ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ကွတ်ခိုင် မော်ဟိတ်ကျေးရွာမှာ လက်နက်ကြီးကျလို့ လသားကလေးနဲ့ မိခင်အပါအဝင် ၅ ဦးသေဆုံး
ရှမ်းပြည်နယ်၊ ကွတ်ခိုင်မြို့မှာ ဒီကနေ့ သြဂုတ် ၃၁ရက်နေ့ မနက်ပိုင်းက မြန်မာ့တပ်မတော်နဲ့ မြောက်ပိုင်းမဟာမိတ် ၃ဖွဲ့အကြားဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေကြောင့် မော်ဟိတ်စုစည်းကျေးရွာအတွင်းလက်နက်ကြီးကျလို့ လသားကလေးငယ်နဲ့မိခင် အပါအဝင် လူ ၅ ဦးသေဆုံးသွားခဲ့ပါတယ်။
' ' ဒဏ်ရာ ရတဲ့ ၂ယောက်ကိုတော့ လားရှိုးဆေးရုံကို ပို့လိုက်ပြီ။ ဆုံးသွားတာတော့ ၅ဦးပါ။ လသား ကလေးငယ်တစ်ယောက်ရယ် မိခင်ရယ်၊ နောက်ထပ် ၈ နှစ်အရွယ် ယောကျ်ားလေး တစ်ယောက် လည်း ပါတယ်။''လို့ အခင်းဖြစ်ရာကို သွားရောက်ကူညီခဲ့တဲ့ မြဟ္မစိုရ်နှလုံးသား လူမှုကူညီရေးအသင်းက အဖွဲ့ဝင် တစ်ဦးက ဘီဘီစီကိုပြောပါတယ်။
ဒီကနေ့မနက် အစောပိုင်းကတည်းကကွတ်ခိုင်မြို့ပေါ်ရပ်ကွက်တွေမှာပါ ပစ်ခတ်မှုတွေဖြစ်ခဲ့ပြီး မြို့ပေါ် ရပ်ကွက်တစ်ခုဖြစ်တဲ့ ရပ်ကွက် ၈ မှာပါ တိုက်ပွဲတွေဖြစ်ခဲ့တဲ့အတွက် အဆိုပါရပ်ကွက်မှာရှိတဲ့ မသန်စွမ်း ကျောင်းက ကလေးငယ်တွေကို ဘေးလွတ်ရာတိမ်းရှောင်နေကြရတယ်လို့ ကျောင်း တာဝန်ခံ ဒေါ်မိုင်းမိုင်းက ဘီဘီစီကိုပြောပါတယ်။
''မနက်ကတည်းက နှစ်ဘက်ပစ်ခတ်သံတွေကြားနေရတာ၊ ကျောင်းနားမှာပါဖြစ်နေလို့ ကလေးတွေကို လွတ်တဲ့ဆီပို့ထားရတယ်။ ကျောင်းနားမှာဖြစ်နေတာ ဒီကိုတော့လက်နက်တွေဘာတွေ ကျတာ မရှိသေး ပေမယ့် ကချင်ဘုရားကျောင်းနားမှာတော့ လက်နက်တွေကျလာတယ်လို့သိရတယ်။ ကလေးတွေကိုတော့ ကွတ်ခိုင်မြို့ထဲက ဘုရားကျောင်းမှာသွားပို့ထားတယ်။ အခုကတော့ ကွတ်ခိုင်တစ်မြို့လုံး ဘယ်နေရာမှ လုံခြုံတယ်လို့ မရှိတော့ဘူး။''လို့ လက်ရှိကြုံတွေ့နေရတဲ့အခြေအနေကို ဒေါ်မိုင်းမိုင်းကပြောပြပါတယ်။
မြန်မာ့တပ်မတော်နဲ့ မြောက်ပိုင်းမဟာမိတ် ညီနောင် ၃ဖွဲ့တို့အကြား တိုက်ပွဲတွေပြင်းထန်နေချိန်မှာပဲ ဒီကနေ့ သြဂုတ် ၃၁ရက်နေ့မှာ အစိုးရကိုယ်စားလှယ်တွေနဲ့ မြောက်ပိုင်းမဟာမိတ် ၄ဖွဲ့က ကိုယ်စားလှယ်တွေဟာ ကျိုင်းတုံမြို့မှာ ငြိမ်းချမ်းရေးအတွက်တွေ့ဆုံ ဆွေးနွေးနေကြပါတယ်။
' ' ကျမတို့ လက်နက်မဲ့ ပြည်သူတွေကို ပစ်ခတ်တိုက်ခိုက်တာတွေကို မလုပ်ပါကြနဲ့။လက်နက်ကြီးတွေ ပရမ်းပတာပစ်တော့ ပစ်မှတ်လွဲပြီးမှ ကျရင်လည်း အခုလိုပဲ ပြည်သူတွေပဲထိခိုက်ရတယ်။ အခုငြိမ်းချမ်းရေး ဆွေးနွေးနေတဲ့နေရာမှာ သဘောထားပြည့်ဝစွာနဲ့ပြည်သူတွေကိုကြည့်ပါ။ ကိုယ့်အမေ ကိုယ့်မိန်းမ ကိုယ့်ကလေး ကိုယ့်ညီမဆိုတဲ့ မျက်နှာကို ကြည့်ပြီးမှ ဒီငြိမ်းချမ်းရေးဆွေးနွေးပွဲကို လုပ်ကြပါ။ အကုန်လုံးက လူသားတွေပါပဲ။''လို့ ဒေါ်မိုင်းမိုင်းက သူ့ရဲ့သဘောထားကိုပြောပြပါတယ်။
ရှမ်းမြောက်မှာ လတ်တလောဖြစ်ပေါ်နေတဲ့တိုက်ပွဲတွေကြောင့် တစ်ပတ်ကျော်ကာလမှာပ်င စစ်ဘေးရှောင် ပြည်သူတွေ ၅ထောင်ကျော်ရှိခဲ့ပြီး စစ်ရှောင်အရေအတွက်ထပ်တိုးလာနေသလို အရပ်သားသေဆုံးမှု တွေ လည်းရှိနေတာဖြစ်ပါတယ်။