ရိုဟင်ဂျာအစုလိုက်သတ်ဖြတ်မှုမှာပါဝင်ကျူးလွန်သူတွေကို တရားစီရင်ပြီးရင် သတင်းထုတ်ပြန်မယ်

ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ် ဂူတာပြင်ကျေးရွာက ရိုဟင်ဂျာအစုလိုက်သတ်ဖြတ်မှုမှာ ပါဝင်ကျူးလွန်သူတွေကို အရေးယူဆောင်ရွက်တာဟာ ဟန်ပြမဟုတ်ပဲ သူတို့ကိုတရားစီရင်ပြီးရင် သတင်းထုတ်ပြန်မယ်လို့ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ပြောပါတယ်။

ဟန်ပြလုပ်ချင်တယ်ဆိုရင် ဒီလိုစုံစမ်းဖော်ထုတ်တာတွေ၊ အရေးယူဆောင်ရွက်တာတွေလုပ်စရာ တောင်မလိုဘူးလို့ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ရဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်း က ပြောပါတယ်။

စုံစမ်းစစ်ဆေးရေးခုံရုံးက စစ်ဆေးလိုက်တဲ့အခါမှာ ညွှန်ကြားချက်တွေကို လိုက်နာမှုအားနည်း တယ်လို့ ပေါ်ပေါက်ခဲ့တဲ့အတွက် စစ်စည်းကမ်းအရအရေးယူနိုင်အောင် စစ်တရားရုံးဖွဲ့စည်းဆောင် ရွက်သွားမှာဖြစ်ပါတယ်။ စစ်တရားရုံးမှာတရားစီရင်တဲ့ကာလအတွင်း သတင်းထုတ်ပြန်လို့မရပေမဲ့ တရားစီရင်မှုပြီးတဲ့အခါမှာ သတင်းထုတ်ပြန်သွားမှာဖြစ်တယ်လို့ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ဘီဘီစီကို ပြောပါတယ်။

ဂူတာပြင်က အစုလိုက်သတ်ဖြတ်ခံရသူတွေရဲ့အလောင်းတွေကို အနည်းဆုံး ကျင်းငါးကျင်းမှာ မြုပ်ထားကြောင်း အေပီသတင်းဌာနက ၂၀၁၈ မှာသတင်းရေးသားခဲ့ပါတယ်။ အဲဒီတုန်းက အသတ်ခံရသူတွေဟာ အကြမ်းဖက်သမားတွေဖြစ်တယ်လို့ အစိုးရက ဆိုပါတယ်။

အရင်ကလည်း ရခိုင်ပြည်နယ် အင်းဒင်ရွာက ရိုဟင်ဂျာတွေသတ်ဖြတ်မှုမှာ ကျူးလွန်ခဲ့တဲ့စစ် သားတချို့ကို တပ်မတော်က အရေးယူဆောင်ရွက်ခဲ့ပြီး ထောင်ဒဏ်ချမှတ်ခဲ့ပါတယ်။ ဒါပေမဲ့ လအနည်းငယ်မှာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အမိန့်နဲ့ ပြန်လွတ်လာခဲ့ပါတယ်။ အဲ့ဒီအထွက် တပ်မတော်က ဟန်ပြသဘောမျိုးဆောင်ရွက်တာဖြစ်တယ် လို့ သုံးသပ်ပြောဆိုမှုတွေရှိခဲ့ပါတယ်။

ဂူတာပြင်က အစုလိုက်လူသတ်မှုမှာပါဝင်ခဲ့သူတွေထဲမှာ တပ်မတော်အရာရှိနဲ့ စစ်သားတချို့ ပါဝင်တယ်လို့ ဗိုလ်မှူးချုပ်ဇော်မင်းထွန်း က ပြောပါတယ်။

"ဟန်ပြလုပ်ချင်ရင် ဒါတွေတောင်လုပ်စရာမလိုဘူး။ ဒါပဲကျွန်တော်ပြောချင်တယ်။ ကျွန်တော်တို့ ဆောင်ရွက်တဲ့ဟာတွေ၊ ဖြစ်စဉ်တွေ၊ အရေးယူစစ်ဆေးတဲ့ဟာတွေကို ပြန်လည်ထုတ်ပြန်သွား မယ်လို့ ကျွန်တော်တို့ ပြောပြီးသားဖြစ်ပါတယ်" လို့ ဗိုလ်မှူးချုပ် ဇော်မင်းထွန်း က ဘီဘီစီကို ပြောပါတယ်။

စုံစမ်းစစ်ဆေးမှုဆောင်ရွက်တဲ့အခါမှာ ဗိုလ်ချုပ်မြတ်ကျော် ဦးဆောင်တဲ့ စုံစမ်းစစ်ဆေးရေးခုံရုံးအဖွဲ့ က ကျေးရွာတွေ၊ တပ်ရင်းဌာနချုပ်၊ အကျဉ်းထောင်တစ်ခုနဲ့ ရဲစခန်းတွေကို နှစ်ကြိမ်သွားရောက် စုံစမ်းစစ်ဆေးခဲ့တယ်လို့ ဗိုလ်မှူးချုပ်ဇော်မင်းထွန်း က ပြောပါတယ်။

ကြီးထွားလာတဲ့နိုင်ငံတကာရဲ့ဖိအားတွေကို ရှောင်ချင်လို့ အခုလိုဆောင်ရွက်တာလားလို့ မေးကြည့်ရာမှာတော့ ဒီကိစ္စနဲ့ပတ်သက်ပြီး အမြင်အမျိုးမျိုးရှိနိုင်ပေမဲ့ တပ်မတော်အနေနဲ့ နိုင်ငံတကာအဆင့်မီတပ်မတော်တည်ဆောက်နေချိန်မှာ စစ်လက်နက်ပစ္စည်းနဲ့ စစ်အင်အား တည်ဆောက်ရုံသာမက စစ်သားတွေက စစ်ဥပဒေ၊ စစ်စည်းကမ်းတွေကို လိုက်နာမှုအပိုင်းမှာ လည်း အဆင့်မီရမယ့်အပြင် တာဝန်ယူတာဝန်ခံမှုရှိဖို့အတွက် လုပ်ဆောင်ရတာဖြစ်တယ်လို့ ဗိုလ်မှူးချုပ်ဇော်မင်းထွန်း က ပြောပါတယ်။