ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ပုဒ်မ ၆၆ဃ နဲ့တရားစွဲတာအမှုပေါင်း ၂၀၀ ပြည့်ပြီ၊ အစိုးရနဲ့ တပ်ကစွဲတဲ့အမှုက သုံးပုံ တစ်ပုံရှိနေ
ဆက်သွယ်ရေးဥပဒေ ၆၆ ဃကိုစတင်အတည်ပြုခဲ့တဲ့ ၂၀၁၃ အောက်တိုဘာလကနေ ဇွန်လ ၂၀ ရက်နေ့ထိ ကို ဒီပုဒ်မ ကိုအသုံးပြုပြီး စွဲဆိုထားတာဟာ အမှုပေါင်း ၂၀၀ အထိရှိလာပြီလို့ အသံ အဖွဲ့က ထုတ်ပြန် ထားတဲ့ စစ်တမ်းအရ သိရပါတယ်။
ဒီထဲမှာ အစိုးရအဖွဲ့နဲ့ တပ်မတော်ကို ဝေဖန်လို့ စွဲဆိုထားတဲ့ အမှုတွေကလည်း သုံးပုံတစ်ပုံ လောက် အထိ ရှိနေပါတယ်။
' ' အစိုးရကိုဝေဖန်လို့ ဆိုပြီး စွဲထားတာက ၄၇မှု တပ်ကစွဲတာက ၂၁မှု ရှိတယ်။ ဒီထဲကမှ ပြန်ခွဲကြည့်ရင် အစိုးရကိုဝေဖန်လို့ အစိုးရတိုင်ကြားတဲ့အဲဒီအမှု ၄၇မှုမှာ လူဦးရေ ၆၀လောက်တရားစွဲခံထားရတယ်။ ဒါကြောင့်ဒီပုဒ်မ ၆၆ဃဟာ နိုင်ငံသားတွေရဲ့အခွင့်အရေးကိုကာကွယ်ဖို့ဆိုတာထက် အစိုးရနဲ့တပ်မတော်၊ လွှတ်တော် သူတို့ကို ဝေဖန်ပြောဆိုတဲ့နေရာမှာ ဒီလိုပြောဆိုတာတွေကို ရပ်တန့်သွားအောင် တရားစွဲ ဆိုတဲ့နေရာမှာသုံးနေတာကို အများဆုံးတွေ့နေရတယ်။'' လို့ အသံအဖွဲ့ရဲ့ အုပ်ချုပ်မှုဒါရိုက်တာ ကိုဆောင်းခ ကဘီဘီစီကိုပြောပါတယ်။
အမှုပေါင်း ၂၀၀ ရဲ့ တရားစွဲဆိုသူတွေထဲမှာ အစိုးရ၊တပ်မတော်၊လွှတ်တော်ကိုယ်စားလှယ်နဲ့ စီးပွားရေး သမားတွေကအများဆုံးဖြစ်တယ်လို့လည်း စစ်တမ်းအရသိရပါတယ်။
၆၆ ဃနဲ့ စွဲဆိုထားတဲ့အမှုပေါင်း ၂၀၀ကြောင့် တရားဆိုင်ရသူတွေ၂၄၆ ဦးအထိရှိလာပြီး ဒီထဲမှာ သာမန် ပြည်သူတွေပါသလို သတင်းမီဒီယာသမားတွေ၊ နိုင်ငံရေး တက်ကြွလှုပ်ရှားသူတွေနဲ့ လူ့အခွင့်အရေး ဆောင်ရွက်သူတွေလည်းပါဝင်နေပါတယ်။
ဒါဟာ လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်ကို ထိပါးလာသလို ဒီမိုကရေစီကို ဆိတ်သုဉ်းစေတဲ့အထိလည်း ဖြစ်လာနိုင်တယ်လု့ိ Free Expression Myanmar အဖွဲ့ရဲ့ ဒါရိုက်တာ တစ်ဦးဖြစ်တဲ့ မယဉ်ရတနာသိန်းက ဝေဖန်ပြောဆိုပါတယ်။
'' ကိုယ်ရွေးချယ်တင်မြှောက်ထားတဲ့ အစိုးရကို ခုနပြောတဲ့အသရေဖျက်မှုကြီးရှိနေလို့ ကြောက်လန့်ပြီးတော့ မပြောရတော့ဘူးဆိုရင် ကျွန်တော်တို့ နိုင်ငံမှာရှိနေတဲ့ အကျင့်ပျက်ခြစားမှုတွေက ပိုပြီးဆိုးရွားလာမယ်။ နောက်တစ်ခုကျတော့ စတုတ္ထမဏ္ဍိုင်သည် ပြည်သူကို နားမျက်စိဖွင့်ပေးရမယ့်တာဝန်ရှိတယ်။ သူ့အနေနဲ့ လုပ်နိုင်မှာမဟုတ်ဘူး ။ စောင့်ကြည့်ထိန်းကျောင်းတာမျိုးမလုပ်နိုင်ဘူးဆိုရင် ကျန်တဲ့ မဏ္ဍိုင် ၃ရပ်က အာဏာရှိတဲ့အတွက် ပြည်သူကို အလွဲသုံးစားလုပ်တာတွေအများကြီးရှိလာနိုင်တယ်။''လို့ မယဉ်ရတနာ သိန်းကပြောပါတယ်။
အစိုးရနဲ့တပ်မတော်ကို ဝေဖန်ပြောဆိုလို့ ဆိုပြီး ဆက်သွယ်ရေးဥပဒေ ၆၆ဃနဲ့ စွဲဆိုမှုတွေအပြင် ဒီရက်ပိုင်း ထဲမှာပဲ ကယားပြည်နယ်အခြေစိုက် မီဒီယာသမားအချို့ကို တပ်မတော်ကနေ နိုင်ငံသားများ၏ ပုဂ္ဂိုလ် ဆိုင်ရာ လွတ်လပ်မှုနှင့် ပုဂ္ဂိုလ်ဆိုင်ရာလုံခြုံမှုကိုကာကွယ်ပေးရေးဥပဒေ ကိုအသုံးပြုပြီး တရားစွဲဆိုလာတာ တွေ လည်းရှိနေပါတယ်။