ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
AA စခန်းမှာ အစာရေစာ ၀၀ မစားရဘူးလို့လွတ်လာသူတွေပြော
ပြီးခဲ့တဲ့ ဖေဖော်ဝါရီလတုန်းက ဖမ်းဆီးခဲ့တဲ့ ပလက်ဝမြို့နယ်ထဲက ကင်းတလင်းရွာသား ၃၉ ဦးကို ရက္ခိုင့်တပ်မတော် AA က ပြန်လွှတ်ပေးလိုက်ပြီး ဒီကနေ့ သြဂုတ်လ ၂ ရက်နေ့ မနက်မှာ ပလက်၀ မီးဇာကျေးရွာကို ရောက်လာကြပြီ ဖြစ်ပါတယ်။
"ဇူလိုင်လ ၂၇ ရက်နေ့က AA က လွှတ်ပေးခဲ့တာပါ၊ တောထဲမှာ ၇ ရက်လောက် အိပ်၊ စားပြီး လာခဲ့ရတာ၊ ဒီနေ့ နေ့လယ် ၁၂ နာရီလောက်ကျမှ မီးဇာကို ရောက်တာပါ" လို့ လွတ်မြောက်လာခဲ့တဲ့ ကျေးရွာသားတစ်ဦးက ပြောပါတယ်။
သူတို့တွေဟာ ဖမ်းဆီးခံထားရစဉ်မှာ "AA စခန်းမှာ အစာရေစာ ၀၀လင်လင် မစားသောက်ရတာတွေ ရှိခဲ့ပြီး တောင်ယာခိုင်းစေတာ၊ အမျိုးသားတွေကို ဆန်အိတ်သယ်ခိုင်းတာ၊ ဝန်ထုပ်ဝန်ပိုး သယ်ခိုင်းတာတွေ ရှိခဲ့တယ်"လို့ ထွက်ပြေးလာခဲ့တဲ့ ကျေးရွာသားတွေက ပြောပါတယ်။
ကင်းတလင်းကျေးရွာသားတွေကို AA က ၆ လခန့်အကြာ ဖမ်းဆီးထိန်းသိမ်းထားခဲ့တာပါ။
AA ထုတ်ပြန်ချက်မှာတော့ ဖမ်းဆီးထားသူတွေကို ပလက်ဝမြို့နယ်ထဲက ဘင်္ဂလားဒေ့ရှ်နယ်စပ်နဲ့ နီးတဲ့ အုန်းသီးဝ ကျေးရွာက ရပ်မိရပ်ဖတွေဆီကို ဇူလိုင် ၃၁ရက်နေ့ မနက်ပိုင်းက အပ်နှံခဲ့တယ်လို့လည်း အေအေရဲ့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
ဒါ့အပြင် တိုက်ပွဲတွေမှာ ဖမ်းမိတဲ့ စစ်ဘက်နဲ့ မသက်ဆိုင်သူတွေကိုလည်း လုံခြုံစိတ်ချရတဲ့ အခြေအနေမှာ ပြန်လွှတ်ပေးမယ်လို့လည်း AA ကပြောထားပါတယ်။
"အရင်က AA အရာရှိတွေကို ပြန်ချင်တယ်လို့ တင်ပြခဲ့တယ်၊ အဆင်မပြေသေးဘူးပြောပြီး အခုကျမှ ပြန်လွှတ်ပေးလိုက်တာပါ" လို့ လွတ်မြောက်လာတဲ့ ရွာသားက ပြောပါတယ်။
လွတ်မြောက်လာတဲ့ ရွာသား ၃၉ ဦးလုံးဟာ ကျန်းမာရေးဆိုးဝါးသူ မရှိဘူးလို့လည်း သူက ပြောပါတယ်။
လွှတ်ပေးလိုက်တဲ့ ကင်းတလင်းရွာသားတွေရှိနေခဲ့တဲ့ အုန်းသီးဝ ကျေးရွာက ဝေးလံ ခေါင်သီပြီး သူတို့တွေဟာ ကင်းတလင်းရွာသားတွေ ခိုလှုံနေတဲ့ မီးဇာကျေးရွာကို အရင်သွားမှာ ဖြစ်တယ်လို့လည်း ချင်းလူ့အခွင့်အရေး အဖွဲ့က ဆလိုင်းတာရကပြောပါတယ်။
အုန်းသီးဝရွာကနေ မီးဇာရွာကို အနည်းဆုံး ၁ ရက်ကျော် ခြေလျင်ခရီးနဲ့သွားရမှာ ဖြစ်တယ်လို့ မီးဇာရွာ အုပ်ချုပ်ရေးမှူး ဦးကွေ့လောက်က ပြောပါတယ်။
ကင်းတလင်းရွာက အမျိုးသား၊အမျိုးသမီးစုစုပေါင်း၅၄ ဦးကို AA က ဖေဖော်ဝါရီလ ၂ ရက်နေ့က ဖမ်းခေါ်သွားခဲ့တာဖြစ်ပြီး အဲ့ဒီထဲက ၂ ဦးဟာ လမ်းတဝက်ကနေ ထွက်ပြေး လွတ်မြောက်ခဲ့တာဖြစ်ပြီး ၁၂ ဦးကတော့ ပြီးခဲ့တဲ့ လတုန်းက ထွက်ပြေးလွတ်မြောက်ခဲ့ကြတာပါ။
ကျန်တဲ့ ၃၉ ဦးကိုတော့ AA က အခုကျမှ လွှတ်ပေးလိုက်တာလည်း ဖြစ်ပါတယ်။