အေအေ ပြောခွင့်ရ ခိုင်သုခရဲ့ ယောက်ဖတော်သူအပါအဝင် လူသုံးဦးကို တပ်မတော်ဖမ်း

ရခိုင်ပြည်နယ် အမ်းမြို့နယ် ကျေးရွာတစ်ခုကနေ ရက္ခိုင်တပ်တော် အေအေရဲ့ ပြောခွင့်ရသူ ခိုင်သုခရဲ့ ယောက်ဖ တော်စပ်သူ တစ်ဦးနဲ့ နောက်ထပ် လူနှစ်ဦးကို စစ်တပ်က ဖမ်းဆီး ခေါ်ဆောင်သွားပြီး အမ်းမြို့မရဲစခန်းမှာ ထိန်းသိမ်းထားတယ်လို့ သူတို့မိသားစုတွေထံက သိရပါတယ်။

အခု ခေါ်ဆောင်ခံရသူ သုံးဦးဟာ အမ်းမြို့နယ် ဓာတ်တော်ကျေးရွာက ဖြစ်ပြီး ဇူလိုင် ၆ ရက်နေ မနက် ၉ နာရီလောက်မှာ စစ်တပ်က ကား ၂စီးနဲ့ ရွာထဲကို ဝင်လာပြီး ခေါ်ယူသွားတာ ဖြစ်တယ်လို့ မိသားစုတွေက ပြောဆိုပါတယ်။

အဲဒီအထဲက ဦးမောင်ဖြူသန်းဟာ အေအေရဲ့ ပြောခွင့်ရသူ ခိုင်သုခရဲ့ ယောက်ဖ တော်စပ်သူ ဖြစ်တယ်လို့ ဆိုပါတယ်။ သူတို့ကို ဘာကြောင့် ခေါ်ယူထိန်းသိမ်းထားသလဲဆိုတာကိုတော့ တိတိကျကျ မသိရသေးပါဘူး။

အဲဒီသတင်းနဲ့ ပတ်သက်လို့ အမ်းမြို့မစခန်းမှူးနဲ့ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်က ဗိုလ်မှူးကြီး ဝင်းဇော်ဦးတို့ကို ဖုန်းနဲ့ ဆက်သွယ်တဲ့အခါမှာ ဖုန်းလက်ခံ ဖြေကြားခြင်း မရှိပါဘူး။

တပ်မတော် သတင်းမှန်ပြန်ကြားရေး အတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းကတော့ အဲဒီသတင်းကို မသိရှိသေးဘူးလို့ ပြောပါတယ်။

ရခိုင်ပြည်နယ်မှာ လတ်တလောဖမ်းဆီးမှုတွေ မကြာခဏ ဖြစ်နေပါတယ်။ ဇွန်လ ၂၂ ရက်နေ့က စစ်တွေ ဆတ်ရိုးကျ ချောင်းဝမှာ ရေတပ် ဆွဲရေယာဉ် တစ်စင်း တိုက်ခိုက်ခံရတာနဲ့ ပတ်သက်ပြီး ဖမ်းဆီးစစ်ဆေးခံနေရတဲ့ လူ ၁၀ ဦးကို ဇူလိုင် ၅ ရက်နေ့က ရုံးထုတ်ရာမှာ ၃ ဦးကို ပြန်လွှတ်ပေးလိုက်ပါတယ်။ ကျန်တဲ့ ၇ ဦးကိုတော့ ရမန် ၂ ပတ်ယူပြီး ထပ်မံ စစ်ဆေးနေပါတယ်။