Wisdom Hill မူကြိုကျောင်းသူ သက်ငယ်မုဒိမ်းမှု သံသယရှိသူကို မိပြီ၊ ဘယ်လိုဆက်လုပ်မလဲ

နေပြည်တော် သပြေကုန်းက Wisdom Hill မူကြိုကျောင်းမှာ တက်ရောက်နေတဲ့ အသက် ၃ နှစ်မပြည့်သေးတဲ့ မိန်းကလေးတစ်ဦး သက်ငယ်မုဒိမ်း ပြုကျင့်ခံခဲ့ရတယ်လို့ တိုင်ကြားထားတာနဲ့ ပတ်သက်ပြီး ဒီကနေ့ ဇူလိုင်လ ၄ ရက်မှာ အဲဒီမူကြိုကျောင်းရဲ့ ယာဉ်မောင်းအောင်ကျော်မျိုး (ခ) အောင်ကြီး ဆိုသူကို နေပြည်တော် ဒက္ခိဏခရိုင်တရားရုံးမှာ တရားစွဲဆိုလိုက်ပြီ ဖြစ်ပါတယ်။

မိဘတွေက တိုင်ကြားထားပြီး တစ်လကျော်ကြာတဲ့အထိ တရားခံကို ဖမ်းဆီးရရှိမှု မရှိသေးတာကြောင့် လူမှုကွန်ရက် မီဒီယာတွေပေါ်မှာ Justice for Victoria ဆိုတဲ့ လှုပ်ရှားမှုတစ်ခုကို လူမှုကွန်ရက် သုံးစွဲသူတွေက ပြုလုပ်ခဲ့ကြတဲ့ အမှု ဖြစ်ပါတယ်။

ဒီအမှုနဲ့ ပတ်သက်လို့ ခရိုင်တရားရုံးက သတင်းနဲ့ ပြန်ကြားရေးအရာရှိ ဦးညိုဌေးက အဲဒီ သံသယရှိသူကို ရာဇသတ်ကြီးပုဒ်မ ၃၇၆ နဲ့ တရားစွဲဆိုထားတယ်လို့ မီဒီယာတွေကို ဖြေကြားခဲ့ပါတယ်။

"ဒီနေ့တရားစွဲဆိုတင်ပို့တာဆိုတော့ လာမယ့် ၁၅ ရက်နေ့ (ရုံးချိန်း)ဆိုရင်ကတော့ ဘယ်လိုစွပ်စွဲတယ်။ သူဘယ်လို ထုချေမယ်ဆိုတာကတော့ အဖြေပေါ်ပါလိမ့်မယ်။ လောလောဆယ်တော့ သူ့ကို စွပ်စွဲပြီး တရားစွဲဆို တင်ပို့ထားတာပဲ ရှိပါတယ်"လို့ ဒက္ခိဏခရိုင်တရားရုံး ဒုတိယ ခရိုင်တရားသူကြီး၊ ခရိုင် သတင်းပြန်ကြားရေးအရာရှိ ဦးညိုဌေးက ပြောပါတယ်။

လောလောဆယ် သံသယရှိသူကို ရဲကဖမ်းဆီးထားပြီး တရားစွဲဆိုတင်ပို့ထားတယ်၊ နေပြည်တော် အကျဉ်းထောင်မှာ ချုပ်နှောင်ထားတယ်။ လာမယ့် ရုံးချိန်းမှာ စစစ်မယ်၊ သက်ငယ်မုဒိမ်းမှုနဲ့ ထိရောက်ဟန့်တားတဲ့ ပြစ်ဒဏ်တွေချလို့ရအောင် ခရိုင်တရားရုံးမှာ စစ်မယ်၊ သံသယရှိသူက လောလောဆယ် တရားရုံးကို တင်ပြထားတာ မရှိသေးဘူးလို့ ဦးညိုဌေးက မီဒီယာတွေကို ဖြေထားပါတယ်။

အဲဒီအမှုအပေါ် ကလေးငယ်ရဲ့ဖခင်ကတော့ " CCTV မှတ်တမ်းကို သမီးလေးကို ပြကြည့်တဲ့အခါမှာတော့ မိမိဖင်ဘုကို ဆိတ်တာ ဒီကိုကိုဆိုပြီးတော့ လက်ညိုးထိုးပြီး ပြဖူးတယ်။ ကျွန်တော်တို့က အဲဒါကို ဗီဒီယို မှတ်တမ်းတင်ထားတယ်။ အဲဒါကို ကျွန်တော်တို့က တင်ပြထားတယ်။ အဲဒီသက်သေ တစ်ခုထဲနဲ့ ဖမ်းတယ်လို့တော့ မထင်ဘူးဗျ ၊ တခြားဒီထက်ပိုပြီးခိုင်မာတဲ့ သက်သေတော့ ပြဖို့လိုမယ်ထင်တယ် " လို့ ဘီဘီစီရဲ့ မေးမြန်းချက်ကို စာကနေတဆင့် ပြန်ကြားခဲ့ပါတယ်။

အဲဒီမှာ သံသယရှိသူ အဖြစ် ချုပ်နှောင် တရားစွဲဆိုထားရသူဟာ ပထမဦးဆုံးသံသယရှိသူအဖြစ် မှုခင်းရဲတပ်ဖွဲ့ စီအိုင်ဒီက မေလ ၃၀ ရက်မှာ ဖမ်းဆီး စစ်ဆေးပြီးခံရပြီးမှ အမှုပေါ်ပေါက်တာမရှိလို့ဆိုပြီးတော့ ဇွန်လ ၂၄ရက်နေ့က ပြန်လွှတ်ပေးခံခဲ့ရသူ ဖြစ်ပါတယ်။

အဲဒီအမှုမှာ နစ်နာသူမိန်းကလေးဘက်က အကျိုးဆောင်ရှေ့နေအဖြစ် လယ်ဝေးမြို့နယ် ပြည်သူ့လွှတ်တော်အမတ် ဦးမျိုးဇော်ဦးနဲ့ တရားလွှတ်တော်ရှေ့နေ ဒေါ်ရွက်နုအောင်တို့က ဆောင်ရွက်မှာ ဖြစ်ပါတယ်။

အဲဒီအမှုနဲ့ ပတ်သက်ပြီး အမှုကိုအနီးကပ်စောင့်ကြည့်နေတယ်။ ရဲတပ်ဖွဲ့ကော စီအိုင်ဒီကိုကော ဖိအားပေးတာမရှိဘူး။ ဝိုင်းဝန်းဖိအားပေးတယ်ဆိုတဲ့ ပုံစံမျိုး နေရာမှာ အမှုမှန်ကို ပေါ်ချင်တာ။ လူတစ်ဦးတစ်ယောက်ကို တရားခံဆိုပြီး ဆွဲထုတ်ပြီး တရားစွဲတာမျိုးမလိုချင်ဘူး လို့ ပုဗ္ဗသီရိမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဖြိုးဇေယျာသော်က ဘီဘီစီကို ပြောပါတယ်။

ဒီအမှုကို မေလ ၁၆ ရက်နေ့မှာ သမီးငယ် မဖွယ်မရာပြုကျင့်ခံခဲ့ရတယ်ဆိုပြီး အဲဒီမိန်းကလေးရဲ့ မိခင်က ရာဇသတ်ကြီးပုဒ်မ ၃၇၆/၅၁၁ နဲ့ သပြေကုန်းမြို့မ ရဲစခန်းမှာ အမှုဖွင့်ခဲ့ပါတယ်။ နောက်တော့ ဒီအမှုကို ဇွန် ၃ ရက်နေ့မှာ စီအိုင်ဒီက လွှဲပြောင်းကိုင်တွယ်ခဲ့တာပါ။ အမှုစဖွင့်ပြီး နှစ်လနီးပါးအကြာမှာမှ အရင်ဖမ်းဆီးခဲ့ဖူးတဲ့သူကို သံသယ တရားခံအဖြစ် ယူဆပြီး တရားစွဲဆို ချုပ်နှောင်ခဲ့တာ ဖြစ်ပါတယ်။