ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
အိန္ဒိယ-မြန်မာ နယ်စပ်ဂိတ်နှစ်ခုကို နိုင်ငံတကာဝင်ထွက်ဂိတ် သတ်မှတ်
မြန်မာ-အိန္ဒိယနှစ်နိုင်ငံကြား နယ်စပ်ဝင်ထွက်ဂိတ် နှစ်ခုဖြစ်တဲ့ တမူး- မိုးရေးဂိတ်နဲ့ ရိခေါဒါရ်-ဇိုခေါသာ ဂိတ်တို့ကို နိုင်ငံတကာ ဝင်ထွက်ဂိတ်အဖြစ် သတ်မှတ်လိုက်ပါတယ်။
မြန်မာနိုင်ငံကိုလာပြီး လည်ပတ်ချင်သူတွေ အနေနဲ့ E Visa ( အွန်လိုင်းမှ လျှောက်ထားရတဲ့ဗီဇာ ) ကို လျှောက်ထားပြီး ဝင်ရောက်နိုင်တယ်လို့ အိန္ဒိယနိုင်ငံ နယူးဒေလီမြို့မှာရှိတဲ့ မြန်မာသံရုံးက ကြေညာချက်ထုတ်လိုက်ပါတယ်။
ဒီလို နိုင်ငံတကာ ဝင်ထွက်ဂိတ်အဖြစ် သတ်မှတ်လိုက်တဲ့အတွက် မြန်မာနိုင်ငံကိုလာပြီး လည်ပတ်ချင်တဲ့ ကမ္ဘာလှည့်ခရီးသွားတွေအနေနဲ့ ဒီဂိတ် ၂ ခုကနေ ဝင်ထွက်လို့ရပြီ ဖြစ်တယ်လို့ မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်း အဖွဲ့ချုပ် အမှုဆောင် ဦးခင်အောင်ထွန်းက ပြောပါတယ်။
နိုင်ငံတကာ ဝင်ထွက်ဂိတ်ဖြစ်တဲ့ တမူး- မိုးရေးဂိတ်ဟာ စစ်ကိုင်းတိုင်းထဲမှာ တည်ရှိပြီး တမူး ကနေတဆင့် ကလေးမြို့ကို သွားရကာ ကလေးမြို့ကတဆင့် ချင်းပြည်နယ်နဲ့ စစ်ကိုင်းတိုင်းထဲကို သွားရောက် လည်ပတ်နိုင်မှာ ဖြစ်ပါတယ်။
ရိခေါဒါရ် - ဇိုခေါသာ နယ်စပ်ဂိတ်က ချင်းပြည်နယ်ထဲမှာ တည်ရှိပြီး ထန်တလန်မြို့နဲ့ ဆက်သွယ်ထားတာ ဖြစ်ပါတယ်။
အရင်ကတော့ ဒီနယ်စပ်ဂိတ် ၂ ခုကနေ မြန်မာနိုင်ငံကို လာရောက်လည်ပတ်ချင်သူတွေ အနေနဲ့ ကြိုတင်ခွင့်ပြုချက် ရယူပြီး လာရောက်ရတာ ဖြစ်ပါတယ်။
အခုလို နိုင်ငံတကာ ဝင်ထွက်ဂိတ်အဖြစ် ပြောင်းလဲပြီးတဲ့နောက် ပြည်ဝင်ခွင့်ဗီဇာ ရရှိထားတဲ့ ကမ္ဘာလှည့်ခရီးသွားတွေအနေနဲ့ အဲဒီဂိတ်တွေကနေ မြန်မာနိုင်ငံကို ဝင်ထွက် လည်ပတ်နိုင်မှာ ဖြစ်ပါတယ်။
ဒါ့အပြင် E- Visa လျှောက်ထားပြီးလဲ ဝင်ရောက်နိုင်မှာ ဖြစ်ပါတယ်။
အခုနယ်စပ်ဂိတ် ၂ ခုကို နိုင်ငံတကာ ဝင်ထွက်ဂိတ်အဖြစ် ပြောင်းလဲလိုက်တဲ့အတွက် ချင်းပြည်နယ်မှာ လမ်းမကောင်းပေမယ့်လည်း စစ်ကိုင်းတိုင်းအတွင်း လည်ပတ်ချင်တဲ့သူတွေအတွက် အဆင်ပြေတယ်လို့ ကလေးမြို့ခံတဦးဖြစ်တဲ့ ဦးဘကြူးက ပြောပါတယ်။
ချင်းပြည်နယ်ကို လာရောက်ကြတဲ့ ကမ္ဘာလှည့်ခရီးသွားတွေကတော့ လောလောဆယ်မှာ ဂျပန်ခေတ်က သမိုင်းဝင်ပစ္စည်းတွေကိုပဲ လာလေ့လာကြမယ် ထင်တယ်လို့ ဦးဘကြူးက ဆိုပါတယ်။
ထိုင်းနိုင်ငံကနေ မြန်မာနိုင်ငံကိုဖြတ်ပြီး အိန္ဒိယနိုင်ငံအထိ မော်တော်ယာဉ်တွေနဲ့ သွားရောက် လည်ပတ်သူတွေရှိနေပြီး ပြီးခဲ့တဲ့နှစ်တွေမှာ ဂျပန်နိုင်ငံသားတွေနဲ့ ပြင်သစ်နိုင်ငံသားတွေဟာ ကလေး၊ ကလေးဝနဲ့ တမူးဖက်ကို လာရောက်လည်ပတ်မှုတွေ ရှိပါတယ်။
NLD အစိုးရ တာဝန်ယူပြီးတဲ့နောက်ပိုင်း ရခိုင်ပြည်နယ်မှာ ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်ဖြစ်စဉ်တွေနဲ့ ပတ်သက်လို့ ဒီနှစ်မှာတော့ မြန်မာနိုင်ငံကို ဥရောပနဲ့ အနောက်နိုင်ငံက ကမ္ဘာလှည့်ခရီးသွား ဝင်ရောက်မှု လျော့နည်းသွားခဲ့ပါတယ်။
အဲဒီအတွက် အစိုးရအနေနဲ့ အာရှဒေသနဲ့ အိမ်နီးခြင်းနိုင်ငံသားတွေ မြန်မာနိုင်ငံထဲ ပိုမိုဝင်ရောက် လာနိုင်ဖို့ ရှမ်းပြည်နယ်က တချို့တားမြစ်ထားတဲ့ နေရာတွေကို ဖွင့်ပေးလိုက်ပါတယ်။
၂၀၁၇ ဇန်နဝါရီ ၃၀ ရက်က အိန္ဒိယ- မြန်မာကုန်သည်ကြီးများ အသင်းတို့ဟာ နှစ်နိုင်ငံ နယ်စပ်ဖြတ်ကျော် ကုန်သွယ်မှု ကိစ္စတွေနဲ့ နှစ်နိုင်ငံ ခရီးသွားတွေ အဆင်ပြေပြေ ဝင်ထွက်သွားလာဖို့ ဆိုက်ရောက်ဗီဇာကိစ္စ ဆွေးနွေးခဲ့ကြပါတယ်။