ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
မူကြိုကျောင်းသူအမှု ရန်ကုန်နဲ့ မန္တလေးမှာ ဆန္ဒပြမယ်
နေပြည်တော် သပြေကုန်းက Wisdom Hill မူကြိုကျောင်းမှာ တက်ရောက်နေတဲ့ အသက် ၃ နှစ်မပြည့် သေးတဲ့ မိန်းကလေးတစ်ဦး သက်ငယ်မုဒိမ်း ပြုကျင့်ခံခဲ့ရတဲ့အမှုနဲ့ပတ်သက်ပြီး ရန်ကုန်နဲ့ မန္တလေး မှာ ဆန္ဒပြသွားကြဖို့ရှိတယ်လို့ ရန်ကုန်ဆန္ဒပြပွဲကို ဦးဆောင်သူတစ်ဦးဖြစ်တဲ့ ကိုအောင်ထိုက်မင်းက ဘီဘီစီ ကိုပြောပါတယ်။
ရန်ကုန်ဆန္ဒပြပွဲကို ဇူလိုင် ၆ရက်နေ့မှာ ပြုလုပ်သွားမှာဖြစ်ပြီးစုရပ်အနေနဲ့ ကျောက်တော်ကြီးဘုရားကနေ အင်းစိန် မှုခင်းအထူးတပ်ဖွဲ့ရုံး (စီအိုင်ဒီ)ရှေ့အထိ ချီတက်ဆန္ဒဖော်ထုတ်သွားမှာဖြစ်ပါတယ်။
'' အဓိကကတော့ နေပြည်တော်က သမီးလေး ဗစ်တိုးရီးယားအတွက် တရားမျှတမှုကို တောင်းဆိုချင် တာပါ။ နောက်ထပ် ဗစ်တိုးရီးယားတွေ မပေါ်လာချင်ဘူး၊ မဖြစ်စေချင်ဘူး။ ဒီအတွက် တောင်းဆိုရတာပါ။ ဒီပွဲမှာ ပါတီနိုင်ငံရေးအသင်းအဖွဲ့ ဘယ်ပုံရိပ်မှ အပါမခံပါဘူး။'' လို့ရန်ကုန်ဆန္ဒပြပွဲကို ဦးဆောင်သူတစ်ဦး ဖြစ်တဲ့ ကိုအောင်ထိုက်မင်းကပြောပါတယ်။
ဗစ်တိုးရီးယားလို့ အများက သတ်မှတ်ခေါ်ဝေါ်နေကြတဲ့ အသက် ၃နှစ်အရွယ် မူကြိုကျောင်းသူအမှုအတွက် သံသယရှိတရားခံအဖြစ် ကျောင်းကြီးကြပ်ရေးမှူးရဲ့ ယာဉ်မောင်းဖြစ်သူ ကို ဇူလိုင် ၄ရက်နေ့မှာ ဖမ်းဆီးပြီး တရားစွဲဆိုလိုက်ပြီဖြစ်ပါတယ်။
' ' နဂိုကတောာင် သက်သေအထောက်အထားမရှိတဲ့သူကို ပြန်ဖမ်းတယ်ဆိုတာ ကျွန်တော်တို့အတွက် တော့ ထူးဆန်းတယ်။ အဖမ်းပြတာလားပေါ့။ အခြားသောဖြစ်နိုင်တဲ့တရားခံရောမရှိနိုင်ဘူးလားပေါ့။ ဒါကြောင့်ရဲတပ်ဖွဲ့အနေနဲ့ သတင်းစာရှင်းလင်းပွဲလုပ်ပြီး ပွင့်လင်းမြင်သာစွာနဲ့ချပြဖို့ လိုတယ်။ဒါကြောင့်လည်း ကျွန်တော်တို့ဆန္ဒပြပွဲကို မပယ်ဖျက်ပဲနဲ့ လုပ်ဖြစ်အောင်လုပ်မှာပါ'' လို့ စီအိုင်ဒီက သံသယတရားခံကို ဖော်ထုတ်ပြီးပေမယ့်လည်း ဆန္ဒပြပွဲဆက်လုပ်ဖို့ ဆုံးဖြတ်ခဲ့တဲ့အပေါ် ကိုအောင်ထိုက်မင်းကပြောပြပါတယ်။
ရန်ကုန်နည်းတူ မန္တလေးမှာပြုလုပ်မယ့် ဆန္ဒပြပွဲကိုတော့ ဇူလိုင် ၆ရက်နေ့မဟာအောင်မြေမြို့နယ်အတွင်းက ဟစ်တိုင်းကွင်းမှာလုပ်ဖို့ စီစဉ်ထားခဲ့ပေမယ့် ငြိမ်း၊စု၊စီ ဥပဒေအရ ခွင့်ပြုမိန့်ယူရာမှာ အချိန်မမီတော့တာကြောင့် ဇူလိုင် ၇ရက်နေ့ကိုပြောင်းလုပ်သွားဖို့ စီစဉ်နေ တယ်လို့ မန္တလေးဆန္ဒပြပွဲအတွက် ဦးဆောင်စီစဉ်နေသူတစ်ဦးဖြစ်တဲ့ ကိုပြည့်စုံအောင်က ဘီဘီစီ ကို ပြောပါတယ်။
' ' ကျွန်တော်တို့ကတော့ ဗစ်တိုးရီးယားလေးအတွက် တရားမျှတမှုအတွက် ရည်ရွယ်သလို နောက်ထပ် ဒီလိုအမှုတွေထပ်မရှိလာစေရေးအတွက် အဓိကပိုရည်ရွယ်ပါတယ်။ တကယ်လို့ ဒါမျိုးထပ်ရှိလာရင်လည်း ထိထိရောက်ရောက်အရေးယူရေးပေါ့။ ဒီအတွက် ပြကြမှာပါ'' လို့ ကိုပြည့်စုံအောင်က ပြောပါတယ်။
အမှုအတွက် လက်ရှိ ဖမ်းဆီးထားတဲ့ သံသယတရားခံဟာ မူလက ရမန်ယူကာ တစ်လနီးပါးခေါ်ယူစစ်ဆေး ပြီးမှ အထောက်အထားမခိုင်လုံလို့ဆိုပြီး ပြန်လွှတ်ပေးခဲ့သူဖြစ်တဲ့အတွက် ဒီအပေါ်မှာ ဝေဖန်ပြောဆို တာ တွေလည်းရှိနေပါတယ်။
' ' ကိုယ်လည်း အားမလိုအားမရဖြစ်တာပေါ့လေ။ တကယ်ဆို ကလေးလေးပြောတဲ့အထဲမှာ တရားခံလို့ ယူဆရတဲ့သူပါနေတာပဲ။ ဆိုတော့ အခုလုပ်နေတာကြီးတာက မဟုတ်ဘူး။ဒါကြောင့် ဆန္ဒပြပွဲမှာ ကိုယ်တိုင် လည်း ပါမယ်။ လက်လှမ်းမီသလောက် ကိုယ့်သူငယ်ချင်းတွေကိုလည်း ပါဝင်ပူးပေါင်းပေးဖို့ ပြောထားတယ်'' လို့ မန္တလေးမြို့မှာနေထိုင်သူတစ်ဦးဖြစ်တဲ့ မယုန္ဒာမိုင်းကပြောပါတယ်။
ဒါ့အပြင် ဒီအမှုကို မှုခင်းအထူးရဲတပ်ဖွဲ့ (စီအိုင်ဒီ)ကနေ ကိုင်တွယ်ဖြေရှင်းနေတာဖြစ်တဲ့အတွက် အမှု အတွက်တရားမျှတမှုရရှိရေးမှာ တွန်းအားတစ်ရပ်ဖြစ်လာစေဖို့ ရန်ကုန်က ဆန္ဒထုတ်ဖော်သူတွေအနေနဲ့ စီအိုင်ဒီရုံးရှေ့ကို သွားရောက်ဆန္ဒပြဖို့ ဆုံးဖြတ်ခဲ့ကြတာဖြစ်တယ်လို့လည်း ဆိုပါတယ်။
သက်ငယ်မုဒိမ်းမှုကျူးလွန်ခံလိုက်ရတဲ့ မူကြိုကျောင်းသူလေးအမှု တရားမျှတမှုရရှိရေး အတွက်ရည်ရွယ် ပြုလုပ်သွားမယ့် ရန်ကုန်ကဆန္ဒပြပွဲအတွက် အွန်လိုင်းကတဆင့် ပူးပေါင်းဖို့ စာရင်းပေးသွင်းထားသူဦးရေ ဟာ ဇူလိုင် ၅ရက်နေ့ နေ့လယ်ပိုင်းအထိ လူတစ်ထောင်နီးပါးရှိနေပြီဖြစ်ပါတယ်။