ရုရှားမှာ သေဆုံးခဲ့တဲ့ ပညာတော်သင် မြန်မာဗိုလ်ကြီးကို သင်္ဂြိုဟ်ပြီးစီး

Moscow Institute of Electronic Technology နည်းပညာကျောင်း

ဓာတ်ပုံ ရင်းမြစ်, Google Maps

ဓာတ်ပုံ ပုံစာ, Moscow Institute of Electronic Technology နည်းပညာကျောင်း

ရုရှားနိုင်ငံ ဇလန်းနိုဂရက် တောအုပ်ထဲမှာ ကြိုးဆွဲချ သေဆုံးနေတာ တွေ့ခဲ့ရတဲ့ မြန်မာ ပညာတော်သင် ဗိုလ်ကြီးကို ဇူလိုင်လ ၆ ရက်နေ့က မီးသင်္ဂြိုဟ် လိုက်ပြီလို့ သိရပါတယ်။

သံရုံးအပါအဝင် တာဝန်ရှိတဲ့ ပုဂ္ဂိုလ်တွေက စီမံ ဆောင်ရွက် ပေးကြတာ ဖြစ်ပြီး ကွယ်လွန်သူ ဗိုလ်ကြီး ကျော်ရဲအောင်ရဲ့ မိဘတွေကတော့ လာရောက်နိုင်ခြင်း မရှိဘူးလို့လည်း မော်စကိုမြို့က မြန်မာထေရဝါဒ ဗုဒ္ဓ ဝိဟာရ ဘုန်းကြီးကျောင်းက ဆရာတော် ဒေါက်တာ အရှင် အစ္ဆရိယ က ဘီဘီစီကို မိန့်ပါတယ်။

သူ့သေဆုံးရတဲ့ အကြောင်းရင်းကို စစ်ဆေးခဲ့ကြတဲ့ ရုရှားရဲတွေ၊ မှုခင်းဆရာဝန်ရဲ့ စမ်းသပ် စစ်ဆေးချက်တွေ အရ ဗိုလ်ကြီး ကျော်ရဲအောင် သေဆုံးခဲ့မှုဟာ တစုံတယောက်ရဲ့ ပယောဂကြောင့် ဖြစ်တယ်လို့ မတွေ့ရကြောင်းနဲ့ သူ့ကိုသူ ကြိုးဆွဲချ အဆုံးစီရင်ခဲ့တယ် ဆိုတာ မှန်ကန်ကြောင်း ပေါ်ပေါက်တယ် လို့လည်း ဆရာတော်က ဆိုပါတယ်။

ဗိုလ်ကြီး ကျော်ရဲအောင်ဟာ ရုရှားမှာ နေထိုင်တာ ၆ နှစ်လောက် နေရှိပြီဖြစ်ပြီး Moscow Institute of Electronic Technology နည်းပညာကျောင်းမှာ PhD ဘွဲ့လွန်ပညာ သင်ယူနေသူ ဖြစ်တယ်လို့ မော်စကိုမြို့မှာရှိတဲ့ ရုရှားနိုင်ငံ ဆိုင်ရာ မြန်မာသံရုံးက ဘီဘီစီကို ပြောထားပါတယ်။

တက္ကသိုလ် ကျောင်းဆောင်မှာ တခြား မြန်မာကျောင်းသားတွေနဲ့ အတူ နေထိုင်ခဲ့တဲ့ ဗိုလ်ကြီး ကျော်ရဲအောင်ဟာ ဇွန်လ ၂၀ ရက်နေ့ကတည်းက အဆောင်ကို ပြန်မလာတဲ့ အတွက် အခန်းဖော် သူငယ်ချင်းတွေက လိုက်ရှာခဲ့ရာမှာ ဇွန်လ ၂၂ ရက်နေ့က အဆောင်နဲ့ မီတာ ၈၀၀ အကွာမှာ ရှိတဲ့ တောအုပ်ထဲက သစ်ပင် တစ်ပင်မှာ ကြိုးဆွဲချ သေဆုံးနေတဲ့ အနေအထားကို တွေ့ခဲ့ရတာဖြစ်ပါတယ်။

ဗိုလ်ကြီး ကျော်ရဲအောင်အတွက် ရည်စူးပြီး သူ့သူငယ်ချင်းတွေက သူနေခဲ့တဲ့ ကျောင်းဆောင်မှာ သက်ပျောက်ဆွမ်းနဲ့ ရက်လည်ဆွမ်း တို့ ကပ်လှုခဲ့ပါတယ်။

ဗိုလ်ကြီး ကျော်ရဲအောင်ဟာ PhD ဘွဲ့လွန်သင်တန်းအတွက် ကာကွယ်ရေး ဝန်ကြီးဌာနက စေလွှတ်ထားတာ ဖြစ်ပါတယ်။

မိုးကုတ် ဇာတိ ဖြစ်တဲ့ ဗိုလ်ကြီး ကျော်ရဲအောင်ဟာ မော်စကိုမြို့က မြန်မာထေရဝါဒ ဗုဒ္ဓ ဝိဟာရ ဘုန်းကြီးကျောင်းမှာ အလှည့်ကျ ဝေယျာဝစ္စ ကုသိုလ် ပြုလေ့ ရှိသူ ဖြစ်တယ်လို့ ဆရာတော်က ဆိုပါတယ်။

အေးဆေးသူ တစ်ယောက်ဖြစ်တဲ့ ဗိုလ်ကြီး ကျော်ရဲအောင် မထင်မှတ်ဘဲ ကွယ်လွန်သွားတဲ့ အတွက် သူ့မိတ်ဆွေ သူငယ်ချင်း အသိုင်းအဝိုင်းက မဖော်ပြနိုင် လောက်အောင် ဝမ်းနည်းနေကြတယ်လို့ ဆရာတော်က ပြောပါတယ်။