာလ ၂ ရက် နေ့လယ် ၂ နာရီလောက်က ဖြစ်ပွားခဲ့တဲ့ ပစ်ခတ် တိုက်ခိုက်မှုအတွင်း လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်ခဲ့ကြတာကြောင့် လေးနှစ်အရွယ် ကလေးငယ် တစ်ဦး အပါအဝင် အရပ်သား ၇ ဦး ထိခိုက်ဒဏ်ရာတွေ ရရှိခဲ့ပါတယ်။

အဲ့ဒီ ဒဏ်ရာရရှိခဲ့သူတွေဟာ လေးနှစ်အရွယ် ကလေးငယ်တစ်ဦးအပြင် သက်လတ်ပိုင်းနဲ့ သက်ကြီးပိုင်းတွေ ဖြစ်ကြပြီး သရက်တစ်ပင် ကျေးရွာက ၂ ဦး၊ ရွှေတလှည်း ကျေးရွာက ၂ ဦး၊ ရဘက်ကျေးရွာက ၂ နှစ်ဦးနဲ့ ကျောက်တစ်လုံး ကျေးရွာက ၁ ဦးတို့ဖြစ်ပါတယ်။ အဲဒီထဲမှာ အမျိုးသမီးတွေလည်း ပါဝင်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

"ဒဏ်ရာရတဲ့သူတွေက လက်နက်ကြီး ထိလာတာလည်း ရှိတယ်။ လက်နက်ငယ် ထိတာလည်း ရှိတယ်။ အကုန်လုံးက ဒါဏ်ရာရတာ ၇ ဦးရှိပါတယ်။ ဒဏ်ရာရသူတွေကတော့ အသက်လေးနှစ် ကလေးတစ်ယောက်နဲ့ လူလတ်ပိုင်း၊ လူငယ်ပိုင်းတွေလည်း ပါပါတယ်"လို့ ရွှေဂရုဏာ လူမှုကူညီရေး အသင်းဥက္ကဌ ဦးဘိုအောင်သိန်းကပြောပါတယ်။

ဒါ့အပြင် သရက်တစ်ပင် ကျေးရွာဟာ ရန်ကုန်-စစ်တွေ အဝေးပြေးလမ်းမ ဖြတ်သန်းထားတဲ့ ကျေးရွာတစ်ရွာ ဖြစ်တာကြောင့် အခု ဖြစ်ပွားခဲ့တဲ့ အဝေးပြေးလမ်းမဟာ ရွာရဲ့ အလယ်လမ်းမ ဖြစ်တဲ့အတွက် တပ်မတော်ဘက်က ပစ်ခတ်လိုက်တဲ့ ကျည်တွေဟာ အရပ်သားတွေအပြင် ကျေးရွာအတွင်းက နေအိမ်တွေကိုပါ ကျရောက်ခဲ့ကြောင်း သရက်တစ်ပင် ကျေးရွာသားတွေက ပြောပါတယ်။

အဝေးပြေးလမ်းမဘေးမှာ တည်ရှိတဲ့ မဟာနွယ် ကိုယ်ပိုင် အထက်တန်းကျောင်းကိုလည်း ဝင်ရောက် ပစ်ခတ်မှုတွေ ရှိခဲ့တာကြောင့် ကြောက်ရွံ့ပြီး ကျောင်းသူလေးဦး သတိလစ်သွားတဲ့အတွက် ဆေးကုသမှု ခံယူနေရတယ်လို့ ကျောင်းတာဝန်ရှိသူတစ်ဦးကပြောပါတယ်။

"အဲ့ဒီပစ်ခတ်မှုတွေ ပြုလုပ်နေတဲ့အချိန်မှာ စစ်သားတွေက ကျောင်းထဲကိုဝင်လာတယ်။ ကျောင်းနံရံတွေကို ပစ်ခတ်တယ်။ ကျောင်းရှေ့ကလည်း လက်နက်ကြီးတွေနဲ့ ပစ်ကြတယ်။ ဒါကြောင့် ၁၀ တန်းကျောင်းသူ ၄ ယောက် ရှော့ခ်ဖြစ်သွားတယ်။ အခုဆေးရုံမှာပါ။ ကျောင်းနံရံတွေနဲ့ အိမ်ခေါင်မိုးတွေမှာလည်း ကျည်ထိထားတာတွေ ရှိနေပါတယ်" လို့ မဟာနွယ် ကိုယ်ပိုင် အထက်တန်းကျောင်းရဲ့ အဆောင်မှူးရဲ့ဇနီး ဒေါ်ကျော့ကေခိုင်က ပြောပါတယ်။

အဲ့ဒီဖြစ်စဉ်ဟာ စက်တင်ဘာလ ၂ ရက်နေ့ နေ့လယ်ပိုင်းက နယ်မြေလုံခြုံရေးအတွက် အုပ်ချုပ်မှု ဆောင်ရွက်နေတဲ့ တပ်မတော် စစ်ကြောင်းတစ်ခုကို သရက်တစ်ပင် ရွာအနီးက တံတားထိပ်မှာ အေအေဘက်က မိုင်းဆွဲ တိုက်ခိုက်ခဲ့တဲ့အတွက် ပစ်ခတ်မှုတွေ ပြုလုပ်ခဲ့ရတာ ဖြစ်တယ်လို့ ဗိုလ်မှူးကြီး ဝင်းဇော်ဦးက ဘီဘီစီကို ပြောပါတယ်။

"သရက်တစ်ပင် အဝင်မှာ အုပ်ချုပ်မှု လုပ်နေတဲ့ စစ်ကြောင်းတစ်ကြောင်းကို AA အဖွဲ့က သရက်တစ်ပင် အဝင်မှာ ရှိတဲ့ တံတားကနေ မိုင်းနှစ်လုံး ခွဲတယ်။ ဆက်တိုက်ပဲ မိုင်းခွဲပြီး ရွာထိပ်က ၄၀ မမနဲ့ လက်နက်ငယ်တွေနဲ့ ပစ်တယ်။ ပစ်ခတ်တဲ့ အတွက် တပ်မတော် စစ်ကြောင်းကနေပြီးတော့ ကျည်လာတဲ့ လမ်းကြောင်းကို ပြန်ပြီးတော့ ပစ်ခတ်တာရှိတယ်"လို့ ဗိုလ်မှူးကြီး ဝင်းဇော်ဦးက ဖြစ်စဉ်နဲ့ ပတ်သက်လို့ ပြောဆိုထားပါတယ်။

အဲ့ဒီပစ်ခတ်မှု ဖြစ်စဉ်နဲ့ ပတ်သက်လို့ တပ်မတော် စစ်ကြောင်းကို အေအေဘက်က မိုင်းဆွဲ တိုက်ခိုက်တာ ရှိမရှိ ဆက်သွယ် မေးမြန်းခဲ့ပေမယ့် အဆက်အသွယ် မရရှိခဲ့ပါဘူး။

ရွာသားတွေကတော့ အေအေအဖွဲ့ဝင်တွေက ကျေးရွာအတွင်းက ပစ်ခတ် တိုက်ခိုက်တာတွေ မရှိဘူးလို့ ပြောဆိုကြပါတယ်။

ရခိုင်ပြည်နယ်မှာ တပ်မတော်နဲ့ ရက္ခိုင့်တပ်မတော်တို့ ၂၀၁၈ ခုနှစ် နိုဝင်ဘာလ ၁၈ ရက်နေ့က တိုက်ပွဲ စတင်ဖြစ်ပွားခဲ့တာဖြစ်ပြီး စစ်ဘေးရှောင် အရေအတွက် သြဂုတ်လအထိ ၇ သောင်းကျော် ရှိလာပြီ ဖြစ်ပါတယ်။