ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ရခိုင်ပြည်နယ်မြောက်ပိုင်း လေးမြို့နယ်မှာ အင်တာနက်ပြန်ဖွင့်ပေး
နှစ်လကျော်ကြာ ပိတ်ထားတဲ့ အင်တာနက်ကို ဒီနေ့မနက်မှာ ရခိုင်ပြည်နယ်မြောက်ပိုင်းက မြို့နယ်လေးခုနဲ့ ချင်းပြည်နယ် ပလက်ဝမြို့နယ်မှာ ပြန်ဖွင့်ပေးလိုက်လို့ ဒေသခံတွေက အင်တာနက်အသုံးပြုလို့ရနေပြီးလို့ ဒေသခံတွေက ပြောပါတယ်။
မြန်မာ့တပ်မတော်နဲ့ ရက္ခိုင့်တပ်မတော် AA တို့အကြား ၁၀ လနီးပါးအကြာတိုက်ပွဲတွေ ဆက်တိုက်ဖြစ်ပွားနေကြတဲ့ ရခိုင်ပြည်နယ်မြောက်ပိုင်းဒေသက မြို့နယ် ၈ မြို့နယ်နဲ့ ချင်းပြည်နယ် ပလက်ဝမြို့နယ်တွေမှာ အင်တာနက်လိုင်းတွေကို ပြီးခဲ့တဲ့ ဇွန်လ ၂၀ ရက်နေ့ကစတင်ပြီးတော့ အင်တာနက် ကွန်ရက်တွေကို ပိတ်ထားခဲ့တာဖြစ်ပါတယ်။
တိုက်ပွဲတွေဖြစ်ပွားနေတဲ့ မောင်တော၊ ဘူးသီးတောင်၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ မြေပုံမြို့နယ်တွေမှာ အင်တာနက်လိုင်းတွေကို နှစ်လကျော်အကြာ ပိတ်ထားခဲ့ တဲ့အတွက် ဒေသခံပြည်သူတွေအနေနဲ့အခက်အခဲတွေနဲ့ရင်ဆိုင်ကြုံတွေ့နေခဲ့ရရာကနေ ဒီကနေ့ စက်တင်ဘာ ၁ ရက်နေ့ မနက်ပိုင်းမှာတော့ မောင်တော၊ ဘူးသီးတောင်၊ ရသေ့တောင်နဲ့ မြေပုံမြို့နယ်တွေကို ပြန်လည်ဖွင့်ပေးခဲ့တာဖြစ်ပါတယ်။
အင်တာနက်ပြန်ဖွင့်လိုက်လို့ အလုပ်ပြန်လုပ်လို့ရသလို သတင်းတွေလည်းအချိန်နဲ့တပြေး ညီရနေတယ်လို့ ဘူးသီးတောင်မြို့နယ်က ဒု-မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမောင်လှရွှေ က ဘီဘီစီကို ပြောပါတယ်။ အင်တာနက်ဖြတ်တောက်စဉ်က ထူးခြားတဲ့သတင်းတွေကို အချိန်နဲ့တပြေးညီမရရှိ လို့ အခက်အခဲဖြစ်ခဲ့တယ်လို့ သူကပြောပါတယ်။
မောင်တောမြို့ပေါ်က ဒေသခံတစ်ဦးကလည်း ဒီနေ့အင်တာနက်လိုင်းတွေပြန်ရလို့ ဒေသခံတွေ အင်တာနက်ပြန်သုံးနေကြပြီလို့ဆိုပါတယ်။
လက်ရှိမှာဖြစ်ပွားနေတဲ့ တိုက်ပွဲအခြေအနေတွေကြောင့် လုံခြုံရေးအတွက် အင်တာနက်လိုင်းကို ယာယီပိတ်ထားခဲ့တာဖြစ်ပါတယ်။
အခုလို အင်တာနက်ပြန်ဖွင့်ပေးတာ ဒေသခံတွေအတွက်ကောင်းတယ်ဆိုပေမဲ့ အင်တာနက် ဆက်ပြီးပိတ်ထားတဲ့တခြားမြို့နယ်တွေမှာလည်း အင်တာနက်လိုင်းပြန်ဖွင့်ပေး သင့်တယ်လို့ ဘူးသီးတောင်မြို့နယ်က လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းအောင်သိန်း က ပြောပါတယ်။
"လေးမြို့နယ်မှာဖွင့်ပေးပြီးတော့ တခြားလေးမြို့နယ်မှာဆက်ပြီးပိတ်ထားတယ်ဆိုတော့ သိပ်ပြီး တရားမျှတမှုမရှိဘူး။ ကျွန်တော်တို့လွှတ်တော်မှာတောင်းဆိုခဲ့သလို အကုန်လုံးဖွင့်ပေးတာ အကောင်းဆုံးဖြစ်တယ်လို့ ကျွန်တော်ပြောချင်တယ်" လို့ ဦးထွန်းအောင်သိန်း က ဘီဘီစီကိုပြောပါတယ်။
ဒီနေ့မနက်မှာ မြို့နယ်လေးမြို့နယ်ကို ပြန်လည်ဖွင့်ပေးခဲ့ပေမဲ့ တချို့နေရာတွေမှာ အင်တာနက်သုံးစွဲရမှု အခြေအနေတွေဟာ အရင်လောက် အဆင်မပြေမှု တွေရှိနေတယ်လို့ ဒေသခံတွေကပြောပါတယ်။
အင်တာနက်ပြန်ဖွင့်ပေးလိုက်တော့ ဒေသခံတွေအချိန်နဲ့တပြေးညီသတင်းကြည့်ရှုလို့ရတဲ့အတွက် ကြိုဆိုတယ်လို့ မြေပုံမြို့နယ်က ဒေသခံ ဦးခိုင်ကိုဝင်း က ဘီဘီစီကို ပြောပါတယ်။ ဒါပေမဲ့ မြေပုံမြို့နယ် မှာတော့ အင်တာနက်လိုင်းသိပ်မကောင်းဘူးလို့ သူ က ပြောပါတယ်။