ရှမ်းမြောက်တိုက်ပွဲ - အရေးပေါ်ဆောက်ထားတဲ့ ဗျုဟာမြောက်တံတားပေါ် စစ်ကား အစီးတစ်ရာကျော် ဖြတ်သန်း

ရှမ်းမြောက်တိုက်ပွဲ -

ဓာတ်ပုံ ရင်းမြစ်, AFP

ဓာတ်ပုံ ပုံစာ, ဂုတ်တွင်းစခန်း အတိုက်အခိုက်ခံခဲ့ရအပြီး ရောက်လာတဲ့ အစိုးရ စစ်ကြောင်း

ပြင်ဦးလွင်၊ နောင်ချိုက ပစ်မှတ်တွေ တိုက်ခိုက်ခံခဲ့ရအပြီး ၆ ရက်မြောက် အထိ ရှမ်းမြောက်ပိုင်း ဒေသတွေမှာ အစိုးရတပ်နဲ့ မြောက်ပိုင်း ညီနောင် မဟာမိတ် ၃ ဖွဲ့ အကြား တိုက်ပွဲတွေ ဆက်ရှိနေပါတယ်။

ကျောက်မဲမြို့ အနောက်မြောက်ဘက် ၁၅ မိုင်လောက် ဝေးတဲ့ ကျေးရွာတွေနဲ့၊ ကွတ်ခိုင်- သိန်းနီကြားထဲက ပြည်ထောင်စုလမ်းမကြီးပေါ်မှာ ဩဂုတ်လ ၂ဝ ရက်၊ အင်္ဂါ ညနေပိုင်းအထိ တိုက်ပွဲတွေ ဆက်ဖြစ်နေတယ်လို့ ဘီဘီစီ သတင်းထောက်က ပြောပါတယ်။

ကျောက်မဲမြို့နားက ရွာတွေတဝိုက် အစိုးရ စစ်ကြောင်း ရှင်းလင်းခဲ့တာမှာ ပစ်ကျင်း ၂၂ ကျင်းပါတဲ့ ယာယီ စခန်းတစ်ခုနဲ့ သေနတ်တစ်လက် ရရှိခဲ့တယ်လို့ တပ်မတော် သတင်းမှန် ပြန်ကြားရေး အဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ဆိုပါတယ်။

ကွတ်ခိုင်- သိန်းနီကြားထဲက ပြည်ထောင်စုလမ်းမကြီး ပေါ်မှာလည်း အစိုးရစစ်တပ်နဲ့ မြောက်ပိုင်း ၃ ဖွဲ့ကြား ထိတွေ့ တိုက်ပွဲတွေ ပေါ်ပေါက်ခဲ့ပြီး စစ်ကူလိုက်သွားတဲ့ အစိုးရတပ်ဖွဲ့ဝင်တွေနဲ့လည်း နောက်ထပ် တိုက်ပွဲတွေ ပေါ်ပေါက်လာတယ်လို့ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောပါတယ်။

ရှမ်းမြောက်တိုက်ပွဲ

ဓာတ်ပုံ ရင်းမြစ်, EPA

ဓာတ်ပုံ ပုံစာ, ပြည်ထောင်စု လမ်းမကြီးပေါ် တိုက်ပွဲတွေ ရက်ဆက် ဖြစ်ပေါ်

ဗိုလ်မှူးချုပ် ဇော်မင်းထွန်းကို ဘီဘီစီ ဆက်သွယ် မေးမြန်းတဲ့ အင်္ဂါ ညနေပိုင်း အထိ တိုက်ပွဲတွေ ဆက်ဖြစ်နေတယ်လို့ ဆိုပါတယ်။

သီပေါ-လားရှိုး-သိန်းနီ-ကွတ်ခိုင် တလျှောက် ပြည်ထောင်စု လမ်းမကြီးပေါ်မှာ အခုလို တိုက်ပွဲတွေ ရက်ဆက် ဖြစ်ပေါ် နေတာ ဖြစ်ပါတယ်။

ပြည်ထောင်စု လမ်းမကြီးရဲ့ တချို့ အပိုင်းတွေကို သူတို့ပူးပေါင်းတပ်ဖွဲ့တွေ ထိန်းချုပ်ထားပြီး၊ တချို့နေရာတွေမှာ အစိုးရတပ်က နေရာယူထားတယ်လို့ ပြီးခဲ့တဲ့ ရက်ပိုင်းကပဲ တအာင်းပလောင်တပ် TNLA က တာအိုက်ကျော်က ဘီဘီစီကို ပြောထားပါတယ်။

ဒါ့ကြောင့် ပြည်ထောင်စုလမ်းမကြီးကို အသုံးပြု သွားလာတာတွေ ရှောင်ကြဖို့လည်း တာအိုက်ကျော်က ခရီးသွားတွေကို ရည်ရွယ်ပြီး ဘီဘီစီနဲ့ မေးမြန်းခန်းမှာ ပြောဆိုခဲ့ပါတယ်။

ရှမ်းမြောက်တိုက်ပွဲ

ဓာတ်ပုံ ရင်းမြစ်, AFP

ဓာတ်ပုံ ပုံစာ, ဂုတ်တွင်း တံတားကို နေ့ညမနား ပြင်ပြီး ပြန်ဖွင့်ပေး

ဗျူဟာမြောက်တံတား ပြန်ဖွင့်

တခါ၊ အဲဒီ လမ်းမကြီးပေါ်က မိုင်းခွဲဖျက်စီး ခံထားရတဲ့ တံတား ၄ စင်းထဲက ဂုတ်တွင်း တံတားကို အစိုးရ ဆောက်လုပ်ရေး ဝန်ကြီးဌာနက တံတားပေါ် ဘေလီတံတားတစ်စင်းကို ၅ ရက်အတွင်း အပူတပြင်း တည်ဆောက်ခဲ့ပြီး ၊ ဩဂုတ်လ ၂ဝ ရက်၊ အင်္ဂါ နေ့မှာပဲ ကားတွေကို ဖြတ်သန်း သွားလာခွင့် ပေးလိုက်ပါတယ်။

လားရှိုး-သီပေါ-နောင်ချို လမ်းပိုင်းပေါ်က အဲဒီ ဂုတ်တွင်းတံတားဟာ ရှမ်းမြောက်ဒေသနဲ့ မြန်မာပြည် အတွင်းပိုင်းကို ဆက်သွယ်ပေးတဲ့ အဓိက လမ်းကြောင်းပေါ်မှာ ရှိတဲ့ အတွက် ဗျူဟာမြောက် တံတားတစ်စင်း ဖြစ်တယ်လို့ စစ်ရေး အကဲခတ်တွေက ဆိုပါတယ်။

အင်္ဂါနေ့လယ် တံတားဖွင့်စ၊ အိမ်စီး ကားလေးတွေကို စတင် ဖြတ်သန်းခွင့် ပေးခဲ့ပါတယ်။

ရှမ်းမြောက်တိုက်ပွဲ -

ဓာတ်ပုံ ရင်းမြစ်, Ministry Of Construction

ဓာတ်ပုံ ပုံစာ, အိမ်စီးကားတွေ စတင်ဖြတ်

အဲဒီနောက်မှာတော့ စစ်လက်နက် ပစ္စည်းတွေ သယ်လာတဲ့ အစိုးရ စစ်တပ်ကား အစင်းရေ ၁ဝဝ ဝန်းကျင်အထိ အဲဒီ ဂုတ်တွင်း ဘေလီ တံတားသစ်ပေါ် ဖြတ်ပြီး ရှမ်းမြောက်ဒေသကို ဦးတည် သွားကြတယ်လို့ အနီးနား မျက်မြင် ကြုံတွေ့ရသူတွေက ဘီဘီစီကို ပြောပါတယ်။

ဒီနောက်မှာတော့ တံတားခံနိုင်ဝန်ကြိ ပြန်စစ်ခဲ့ကြပြီး ညနေပိုင်း အချိန်မှာတော့ တံတားပေါ် အတက်အဆင်းကားတွေကို တလှည့်စီ ပြန်လွှတ်ပေးခဲ့တယ်လို့ ဆိုပါတယ်။

ဂုတ်တွင်းတံတားဟာ ရှမ်းမြောက်ဒေသ လမ်းပန်းဆက်သွယ်ရေးမှာ အဓိကအရေးပါတာမို့ နေ့ည ဆောက်လုပ်ခဲ့ရတယ်လို့ ဆောက်လုပ်ရေးဝန်ကြီးဌာနက ပြောထားပါတယ်။

မိုင်းခွဲ ဖျက်စီး ခံခဲ့ရတဲ့ တံတားဟောင်းပေါ် အနည်းဆုံး ၄၈ တန်ရှိတဲ့ ကုန်ကားတွေ သွားလာနိုင်ပေမယ့်၊ အခု ပြန်ပြင်ဆောက်ထားတဲ့ တံတားမှာ ၃၆ တန်အထိ ကုန်ကားတွေပဲ ဖြတ်သန်းခွင့် ပြုထားတယ်ဆိုပြီး ဆောက်လုပ်ရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးဝင်းတင့်က ဘီဘီစီကို ပြောပါတယ်။

ကျန်တဲ့ တံတားတွေကိုလည်း အမြန်ဆုံး ပြန်ပြင်တည်ဆောက်မယ်လို့ ဆိုပါတယ်။

ရှမ်းမြောက်တိုက်ပွဲ -

ဓာတ်ပုံ ရင်းမြစ်, MPA

ဓာတ်ပုံ ပုံစာ, လားရှိုး မန်ဆူကျောင်းမှာ သောင်တင်နေတဲ့ စစ်ဘေး ဒုက္ခသည် သားအမိ

စစ်ဘေးဒုက္ခသည် အခြေအနေ

ပြည်ထောင်စုလမ်းမကြီးကို ထိန်းချုပ်နိုင်အောင် တအာင်းပလောင် TNLA ၊ ကိုးကန့်တပ် MNDAA နဲ့ ရခိုင် အေအေ ပူးပေါင်း အဖွဲ့တွေရော၊ အစိုးရတပ်ဘက်က ကြိုးစား နေပြီး လတ်တလော တိုက်ပွဲတွေကြောင့် စစ်ဘေး ဒုက္ခသည် ဦးရေး ထောင်ချီ ရှိလာပါတယ်။

ကွတ်ခိုင်မြို့နယ်ထဲမှာဆိုရင် နမ့်ဖတ်လွန်း-မန်လွယ်-နမ့်ခိုင်တံတား အကြား ပြည်ထောင်စုလမ်းမပေါ်မှာ မော်တော် ယာဉ်အချို့ပိတ်မိနေတာ ၃ရက်ကျော် ကြာလာပြီလို့ ဒုက္ခသည် ကူညီရေး လှုပ်ရှားကြသူတွေက ဆိုပါတယ်။

အစားအသောက် ပို့ပေးနိုင်ဖို့ ကြိုးစားပေမယ့် သက်ဆိုင်ရာ အဖွဲ့တွေက လမ်းတွေကို ပိတ်ပြီး ဖြတ်သန်းခွင့် မပေးတဲ့ အတွက်၊ မကူညီနိုင် ဖြစ်နေရတယ် ဆိုပြီး မေတ္တာရှင် လူမှုကူညီ ရေးအသင်း (နမ့်ဖတ်ကာ) ရဲ့ တာဝန်ခံတစ်ဦးက ဘီဘီစီကို ပြောပါတယ်။

ရှမ်းမြောက်တိုက်ပွဲ -

ဓာတ်ပုံ ရင်းမြစ်, Thaung Tun

ဓာတ်ပုံ ပုံစာ, အလံဖြူထောင်လည်း အပစ်ခံရတယ်လို့ဆို

စားစရာ အခက်အခဲဖြစ်နေတဲ့အတွက် ကူညီ ပေးဖို့ ဒီကနေ့ သြဂုတ် ၂၀ရက်နေ့မနက်ပိုင်းမှာ အကူအညီတောင်းခံလာတယ်လို့ မေတ္တာရှင် လူမှုကူညီ ရေးအသင်း (နမ့်ဖတ်ကာ)မှ တာဝန်ခံတစ်ဦးက ဘီဘီစီကိုပြောပါတယ်။

အဲဒီလို လမ်းပေါ် သောင်တင် ပိတ်မိပြီး အစာရေစာက အစ အခက်အခဲ ဖြစ်နေသူ ဘယ်နှယောက် ရှိသလဲ ဆိုတဲ့ အတိအကျ အရေအတွက်ကိုတော့ မသိရ သေးပါဘူး။

ကူညီရေး ကားတွေလည်း သေနတ်နဲ့ အပစ်ခံရတာတွေ ဖြစ်နေပြီး၊ ပြီးခဲ့တဲ့ စနေ ဩဂုတ် ၁၇ ရက်နေ့ တုန်းကဆို လားရှိုးအထွက် ၁၂ မိုင်မှာ ပရဟိတ သူနာပြုယာဉ်မောင်း သေနတ်ကျည် ထိမှန် သေဆုံး ခဲ့ရတဲ့ အထိ ဖြစ်ခဲ့ပါတယ်။

ဩဂုတ် ၂ဝ အင်္ဂါ နေ့မှာလည်း ခိုမုန်းဆိုတဲ့ ရွာရဲ့ အထွက်မှာ ဒဏ်ရာရသူတွေကို လာသယ်ပေးဖို့ အကူအညီတောင်းခံလာတာကြောင့် အသင်းကား ၃ စီးနဲ့ အလံဖြူ ထောင်ပြီး သွားခဲ့ပေမယ့်၊ သေနတ်နဲ့ လှမ်း အပစ်ခံရလို့ လှည့်ပြန်ခဲ့ရတယ် ဆိုပြီး မူဆယ် အခြေစိုက် ကရုဏာ လူမှုကူညီရေးအသင်းရဲ့ ဥက္ကဋ္ဌ ဦးသောင်းထွန်းက ဘီဘီစီကိုပြောပါတယ်။