ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
တပ်ကိုယ်စားလှယ်တွေ လက်မှတ်ထိုးပေမယ့် သဘောမတူဘူး ပြောတဲ့ အစီရင်ခံစာ
ဖွဲ့စည်းပုံပြင်ရေး ပူးပေါင်း ကော်မတီဖွဲ့ လုပ်ဆောင်နေတာတွေဟာ ဥပဒေနဲ့ မကိုက်ညီဘူး ဆိုတဲ့ သဘောထားကို တပ်မတော်က ဆက်လက် ကိုင်စွဲထားတာ တွေ့နေရပါတယ်။
ဇူလိုင် ၁၅ ရက်၊ ၄၅ ဦး ပူးပေါင်း ကော်မတီကနေ တင်သွင်းခဲ့တဲ့ အစီရင်ခံစာထဲမှာ တပ်မတော် ကိုယ်စားလှယ်တွေ ဝင်ရောက် လက်မှတ် ရေးထိုးထားပေမယ့် သူတို့ရဲ့ သဘောထား မှတ်ချက် ဆိုပြီးတော့လည်း သီးသန့် ဖော်ပြထားပါတယ်။
အဲဒီ ပူးပေါင်းကော်မတီထဲ တပ်မတော်သား ကိုယ်စားလှယ်တွေ ပါဝင် နေပေမယ့် ဘယ်အချက်တွေကို ပြင်သင့်တယ်၊ ဖြည့်စွက်သင့်တယ် ဒါမှမဟုတ် လုံးဝ ပယ်ဖျက် သင့်တယ် စသဖြင့် အကြံပြုထားသူတွေထဲ သူတို့ မပါဝင်ဘူးလို့ တပ်ကိုယ်စားလှယ်တွေက ပြောတာ ဖြစ်ပါတယ်။
ဖွဲ့စည်းပုံကို ပြင်ချင်ရင် ဘယ်လို ပြင်ရမလဲ ဆိုပြီး ဖွဲ့စည်းပုံ အခန်း ၁၂ မှာ ပြဌာန်းထားတာတွေကို တပ်မတော်သား ကိုယ်စားလှယ်တွေ အဓိက ကိုင်စွဲ ထားပါတယ်။
ဖွဲ့စည်းပုံ ပြင်လိုရင် ဥပဒေကြမ်း အရင်တင်၊ ပြီးမှ လွှတ်တော်နှစ်ရပ်ပေါင်း ကော်မတီဖွဲ့ စိစစ် ဆိုတဲ့ ဖွဲ့စည်းပုံက ခွင့်ပြုထားတဲ့ ပြဌာန်းချက်ကို အာဏာရ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီက ကျော်လွန်ပြီး ပြုလုပ်နေတယ်လို့ တပ်ကိုယ်စားလှယ်တွေ ရှုမြင်ထားပါတယ်။
အဆိုပြုချက်ပေါင်း သုံးထောင့်ခုနစ်ရာကျော်ပါတဲ့ အစီရင်ခံစာ
၄၅ ဦး ပူးပေါင်းကော်မတီရဲ့ အတွင်းရေးမှူး၊ NLD ပါတီက အမတ် ဒေါက်တာ မြတ်ဉာဏစိုး ပြည်ထောင်စု လွှတ်တော်ထဲ ဖတ်ပြသွားတဲ့ အစီရင်ခံစာ ထဲမှာတော့ အကြံပြုချက်ပေါင်း ၃၇၆၅ ချက် ပါဝင် နေပါတယ်။
ပူးပေါင်းကော်မတီ အဖြစ် ဖွဲ့စည်းပြီး ၃ လတာ ဝန်းကျင်မှာ အစည်းအဝေး တွေ အကြိမ် ၂ဝ ကျော် ပြုလုပ်ပြီး ဖွဲ့စည်းပုံ အပေါ် ဆန်းစစ် သုံးသပ်ခဲ့ကြတာ ဖြစ်ပါတယ်။
အခု ရရှိလာတဲ့ အကြံပြုချက်ပေါင်း ၃၇၆၅ ခု ဆိုတာ အခြေခံ ဥပဒေရဲ့ ဘယ်ပုဒ်မ ဒါမှမဟုတ် ပုဒ်မခွဲတွေကို ပြင်ဆင်သင့်လဲ၊ ဒါမှမဟုတ် ဖြည့်စွက်သင့်လဲ၊ ဒါမှမဟုတ် လုံးဝ ပယ်ဖျက်သင့်လဲ ဆိုတဲ့ အကြံပြုချက်တွေ ဖြစ်ပြီး၊ ဒီအတိုင်း ထားသင့်တယ် ဆိုတဲ့ အချက်တွေကိုတော့ ထည့်ရေတွက်ထားတာ မဟုတ်ပါဘူး။
အခြေခံ ဥပဒေမှာပါဝင်တဲ့ အခန်း ၁၅ ခန်းစလုံးနဲ့ နောက်ဆက်တွဲဇယား ၅ ခုလုံးမှာ ပြင်ဆင်၊ ဖြည့်စွက်၊ ပယ်ဖျက် တစ်ခုမဟုတ် တစ်ခုလုပ်ဆောင်ရမယ် ဆိုတဲ့ အကြံပြုချက်တွေ ရရှိလာတာ ဖြစ်ပါတယ်။
ဒီအကြံပြုချက်တွေဟာ အထက်မှာ ဆိုခဲ့တဲ့အတိုင်း တပ်မတော်သား ကိုယ်စားလှယ်တွေရဲ့ သဘောထားတွေ မပါဝင်ပါဘူး ဆိုတဲ့ အတွက် နိုင်ငံရေးပါတီ ၁၄ ခုက ကိုယ်စားလှယ်တွေနဲ့ တသီးပုဂ္ဂလ ကိုယ်စားလှယ်တို့က ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။
ဘာဆက်ဖြစ်မလဲ
အခုလို ပူးပေါင်း ကော်မတီရဲ့ အစီရင်ခံစာပါ အချက်တွေကို ပြည်ထောင်စု လွှတ်တော်ထဲ ဆွေးနွေး အတည်ပြုကြရမှာ ဖြစ်ပါတယ်။
ဒါ့ကြောင့် ဆွေးနွေးလိုတဲ့ ကိုယ်စားလှယ် အမည်စာရင်းကို ပြည်ထောင်စု နာယကထံ တင်ပြရမယ့် နောက်ဆုံးရက်က လာမယ့် ဇူလိုင် ၂၂ ရက်နေ့ ဖြစ်ပါတယ်။
ဇူလိုင် ၁၈ ရက်နေ့ နောက်ဆုံးထားပြီး နာမည်စာရင်း တင်သွင်းရမယ်လို့ ပြည်ထောင်စု လွှတ်တော်ရဲ့ နာယက ဦးတီခွန်မြတ်က သတ်မှတ် ခဲ့ပေမယ့် အဓိက အတိုက်အခံပါတီ ဖြစ်တဲ့ ကြံခိုင်ရေး ဘက်က ပြင်ဆင်ချိန် နည်းလွန်းတယ် ဆိုပြီး ကန့်ကွက်ခဲ့ပါတယ်။
ဒါ့ကြောင့် ဇူလိုင် ၂၂ ရက်နေ့ထိ အချိန်ရလာတာ ဖြစ်ပါတယ်။
ပူးတွဲကော်မတီရဲ့ အစီရင်ခံစာပါ အကြံပြုချက်တွေကို ပြည်ထောင်စု လွှတ်တော်က အတည်ပြု ပေးလာတဲ့ အခါမှာတော့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ပြင်ဆင်တဲ့ ဥပဒေကြမ်း ရေးဆွဲရမယ့် အဆင့်ကို ရောက်လာမှာ ဖြစ်ပါတယ်။
အဒီလို ဥပဒေကြမ်း ရေးဆွဲတဲ့ အခါမှာတော့ အခု ပူးပေါင်း ကော်မတီဝင် ၄၅ ဦးရဲ့ သဘော ဆန္ဒသက်သက်နဲ့ ဆောင်ရွက်မှာ မဟုတ်ဘူးလို့ ပူးပေါင်း ကော်မတီရဲ့ အတွင်းရေးမှူး ဒေါက်တာ မြတ်ဉာဏစိုးက ပြည်ထောင်စု လွှတ်တော်မှာ ပြောသွားပါတယ်။
ဥပဒေကြမ်းရေးတဲ့အခါ အုပ်ချုပ်ရေးနဲ့ တရားရေး မဏ္ဍိုင်တွေက ပြည်ထောင်စု အဆင့် ကိုယ်စားလှယ်တွေ၊ ဒေသန္တရ အစိုးရနဲ့ လွှတ်တော်တွေရဲ့ ခေါင်းဆောင်တွေ၊ တိုင်းရင်းသားရေးရာ ဝန်ကြီးတွေ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းဒေသတွေက ကိုယ်စားလှယ်တွေရဲ့ အကြံဉာဏ်တွေကိုသာမက တိုင်းရင်းသားလူမျိုးစုတွေ၊ နိုင်ငံရေးပါတီတွေနဲ့ ဥပဒေ ပညာရှင်တွေရဲ့ အကြံဉာဏ်တွေကိုပါ တောင်းခံ သွားမယ်လို့ ဒေါက်တာ မြတ်ဉာဏစိုးက ဆိုပါတယ်။
ဤခရီးနီးပြီလား
လွှတ်တော်ထဲမှာ နေရာ အများစု ရထားပြီး အစိုးရကို ဦးဆောင် ဖွဲ့ထားတဲ့ NLD ပါတီ အနေနဲ့ သူတို့ရဲ့ ရွေးကောက်ပွဲ ကတိကဝတ် တစ်ခုဖြစ်တဲ့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ရေးကို လွှတ်တော်တွင်း နည်းလမ်းနဲ့ ဆောင်ရွက် နေတာ ဖြစ်ပါတယ်။
၂ဝ၂ဝ ဆိုရင် ရွေးကောက်ပွဲ နောက်တစ်ကြိမ် ကျင်းပရတော့မှာ ဖြစ်လို့ ဖွဲ့စည်းပုံ ပြင်ရေး ရည်မှန်းချက် လက်တွေ့ အထမြောက်လာဖို့ လက်ကျန် တစ်နှစ်ကျော် ကာလ ဝန်းကျင်မှာ ဖြစ်နိုင်ခြေ ရှိလား ဆိုတဲ့ မေးခွန်း ထွက်လာ စေပါတယ်။
လွှတ်တော်ထဲက တပ်မတော်သား ကိုယ်စားလှယ်တွေကတော့ ဖွဲ့စည်းပုံအခြေခံ ဥပဒေကို ပြင်ဆင်သင့်တဲ့ နေရာတွေ ပြင်ဖို့ လိုအပ်တယ် ဆိုတာကို မူအရ လက်ခံတယ်လို့ ဆိုထားပေမယ့် အခုထွက်လာတဲ့ ၄၅ဦး ပူးပေါင်း ကော်မတီရဲ့ အစီရင်ခံစာ လုပ်ငန်းစဉ်တွေက ဥပဒေနဲ့ မညီဘူးလို့ ဆိုနေပါတယ်။
ဒီတော့ ပူးပေါင်း ကော်မတီရဲ့ အစီရင်ခံစာပေါ် မူတည်ပြီး ရှေ့ဆက်ကြမယ့် လုပ်ငန်းစဉ်တွေမှာ သူတို့ဘက်က လက်တွဲ ဆောင်ရွက်မှု ဘယ်လောက် ရှိလဲ မရှိဘူးလဲ ဆိုတာ ဆက်လက် စောင့်ကြည့်ရဦးမှာ ဖြစ်တယ်လို့ NLD ပါတီရဲ့ ပြည်သူ့လွှတ်တော် အမတ်လည်းဖြစ်၊ နိုင်ငံသားများရဲ့ မူလ အခွင့်အရေးဆိုင်ရာ လွှတ်တော် ကော်မတီဝင် တစ်ယောက်လည်း ဖြစ်တဲ့ ဒေါ်သန္တာက ဘီဘီစီကို ပြောပါတယ်။
ဥပဒေကြမ်း အရင်ရှိဖို့ လိုတယ် ဆိုပြီး တပ်မတော်သား ကိုယ်စားလှယ်တွေ ပြောထားတဲ့ အချက်ကို ဒေါ်သန္တာက ထောက်ပြီး …
" သူတို့လိုချင်တဲ့ ဥပဒေကြမ်း ရေးဆွဲမယ့် အဆင့်ကို ရောက်လုပြီ၊ ပြည်ထောင်စု လွှတ်တော်ထဲ မကြာခင်ရက်တွေမှာ အစီရင်ခံစာကို ဆွေးနွေးပြီးရင် ဥပဒေကြမ်း ရေးတော့မယ်။ အဲဒီအခါ သူတို့ သဘောထား ဘယ်လို ရှိလာမလဲ၊ သူတို့ အနေနဲ့ ပူးပေါင်း ပါဝင်မှာလား ဆိုတာ ကြည့်ရမယ်။" လို့ အိမ်မဲ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်သန္တာက ဆိုပါတယ်။
၄၃၆ ပြင်ရေးတံတိုင်း ကျော်နိုင်မလား
လက်ရှိ ဖွဲ့စည်းပုံ အခြေခံ ဥပဒေပါ အရေးကြီးအချက်တွေကို ပြင်လိုရင် လွှတ်တော်ထဲ ထောက်ခံမဲ ၇၅ ရာခိုင်နှုန်း ကျော်ရမယ် ဆိုတဲ့ ပုဒ်မ ၄၃၆ ပြင်ရေးဟာ ဖွဲ့စည်းပုံ ပြင်ရေးအတွက် အဓိက သော့ချက် သဖွယ် ရှိနေပါတယ်။
အရေးကြီး အချက်ဆိုတာမှာ လွှတ်တော်ထဲ တပ်မတော်သား ၂၅ ရာခိုင်နှုန်း ပါဝင်တာကို လျှော့ချတာမျိုး၊ ဒေါ်အောင်ဆန်းစုကြည် သမ္မတနေရာရဖို့ အဟန့်အတား ဖြစ်စေတဲ့ ၅၉(စ) ပြင်တာမျိုးတွေမှာ ထောက်ခံမဲ ၇၅ ရာခိုင်နှုန်း ကျော်ဖို့လိုပါတယ်။
ဒီတော့ တပ်ကိုယ်စားလှယ် အနည်းဆုံး တစ်ယောက်ရဲ့ ထောက်ခံမှုကိုမှ မရရင် ဖွဲ့စည်းပုံ မပြင်နိုင် ဆိုတဲ့ ၄၃၆ တံတိုင်းကို လက်ရှိ အခင်းအကျင်းအတိုင်း ဆိုရင် ကျော်ဖို့ မဖြစ်နိုင်ဘူး ဆိုပြီး အဓိက ရှမ်း တိုင်းရင်းသား နိုင်ငံရေးပါတီ တစ်ခုဖြစ်တဲ့ SNLD ရဲ့ တွဲဘက် အထွေထွေ အတွင်းရေးမှူး တစ်ယောက်ဖြစ်တဲ့ စိုင်းကျော်ညွန့်က ဝေဖန်ပါတယ်။
"သမားရိုးကျအတိုင်းဆိုရင်ကတော့ ၄၃၆ကို ကျော်လွန်နိုင်စရာတော့ မရှိပါဘူး။ ဒါပေမယ့် NLD မှာ တမူထူးခြားတဲ့ နည်းလမ်းများ ရှာတွေ့ထားရင်တော့ တမျိုးပေါ့လေ… သမားရိုးကျဆိုရင်တော့ ဖြစ်နိုင်ခြေ မရှိဘူးလို့ " စိုင်းကျော်ညွန့်က ဆိုပါတယ်။
၄၅ ဦး ပူးပေါင်း ကော်မတီကို ကြည့်ရင်တော့ SNLD ပါတီရဲ့ ကိုယ်စားလှယ်တွေလည်း အခု ၄၅ ဦး ကော်မတီထဲ ပါဝင်နေပါတယ်။
"စစ်မှန်တဲ့ ဖက်ဒရယ်နိုင်ငံကို ဦးတည်တဲ့၊ ဒီမိုကရေစီလည်း အပြည့်အဝ ရှိတဲ့ နိုင်ငံမျိုး သွားဖို့ ရည်ရွယ်ချက်နဲ့ လက်ရှိ ဖွဲ့စည်းပုံ တစ်အုပ်လုံးနီးပါး ပြင်ဆင်ဖို့ SNLD ကိုယ်စားလှယ်တွေက အကြံပြုထားတယ်" လို့ စိုင်းကျော်ညွန့်က ပြောပါတယ်။
ဖွဲ့စည်းပုံပြင်ဖို့ ဆို ဘယ်လိုပုံစံ ဘယ်လိုနည်းလမ်းဖြစ်ဖြစ် ပူးပေါင်းမယ် ဆိုတဲ့ မူဝါဒအတိုင်း SNLD ကိုယ်စားလှယ်တွေ ၄၅ ဦး ကော်မတီထဲ ပါဝင်ခဲ့ကြပေမယ့်၊ အခုအဆင့်ဟာ အချက်အလက်တွေ ကောက်ခံတဲ့ အဆင့်ပဲ ရှိသေးပြီး တကယ်တမ်း ပြင်ဆင်နိုင်ဖို့ မနီးစပ်သေးဘူးလို့ စိုင်းကျော်ညွန့်က သုံးသပ်ထားပါတယ်။