ကသည်းသူပုန်တွေ ဘာ့ကြောင့် တမူးမြို့ပေါ်ထိရောက်

တမူးမြို့ပေါ်နဲ့ အနီးအနား ကျေးရွာတွေမှာ ကသည်းသူပုန်တွေ နေထိုင်နေတဲ့ အတွက် ရပ်ရွာ လုံခြုံရေး ပျက်ပြားရပြီး ဒေသခံတွေအတွက် အန္တရာယ် ကြီးကြီးမားမား ဖြစ်ပေါ် စေတယ်လို့ တမူး အခြေစိုက် ကူကီး တိုင်းရင်းသား အရပ်ဘက်အဖွဲ့တွေက ပြောပါတယ်။

အခု သီတင်းပတ်ထဲမှာပဲ တမူးမြို့ပေါ်က နေအိမ် ခြံဝင်းတစ်ခု အတွင်း ပေါက်ကွဲမှု ဖြစ်ခဲ့ပြီး၊ အဲဒီ အိမ်ဟာ ကသည်းသူပုန် နေထိုင်တဲ့ အိမ်ဖြစ်တယ်လို့ မြို့ခံတွေက ဆိုပါတယ်။

ဒီပေါက်ကွဲမှုကြောင့် လူ အသေအပျောက် ထိခိုက် ဒဏ်ရာရသူ ရှိတယ်လို့တော့ မကြားသိရပါဘူး။

တမူးနဲ့ ပတ်ဝန်းကျင် ဒေသတွေမှာ ကသည်းသူပုန်တွေ အချင်းချင်းကြား ပစ်ခတ် တိုက်ခိုက်တာတွေ ပေါ်ပေါက်လေ့ ရှိတဲ့ အတွက် ဒီ တစ်ခေါက် ပေါက်ကွဲမှုဟာလည်း ကသည်းသူပုန် အုပ်စုကွဲကြား ပစ်မှတ် တိုက်ခိုက်မှု အဖြစ် မြို့ခံတွေက ပြောဆိုနေပါတယ်။

ဘီဘီစီ အနေနဲတော့ သီးခြား အတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။

ဟုမ္မလင်းနဲ့ ခန္တီးဘက်မှာ အိန္ဒိယ အစိုးရကို ဆန့်ကျင်နေတဲ့ နာဂ လက်နက်ကိုင်၊ ကသည်း လက်နက်ကိုင် အုပ်စုတွေကို တပ်မတော်က မြန်မာ နယ်နိမိတ်ထဲ အရှိန်မြင့် ဖယ်ရှား နေချိန် ဒီနှစ် အစောပိုင်း လတွေမှာ တမူးမြို့နယ်ထဲကနေ ကသည်းသူပုန်တွေ ထွက်ခွာ သွားခဲ့ကြပေမယ့်၊ အခု ရက်ပိုင်းတွေမှာပဲ တမူးမြို့နယ်ထဲ ကသည်း သူပုန် တချို့ ပြန်လည် ဝင်ရောက် လာနေကြတယ်လို့ သိရပါတယ်။

တမူးဘက်ကနေ ချင်းပြည်နယ်၊ တွန်းဇံဘက်ကို ကသည်း သူပုန်တချို့ တိမ်းရှောင် သွားခဲ့ကြတာကနေ အခုတော့ တမူးမြို့ပေါ် အပါအဝင် သူတို့ အခြေချ နေထိုင်ရာ ပတ်ဝန်းကျင် ကျေးရွာတွေဆီ ပြန်ဝင်လာတဲ့ သတင်းတွေ ကြားသိ ထားရတယ် ဆိုပြီး စစ်ကိုင်းတိုင်း ဒေသကြီးက အမျိုးသား လွှတ်တော် အမတ်ဖြစ် ဦးမောင်မောင်လတ်က ဘီဘီစီကို ပြောပါတယ်။

တမူးမြို့ပေါ်နဲ့ လှည်းဆိပ်၊ ထုံကတင်၊ နောင်သစ် နဲ့ ဟဲဇင်း အပါအဝင် ကျေးရွာတချို့မှာ ကသည်း လက်နက်ကိုင်တွေ နေထိုင်ကြတယ်လို့ ဦးမောင်မောင်လတ်က ဆိုပါတယ်။

ဇွန် ၁၈ ရက် ပေါက်ကွဲမှု

တမူးမြို့ပေါ်က စော်ဘွား (၈) ရပ်ကွက်မှာ ဇွန်လ ၁၈ ရက်၊ အင်္ဂါညပိုင်း ၉ နာရီခွဲ ဝန်းကျင်မှာ ပေါက်ကွဲမှု ဖြစ်ပါတယ်။

ပေါက်ကွဲတဲ့ နေအိမ်ဟာ ကသည်းလက်နက်ကိုင်ရဲ့ နေအိမ်ဖြစ်တယ်လို့ ကူကီး အရပ်ဘက်အဖွဲ့တွေက စုပေါင်း ထုတ်ပြန်ပါတယ်။

ကသည်းသူပုန်ရဲ့ အိမ်ဆိုပြီး ဘာ့ကြောင့် ပြောနိုင်ရတာလဲလို့ ဘီဘီစီက မေးတဲ့ အခါမှာတော့ ကူကီး အမျိုးသမီးများဆိုင်ရာ လူ့အခွင့်အရေး အစည်းအရုံးက တာဝန်ရှိသူတစ်ဦးက ….

"မြို့ပေါ်မှာ လာရောက် နေထိုင်တဲ့ ကသည်းသူပုန်ဆိုရင် ကသည်းသူပုန်မှန်း မြို့ခံတွေက ခွဲခြား သိကြတယ်၊ သူတို့က သူတို့ အချင်းချင်း ကသည်း စကားနဲ့ပဲ ပြောကြတယ်၊ ဘယ်သူက ကသည်းလဲ၊ ဘယ်မှာနေလဲ ဆိုတာ တမူးပေါ်မှာ အားလုံး သိကြတာပဲ" ဆိုပြီး ဖြေဆိုပါတယ်။

အဲဒီပေါက်ကွဲမှုကြောင့် လူ အသေအပျောက် မရှိပေမယ့် မြို့လူထုကိုတော့ အတော်လေး ထိတ်လန့်သွားစေတယ်လို့ ဆိုပါတယ်။

"ဒီလို ကသည်းသူပုန်တွေ ရှိနေလို့ ဗုံးပေါက်တာမျိုး တမူးပေါ်မှာ ဖြစ်တာ၊ သူတို့ ရှိနေတဲ့ အတွက် လုံခြုံမှု မရှိဘူးလို့ မြို့ခံတွေ ခံစား နေရတယ် ဆိုပြီး" အမည်မဖော်လိုတဲ့ ကူကီး အမျိုးသမီးက ဘီဘီစီကို ပြောပါတယ်။

အဲဒီ ဗုံးကွဲမှုဟာ ဘာ့ကြောင့်ဖြစ်တာလဲ ဆိုတာတော့ အတိအကျ မသိပါဘူး။ ဒါပေမယ့် တမူးမြို့နယ်ထဲ လာပြီး နေထိုင်တဲ့ ကသည်း သူပုန်တွေကြား အုပ်စုငယ်တွေ ၅ ခုထက် မနည်း ကွဲနေပြီး၊ သူတို့ အချင်းချင်းကြားထဲ တိုက်ခိုက်မှုတွေ ပေါ်ပေါက်လေ့ ရှိခဲ့တယ်လို့ မြို့ခံတွေက ပြောပါတယ်။

ဒါ့အပြင် အဲဒီ ကသည်းသူပုန်တွေရဲ့ လက်နက်တွေ သိုလှောင်ထားတဲ့ နေအိမ်တွေ မီးလောင်တဲ့ ဖြစ်ရပ်တချို့ ပြီးခဲ့တဲ့ နှစ်ပိုင်းတွေ အတွင်း ပေါ်ပေါက် ခဲ့ဖူးပြီး မြို့လူထု အနေနဲ့ အင်မတန် တုန်လှုပ် ခြောက်ခြား ကြရတယ်လို့လည်း အရပ်ဘက် အဖွဲ့တွေက ဆိုပါတယ်။

ဇွန် ၁၈ ရက် ပေါက်ကွဲမှု ပေါ်ပေါက်လာတဲ့ နောက်မှာတော့ တမူးအခြေစိုက် အရပ်ဘက် အဖွဲ့တချို့ စုပေါင်းပြီး ကြေညာချက်တစ်စောင် ထုတ်ပါတယ်။ အဓိကကတော့ သူတို့ရဲ့ ရပ်ရွာတွေမှာ အိန္ဒိယဘက်က လက်နက်ကိုင်တွေ လာရောက် အခြေချ နေထိုင်တာကို သဘောမကျတဲ့ ကြေညာချက် ဖြစ်ပါတယ်။

အိန္ဒိယ မဏိပူရ ပြည်နယ်ကနေ လာတဲ့ ကသည်း လက်နက်ကိုင်တွေကြောင့် တမူးမှာ လုံခြုံမှု ကင်းမဲ့နေရပြီး၊ အဲဒီသူပုန်တွေရဲ့ အကြမ်းဖက်လုပ်ရပ်တွေကို လုံးဝ ရှုတ်ချတယ်ဆိုပြီး ကြေညာချက်မှာ ရေးထားပါတယ်။

မဏိပူ ခွဲထွက်ရေး ကသည်းသူပုန်

မဏိပူရပြည်နယ်ကို အိန္ဒိယကနေ ခွဲထွက်ဖို့ လက်နက်ကိုင် တိုက်ခိုက်နေကြတဲ့ ကသည်း သူပုန် အုပ်စုတွေ ရှိပါတယ်။

၁၉၉၅ နောက်ပိုင်းမှာတော့ တမူးမြို့ပေါ်ထိ လာရောက် နေထိုင်ကြတဲ့ ကသည်း လက်နက်ကိုင်တွေ ရှိလာကြတယ်လို့ မြို့ခံတွေက ဆိုပါတယ်။

"တမူးပေါ်မှာ တချို့က အိမ်ငှား နေကြတယ်၊ ဝယ်ပြီးနေတဲ့ သူတွေလည်း ရှိတယ်၊ သူတို့မှာ ပိုက်ဆံရှိတယ်" လို့ မြို့ခံတစ်ယောက်က ပြောပါတယ်။

ယူနီဖောင်းဝတ်ပြီး သွားလာတာ၊ လက်နက်တွေ ပေါ်ပေါ်တင်တင် ကိုင်တာမျိုးတော့ မရှိဘူးလို့ ဆိုပါတယ်။ ဒါပေမယ့် စျေးတွေ ဆိုင်တွေလို အများသူငါ သွားလာတဲ့ နေရာတွေမှာ အဲဒီသူတွေလည်း လွတ်လွတ်လပ်လပ် သွားလာ နေကြတာပဲလို့ တမူး မြို့ခံတွေက ပြောပါတယ်။

တချို့လည်း တမူး မြို့ပေါ်မှာ မဟုတ်ပဲ၊ အနီးနား ဝန်းကျင် ရွာတွေမှာ လယ်တွေ ခြံတွေ ဝယ်ပြီး ဒေသခံ အမျိုးသမီးတွေနဲ့ လက်ထပ်တာမျိုး အထိ အခြေချနေထိုင်ကြသူတွေလည်း ရှိတယ်လို့လည်း ပြောသူတွေ ရှိပါတယ်။

"တချို့မှာ မြန်မာ မှတ်ပုံတင်တွေ ရှိတယ်။ တနည်းနည်းနဲ့ ရထားတာ နေမှာပေါ့။ လူမျိုး နေရာတွေ မှာ ဗမာ၊ ချင်း၊ ရှမ်း စသဖြင့် ဖော်ပြကြတယ်" ဆိုပြီး အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ဦးမောင်မောင်လတ်က ဆိုပါတယ်။

ဒေသခံတွေရဲ့ လုံခြုံရေးထိခိုက်

လက်နက်တွေ ပေါ်ပေါ်ထင်ထင် မကိုင်ဆောင်ကြပေမယ့်လည်း လက်နက်ငယ်တွေတော့ ကိုယ်ပေါ်မှာ ဆောင်ထားတာ သေချာတယ်လို့လည်း ဦးမောင်မောင်လတ်က ပြောပါတယ်။ တမူးမြို့ပေါ်က စားသောက်ဆိုင် တစ်ခုမှာ သူတို့ အချင်းချင်း ရန်ဖြစ်ပြီး သေနတ်နဲ့ ထုတ်ပစ်လို့ ဒဏ်ရာရသွားတဲ့ အဖြစ်အပျက်မျိုး ၂ဝဝဝ ပြည့်ကျော် ကာလတွေ တုန်းက ဖြစ်ဖူးတယ်လို့ ဆိုပါတယ်။

ကသည်း လက်နက်ကိုင် အုပ်စုကွဲတွေကြား အနီးနား တောတောင်တွေ၊ ကားလမ်းမပေါ်တွေမှာ တိုက်ခိုက်တာမျိုးတွေ သက္ကရာဇ် ၂ဝဝဝ ပြည့်ကျော် ကာလတွေမှာ မကြာခန ဆိုသလို ပေါ်ပေါက်ဖူးတယ်လို့ ဦးမောင်မောင်လတ်က ပြောပါတယ်။

တပ်မတော်က ဝင်ရောက် ဖမ်းဆီးတဲ့ အတွက် လက်နက်တွေနဲ့ တကွ မိတာမျိုးတွေလည်း ရှိခဲ့ဖူးပေမယ့်၊ စစ်ဆင်ရေး ကာလ လွန်မြောက်သွားရင် ကသည်းလက်နက်ကိုင်တွေ ပြန်ရောက်လာကြစမြဲ၊ ပြန်ပေါ် လာကြစမြဲပဲလို့ ဆိုပါတယ်။

အဲဒီလက်နက်ကိုင်တချို့ရဲ့ အနိုင်ကျင့် သတ်ဖြတ်မှု ခံခဲ့ရတဲ့ မြန်မာနိုင်ငံသား ဆယ်ဂဏန်း ဝန်းကျင် ရှိခဲ့တယ်လို့လည်း ဦးမောင်မောင်လတ်က ပြောပါတယ်။

"သူတို့ ရှိနေလို့ အဓိက ဖြစ်ရတဲ့ ပြဿနာက လုံခြုံရေးပဲ၊ တခါတုန်းကလည်း သူတို့ရဲ့ လက်နက်သိုလှောင်တဲ့ နေရာ မီးလောင်ပြီး ဗုံးသီးဗုံးဆံတွေ ပေါက်တာမျိုးတင်မက၊ ဒလက်တပ် လောင်ချာကျည်သီး တစ်လုံးဆိုရင် အနီးနားက စာသင်ကျောင်းထဲထိ ကျလာတယ်၊ မကွဲလို့ တော်သေးတာပေါ့" ဆိုပြီး သူ့ရဲ့ အတွေ့အကြုံကို ဦးမောင်မောင်လတ်က ပြန်ပြောင်း ပြောပါတယ်။

၂ဝ၁၇ မှာတော့ လွှတ်တော်ထဲ မေးခွန်းထုတ်လာ

တမူးမှာ ကသည်းလက်နက်ကိုင်တွေ အခြေချ နေထိုင်နေနဲ့ ပတ်သက်ပြီး ဦးမောင်မောင်လတ်က လွှတ်တော်ထဲ ၂ဝ၁၇ မှာ မေးခွန်း ထုတ်ခဲ့ပြီး ကာကွယ်ရေး ဒုဝန်ကြီး ဗိုလ်ချုပ်မြင့်နွယ် လာရောက် ဖြေဆိုပါတယ်။

"ရှိရင် သတင်းပေးပါ၊ ရဲတပ်ဖွဲ့နဲ့လုပ်ပါ၊ မနိုင်ဘူးဆိုမှ တပ်ကဝင်မယ် ဆိုတဲ့ သဘောမျိုး ပြောတယ်"လို့ ကာကွယ်ရေး ဝန်ကြီးဌာနရဲ့ လွှတ်တော်တွင်း ဖြေဆိုချက်ကို ဦးမောင်မောင်လတ်က ပြန်ပြောင်း ပြောပါတယ်။

တမူးမှာ ကသည်းလက်နက်ကိုင် တချို့ ဝင်ရောက် နေထိုင်တယ် ဆိုတဲ့ အချက်ကို လုံခြုံရေး အာဏာပိုင်တွေဘက်က လက်ခံ အသိအမှတ် မပြုဘူးလို့ ဦးမောင်မောင်လတ်က ဆိုပါတယ်။

အိန္ဒိယနဲ့ မြန်မာ နှစ်ဘက် စစ်တပ်ကြား ဆက်ဆံရေး ကောင်းပြီး၊ အိန္ဒိယ ဘက်ကလည်း သူတို့ကို ဆန့်ကျင်တဲ့ သူပုန်တွေ မြန်မာဘက်ထဲ အခြေမချစေဖို့ အမြဲပဲ တောင်းဆိုလေ့ ရှိပါတယ်။

အိန္ဒိယ ခွဲထွက်ရေး သူပုန်တွေကို ပစ်မှတ်ထားတဲ့ စစ်ရေးလှုပ်ရှားမှုတွေ နှစ်နိုင်ငံ နယ်စပ်မှာ ပြုလုပ်ကြတယ် ဆိုပေမယ့် တမူးမြို့ပေါ်မှာတော့ ကသည်းသူပုန်တွေ နေထိုင်ကြတာ လက်တွေ့ပဲ ဆိုပြီး ဦးမောင်မောင်လတ်က ပြောပါတယ်။

၂ဝ၁၇ လွှတ်တော်ထဲထိ အဲဒီ ပြဿနာ ရောက်ခဲ့ပြီး နောက်ပိုင်းမှာတော့ ကသည်း လက်နက်ကိုင်တွေ တမူးမြို့ပေါ် ဆက်နေထိုင်ကြပေမယ့် အချင်းချင်းကြား ပစ်တာခတ်တာမျိုး၊ တိုက်ခိုက်ကြတာမျိုးတွေ အတော်လေး ကိုယ်ရှိန်သပ် သွားကြတယ်လို့ ဦးမောင်မောင်လတ်က ဆိုပါတယ်။

အခု ပေါ်ပေါက်လာတဲ့ ဇွန် ၁၈ ပေါက်ကွဲမှုဟာ အခု နောက်ပိုင်း ၂ နှစ် အတွင်း ပထမဆုံး ပြန်ဖြစ်လာတာလို့လည်း ဦးမောင်မောင်လတ်က ပြောပါတယ်။

နန်းယွင်းမြို့နယ် စစ်ဆင်ရေး

အခုနှစ်ဆန်းက စပြီး အိန္ဒိယ ခွဲထွက်ရေး သူပုန်တွေကို ပစ်မှတ်ထားတဲ့ စစ်ဆင်ရေးတွေ မြန်မာ နယ်နိမတ်ထဲ တပ်မတော်က ပြုလုပ်လာတာ တွေ့ရပါတယ်။

မြန်မာဘက်ခြမ်း နာဂ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသထဲ က နာဂ ဆိုရှယ်လစ် ကောင်စီ NSCN(K) ဆိုတဲ့ လက်နက်ကိုင် အဖွဲ့ရဲ့ ဌာနချုပ် ရှိရာ နန်းယွန်းမြို့နယ် တကားကျေးရွာ အနီး ဝန်းကျင်မှာ ဖြစ်ပါတယ်။ အဲဒီဒေသမှာ အိန္ဒိယ ဘက်က ခွဲထွက်ရေး သူပုန်တွေ ဖြန့်ကျက် နေရာချလာတယ် ဆိုတဲ့ သတင်းတွေ အရ စစ်ဆင်ရေးတွေ ပြုလုပ် လာတာ ဖြစ်တယ်လို့ တပ်မတော်က ပြောပါတယ်။

ဇန်နဝါရီလ အကုန်ပိုင်းနဲ့ ဖေဖေဝါရီ အစောပိုင်းမှာ ပြုလုပ်ခဲ့တဲ့ စစ်ဆင်ရေးတွေမှာ အာသံ၊ မဏိပူ(ကသည်း)ခွဲထွက်ရေး လက်နက်ကိုင်တွေရဲ့ စခန်းတွေ၊ လေ့ကျင့်ရေး နေရာတွေကို ဖယ်ရှားနိုင်ခဲ့တယ်လို့ တပ်မတော်က ထုတ်ပြန်ပါတယ်။

အဲဒီလက်နက်ကိုင်တွေကို လက်သင့်ခံ နေရာပေးထားတယ်ဆိုတဲ့ သတင်းနဲ့ NSCN(K) ဌာနချုပ်ကိုလည်း ဝင်ရောက် စီးနင်းပါတယ်။ အဲဒီ စစ်ဆင်ရေးတွေမှာ ကသည်း သူပုန် တချို့ကို လက်ရမိခဲ့ပြီး၊ အယောက် ၂ဝ ကျော်ကို ခန္တီးတရားရုံးကနေ ထောင်ချတာမျိုးတွေ အခုနှစ် အစောပိုင်းက ပြုလုပ်ပါတယ်။

ဘာ့ကြောင့် တမူးမြို့ပေါ်မှာ ကသည်းသူပုန်တွေ နေခွင့်ရတာလဲ

တမူးမြို့ပေါ် ကသည်းသူပုန်တွေ လာရောက် နေထိုင်တာ ဆယ်စုနှစ် ၂ ခု ဝန်းကျင် ကြာမြင့် နေပြီလို့ မြို့ခံတွေက ပြောပါတယ်။ အရေအတွက် ရာနဲ့ချီ ရှိတယ်လို့ ဆိုပါတယ်။

လုံခြုံရေး အာဏာပိုင်တွေရဲ့ ခွင့်ပြုချက်နဲ့သာ အဲဒီလို နေထိုင် လှုပ်ရှား နေနိုင်တာ ဆိုပြီး ဒေသခံ လူထုနဲ့ လွှတ်တော်အမတ်က ပြောပေမယ့် ဘယ်သူဘယ်ဝါ၊ ဘယ်အဖွဲ့အစည်းရဲ့ လက်ချက်ဆိုပြီး တပ်အပ် သေချာ ပြောနိုင်ဖို့ ခက်သလို၊ တပ်မတော်ဘက်ကလည်း ကသည်း သူပုန်တွေကို ပစ်မှတ်ထားတဲ့ စစ်ဆင်ရေးတွေ အခါအားလျော်စွာ ပြုလုပ်တတ်တာလည်း တွေ့ရပါတယ်။

"လက်ရှိ အခြေအနေအကြောင်း ခရိုင်အဆင့် အုပ်ချုပ်ရေး အာဏာပိုင်တွေနဲ့ ဆွေးနွေးဖူးတယ်။ ဒီကိစ္စကို သူတို့ အနေနဲ့ ကိုင်တွယ် ဖြေရှင်းပေးနိုင်ခြင်း မရှိဘူးလို့ အဲဒီ အရပ်ဘက် အာဏာပိုင်တွေက ပြောဆိုတယ်။"

"ဒီလက်နက်ကိုင် အခြားနိုင်ငံက သူပုန်တွေဟာ ကျနော်တို့ တမူးဒေသမှာ အခြေချ နေထိုင်ခွင့် ရှိတယ်၊ လယ်ယာမြေတွေ ပိုင်ဆိုင်ခွင့် ရထားတယ်၊ နေအိမ်တွေကို ငှားရမ်း နေထိုင်ကြတယ်၊ နေအိမ်တွေကို အပိုင်ဝယ်ထားကြတာတွေဟာ စစ်တပ်က လျှို့ဝှက်စွာ ခွင့်ပြုထားလို့ပဲလို့ ကျနော်တို့ ဒေသခံ အများစုက မြင်တယ်"လို့ အမျိုးသား လွှတ်တော်အမတ် ဦးမောင်မောင်လတ်က ပြောပါတယ်။

"တာဝန်ရှိသူတွေက တမူးမြို့နယ်ရဲ့ လုံခြုံရေး ကိစ္စ၊ အထူးသဖြင့် ကသည်းသူပုန်တွေ အခြေချ နေထိုင်တဲ့ ကိစ္စကို လုံးဝ လျစ်လျူရှုထားတယ်လို့ ကျနော်လည်း မြင်တယ်" ဆိုပြီး ဦးမောင်မောင်လတ်က ထပ်လောင်း ပြောဆိုပါတယ်။

တမူးမြို့နယ် လုံခြုံရေး အခြေအနေနဲ့ ပတ်သက်ပြီး တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ထံကို လွှတ်တော်ကိုယ်စားလှယ် တစ်ယောက် အနေနဲ့ တိုက်ရိုက် စာရေးသား ပေးပို့ သွားမယ်လို့လည်း ဦးမောင်မောင်လတ်က ဘီဘီစီကို ပြောဆို ထားပါတယ်။