ရှမ်းမြောက် ပြည်ထောင်စုလမ်းမှာ တိုက်ပွဲဆက်ဖြစ်၊ တိုက်ပွဲကြား မသွားသင့်သေးဘူးလို့ TNLA ဆို

ဓာတ်ပုံ ရင်းမြစ်, AFP
မန္တလေးတိုင်း ပြင်ဦးလွင်က တပ်မတော် နည်းပညာ တက္ကသိုလ် အပါအဝင် ရှမ်းပြည်နယ်က နေရာတချို့မှာ တိုက်ခိုက်မှုတွေ ဖြစ်ခဲ့တဲ့ သြဂုတ်လ ၁၅ ရက် စပြီး ပြည်ထောင်စုလမ်းမကြီး မူဆယ်- မန္တလေးလမ်းက ရှမ်းမြောက် လမ်းပိုင်းတချို့မှာ သြဂုတ်လ ၁၈ ရက်အထိ တိုက်ပွဲတွေ ဆက်ဖြစ်ခဲ့တယ်လို့ TNLA က ပြောခွင့်ရသူ ဗိုလ်မှူးတာအိုက်ကျော်က ဘီဘီစီကို ပြောပါတယ်။
ဘယ်နေရာတွေမှာ တိုက်ပွဲဆက်ဖြစ်နေလဲ
တိုက်ပွဲဖြစ်ပွားမှုက " (သြဂုတ်လ)၁၈ ရက်မှာ သုံးနေရာလောက်ရှိတယ်" လို့ သူက ပြောပါတယ်။
"ဒီနေ့ (၁၈ ရက်) မှာလည်း ကွတ်ခိုင်မြို့နယ်ထဲက နမ့်ကွတ်တို့နားတစ်ဝိုက်ဖြစ်တယ်။ နမ့်ခိုင်နားတစ်ဝိုက်ဖြစ်တယ်" လို့ တအာင်း/ပလောင် လွတ်မြောက်ရေး တပ်မတော် TNLA က ပြောခွင့်ရသူ တာအိုက်ကျော်က ပြောပါတယ်။
တိုက်ပွဲတွေနဲ့ ပတ်သက်လို့ ဒီနေ့ ကွတ်ခိုင်မြို့ကို တိုက်ခိုက်ဖို့ မဟာမိတ်အဖွဲ့တွေက သုံးနေရာလောက်က ချဉ်းကပ်လာတာရှိပေမဲ့ အကျအဆုံး တော်တော်များများနဲ့ ပြန်ဆုတ်သွားတယ်လို့ တပ်မတော် သတင်းမှန်ပြန်ကြားရေးက ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ဘီဘီစီကို ပြောပါတယ်။
နှစ်ဘက်ထိခိုက်ဒဏ်ရာမှုတွေနဲ့ ပတ်သက်လို့တော့ " ထိခိုက်မှုကတော့ နှစ်ဘက်လုံးက ရှိပါတယ်။ အသေးစိတ်ကတော့ မထုတ်နိုင်သေးဘူး၊ တိုက်ပွဲဖြစ်နေဆဲကာလမှာ" လို့ တာအိုက်ကျော်က ပြောပါတယ်။
ပြည်ထောင်စုလမ်းကြီး သီပေါ-လားရှိုး-သိန်းနီ-ကွတ်ခိုင် လမ်းတွေတစ်လျှောက် ညီနောင် မဟာမိတ်သုံးဖွဲ့(ရက္ခိုင့်တပ်မတော် (AA)၊ မြန်မာအမျိုးသား ဒီမိုကရက်တစ်မဟာမိတ်တပ်ဖွဲ့ (MNDAA) နဲ့ (TNLA) )နဲ့ တပ်မတော်တို့ တိုက်ပွဲ ဖြစ်ပွားနေတာနဲ့ ပတ်သက်ပြီး "၁၅ ရက်ကနေ ဒီမနက်ထိ အဲဒီ လမ်းမ(ပြည်ထောင်စုလမ်းမ)ပေါ်မှာ တိုက်ပွဲက ဖြစ်ပွားနေတယ်။ တချို့နေရာမှာ တပ်ဘက်က နေရာယူထားတယ်။ တချို့နေရာမှာ ကျွန်တော်တို့ နေရာယူထားတယ်" တာအိုက်ကျော်က ပြောပါတယ်။
"တိုက်ပွဲဖြစ်နေတဲ့ အချိန်မှာ သွားဖို့လာဖို့ကတော့ မပြုသင့်ဘူးလို့ အကြံပြုချင်တယ်" လို့ သူက ပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, MPA
ဒါ့အပြင် တိုက်ပွဲတွေကြား ကယ်ဆယ်ရေးလုပ်ဆောင်သူတွေ သေဆုံး၊ ဒဏ်ရာရမှုနဲ့ ပတ်သက်ပြီး "ကျွန်တော်တို့ အဖွဲ့ကတော့ လူနာတင်ကားကို ပစ်ခတ်တာတော့ မရှိဘူး။ တိုက်ပွဲကြားမှာ ဆိုရင်တော့ ဘယ်သူရဲ့လက်ချက်လို့ တပ်အပ်တော့ မပြောနိုင်ဘူး" လို့ တာအိုက်ကျော်က ပြောပါတယ်။
"လူနာတင်ကား၊ အရပ်ဘက်ကို ဦးတည်ပြီး ပစ်ခတ်တာတော့မဟုတ်ဘူး။ တိုက်ပွဲကြားမှာ ဖြစ်နေတဲ့အတွက် ဘယ်သူ့ရဲ့ကျည်ဆန်ကြောင့် ထိခိုက်သွားတာလဲ အဲဒါတော့ မသိနိုင်ဘူး" လို့ သူက ပြောတာ ဖြစ်ပါတယ်။
တိုက်ပွဲတွေ ဘယ်နှကြိမ်လောက်ဖြစ်ခဲ့လဲ
တိုက်ပွဲတွေ ၁၅ ရက်မှာ ခုနစ်ကြိမ်၊ ၁၆ ရက်မှာ သုံး၊လေးကြိမ်၊ ၁၇ ရက်မှာ ရှစ်နေရာ၊ ရှစ်ကြိမ်လောက် ဖြစ်ခဲ့တယ်လို့လည်း တာအိုက်ကျော်က ပြောပါတယ်။
မနေ့ (သြဂုတ်လ ၁၇ ရက်) ကလည်း လားရှိုးနဲ့ ကွတ်ခိုင် မြို့နယ်ထဲက ပြည်ထောင်စုလမ်းမပေါ်မှာ တိုက်ပွဲတွေ ကြိုကြားကြိုကြား တစ်လျှောက်လုံး ဖြစ်တယ်လို့ ပြောပါတယ်။
ဂုတ်တွင်းတံတား ဘယ်နေ့ပြန်ဖြတ်နိုင်မလဲ
တိုက်ခိုက်မှုတွေ စဖြစ်ခဲ့တဲ့နေ့က မိုင်းဆွဲတိုက်ခိုက်ခံရတဲ့ မန္တလေး - နောင်ချို - လားရှိုးလမ်းက ဂုတ်တွင်း တံတားကိုတော့ ဆောက်လုပ်ရေး ဝန်ကြီးဌာနက ယာယီ ဘေလီတံတား ထိုးနေပြီး ၂၀ ရက် (အင်္ဂါနေ့) အပြီး တည်ဆောက်မယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။
အဲဒီကာလအတွင်း ဂုတ်တွင်းတံတားကို ရှောင်ပြီးသွားရမယ့် လမ်းပိုင်း ခြောက်ခုကိုလည်း ဆောက်လုပ်ရေး ဝန်ကြီးဌာနက ကြေညာထားပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Ministry of Construction
အဲဒီလို ကြေညာထားတဲ့ လမ်းပိုင်းတွေထဲက တစ်ခုဖြစ်တဲ့ လားရှိုး-နမ့်လန်-ကျောက်ဂူ-နောင်ချို-မန္တလေးလမ်းမှာ သွားလာတဲ့သူတွေကို လမ်းတစ်လျှောက် လုံခြုံရေး တတ်နိုင်သမျှ ယူပေးမယ်လို့ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS) က သြဂုတ်လ ၁၇ ရက် ရက်စွဲနဲ့ ကြေညာခဲ့ပါတယ်။
တပ်မတော်ကတော့ ဒီတိုက်ခိုက်မှုတွေ ဖြစ်ပွားခဲ့ပြီးတဲ့နောက် လမ်းပန်းဆက်သွယ်ရေး မပြတ်တောက်ရေးနဲ့ နယ်မြေ ပြန်လည် တည်ငြိမ်အေးချမ်းရေးကို ဆောင်ရွက်နေတယ်လို့ တပ်မတော် သတင်းမှန်ပြန်ကြားရေးက ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြောပါတယ်။
တိုက်ပွဲတွေ အနီးအနားက မြို့တွေအခြေအနေ
ရှမ်းပြည်နယ် မြောက်ပိုင်းက လမ်းပိုင်းတွေမှာ ဂုတ်တွင်းတံတား အပြင် တံတားနှစ်စင်း မိုင်းခွဲတိုက်ခိုက် ခံရထားပြီးတဲ့နောက်လည်း ၁၇ ရက် (စနေနေ့) ညနေပိုင်းမှာ သိန်းနီ-ကွမ်းလုံ-ချင်းရွှေဟော်လမ်းက တံတားတစ်စင်း ထပ်ပြီး မိုင်းထောင်တိုက်ခံရတယ်လို့ ဆောက်လုပ်ရေး ဝန်ကြီးဌာနက ဒီကနေ့ (သြဂုတ်လ ၁ဂ ရက်မ) မှာ ထပ်ကြေညာလို့ ရှမ်းမြောက်လမ်းပိုင်းတွေမှာ တိုက်ခိုက်မှုတွေ ဆက်ရှိနေတာကို တွေ့ရပါတယ်။
တိုက်ပွဲစဖြစ်ခဲ့တဲ့ ၁၅ ရက်ကနေ ၁၇ ရက်ထိ တံတားလေးစင်း ထိခိုက်ပျက်စီးခဲ့တယ်လို့ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းကလည်း ပြောပါတယ်။
နောင်ချို၊ ကျောက်မဲ၊ သီပေါ၊ လားရှိုး၊ သိန်းနီ၊ ကွတ်ခိုင်နဲ့ နန့်ဖတ်ကာ စတဲ့မြို့တွေမှာတော့ သြဂုတ် ၁၇ ရက် ညဘက်ကနေစပြီး ဒီနေ့ သြဂုတ်လ ၁၈ရက် မနက် ၉နာရီအချိန်အထိအထိ ပစ်ခတ်သံတွေမကြားတော့ဘူးလို့ အဲဒီမြို့တွေက လူမှုရေးအသင်းတွေက ပြောပါတယ်။
မြို့တွေနဲ့ အနီးနားဝန်းကျင်တွေမှာ သေနတ်သံတွေမကြားရပေမဲ့ မြို့တွင်းဖြတ်သန်းသွားလာတဲ့ ကားတွေတော့ မရှိသေးဘူးလို့ အဲဒီဒေသခံတွေဆီက စုံစမ်းသိရှိရပါတယ်။








