ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ရခိုင်ပြည်နယ် အမတ် ၆၆ ဃ နဲ့ တရားစွဲခံရ
ရခိုင် အမျိုးသားပါတီ ANP ပါတီရဲ့ ရမ်းဗြဲ မြို့နယ် ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဦးသန်းမောင်ဦးကို ဆက်သွယ်ရေး ဥပဒေ ပုဒ်မ ၆၆ (ဃ)နဲ့ ရခိုင် ပြည်နယ် အစိုးရက တရားစွဲဆို လိုက် ပါတယ်။
သူ့ကို ပြည်နယ် လက်ထောက် ပညာရေးမှူး ဦးစိန်ထွန်းလှက စစ်တွေ ရဲစခန်းမှာ အမှုဖွင့်ခဲ့တာ ဖြစ်ပါတယ်။
ဖမ်းဆီး စစ်ဆေးမှုကို အမြန်ဆုံး ခွင့်ပြုဖို့ စစ်တွေ ရဲစခန်းက လွှတ်တော် ဥက္ကဋ္ဌဆီကို တင်ပြ တောင်းခံလွှာ ပေးပို့ထားတယ်လို့လည်း ဦးသန်းမောင်ဦးက ပြောပါတယ်။
တက္ကသိုလ်ဝင်တန်း စာမေးပွဲ အောင်စာရင်း ထွက်တဲ့ ဇွန် ၂ ရက်နေ့က ရခိုင်ပြည် နယ်မှာ အောင်ချက် ရာခိုင်နှုန်း နိမ့်ကျတာတွေကို သူ့ရဲ့ ဖေ့စ်ဘုတ် စာမျက်နှာမှာ ဖော်ပြခဲ့ပါတယ်။
တစ်နိုင်ငံလုံးမှာ ရခိုင်ပြည်နယ်ဟာ ပညာရေး၊ စီးပွားရေး၊ ကျန်းမာရေး ဝန်ဆောင်မှု အနိမ့်ကျဆုံး ဖြစ်ပြီး လူမှုရေး နယ်ပယ်မှာလည်း အပျက်စီးဆုံး ဖြစ်တဲ့ အပြင် အုပ်ချုပ်ရေး ယန္တရား ဖရိုဖရဲ အရှိဆုံးလို့ သူက ရေးသား ဖော်ပြခဲ့တာ ဖြစ်ပါတယ်။
ဒါ့အပြင် ရခိုင်ပြည်နယ် အစိုးရဟာ ပြည်သူတွေ မကြိုက်ဆုံး ပြည်နယ် အစိုးရ အဖွဲ့ လို့လည်း ဦးသန်းမောင်ဦးက ရေးခဲ့ပါတယ်။
ကိန်းကဏန်းတွေ လွဲမှားနေတဲ့ ဆယ်တန်း အောင်စာရင်း ဇယား တစ်ခုကို တင်ခဲ့တာဟာ အစိုးရကို သိက္ခာကျအောင် လုပ်တာဆိုပြီး တရားစွဲတာလို့ သူက ပြောပါတယ်။
သူ့အနေနဲ့က ဖေ့စ်ဘုတ်ပေါ်မှာ တွေ့ရတဲ့ အချက်အလက်တွေကို ယူသုံးပြီး တင်ခဲ့တာလို့ လည်း ဆိုပါတယ်။
ရခိုင်ပြည်နယ် ပညာရေးဌာန ကတော့ ဒီကိစ္စကို တစုံတရာ မှတ်ချက် မပေးလိုဘူးလို့ ပြောပါတယ်။
ရခိုင်ပြည်နယ် အတွင်း အခုလို လွှတ်တော်ကိုယ်စားလှယ် တစ်ဦးကို ဆက်သွယ်ရေး ပုဒ်မ ၆၆ နဲ့ တရားစွဲဆိုတာဟာ ပထမဆုံး အကြိမ် ဖြစ်ပါတယ်။
ပြည်နယ်လွှတ်တော် ဥက္ကဋ္ဌဆီက ခွင့်ပြုချက် ရရင် ဦးသန်းမောင်ဦးကို ရဲတပ်ဖွဲ့က ဒီတစ်ရက် နှစ်ရက် အတွင်းမှာ ဖမ်းဆီး နိုင်တဲ့ အနေအထားမှာ ရှိနေပါတယ်။