ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ဦးဝီရသူကို ဖမ်းမရအောင် ကာကွယ်ပေးသူတချို့ ရှိနေလား
အမျိုးသားရေးဆရာတော် အဖြစ် လူသိများတဲ့ ဦးဝီရသူဟာ နိုင်ငံတော်အကြည်ညိုပျက်စေမှုပုဒ်မနဲ့ အနောက်ပိုင်းခရိုင်တရားရုံးမှာ အမှုဖွင့်ခံထားရပြီး လတ်တလောမှာလည်း သူ့ကို ဘယ်နေရာမှာဖြစ်ဖြစ် ဖမ်းဆီးပြီး ရဲတပ်ဖွဲ့ကို အပ်နှံခွင့်ရှိတဲ့ ဖမ်းဝရမ်းသစ်ကို မြန်မာနိုင်ငံရဲတပ်ဖွဲ့က ဇွန်လ ၄ ရက်နေ့က ထပ်မံ ထုတ်ပြန်ထားပါတယ်။
ဦးဝီရသူဟာ တင်္နသာရီတိုင်း မြိတ်မြို့နဲ့ ရန်ကုန် ကျောက်တံတားမြို့နယ်တွေမှာ ပြုလုပ်ခဲ့တဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေထောက်ခံပွဲတွေနဲ့ အမျိုးသားရေးလှုပ်ရှားမှု လူထုဟောပြောပွဲတွေမှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ပြင်းထန်ကြမ်းတမ်းစွာ ပုတ်ခတ် ဟောပြောတာတွေ လုပ်ခဲ့တာ ဖြစ်ပါတယ်။
ဒါကြောင့် ရဲတပ်ဖွဲ့က မေလ ၂၈ ရက်နေ့မှာ နိုင်ငံတော်အကြည်ညိုပျက်စေမှု ရာဇသတ်ကြီး ပုဒ်မ ၁၂၄ (က) နဲ့ အမှုဖွင့်ပြီး ဖမ်းဝရမ်းထုတ်ထားခဲ့ခဲ့တာပါ။
ဒါ့အပြင် ရန်ကုန်တိုင်းသံဃမဟာနာယကလည်း ဦးဝီရသူကို မေလ (၃၀) ရက်နေ့မှာ ဆုံးမသြဝါဒပေးဖို့ ဆင့်ခေါ်ခဲ့ပေမယ့် အခြေအနေအရ ဆိုင်းငံ့တယ်ဆိုပြီး ပြန်လည် ထုတ်ပြန်ခဲ့ပါတယ်။
နိုင်ငံတော်သံဃမဟာနာယကအဖွဲ့က ဒုဥက္ကဋ္ဌ ဆရာတော်ဦးအဂ္ဂဓမ္မ ကတော့ 'ဦးဝီရသူကို ဥပဒေအရ အရေးယူမယ်ဆိုပြီး ဝရမ်းထုတ်ထားတော့ တိုင်းသံဃာနာယကအဖွဲ့က ဆုံးမသြဝါဒပေးတဲ့အချိန် လာတဲ့အခါ စီးဖမ်းလိုက်ရင် ထောင်ဖမ်းသလို ဖြစ်မှာစိုးလို့ နိုင်ငံတော်ကို ပြန်ပြီးဆိုင်းငံ့ပေးဖို့ တောင်းဆိုခဲ့ရတာပါ' လို့ ဘီဘီစီကို ပြောပါတယ်။
ဦးဝီရသူကို ဆုံးမသြဝါဒ ခေါ်ပေးနိုင်ပါ့မလား
ရန်ကုန်တိုင်းသံဃမဟာနာယကအဖွဲ့ကလည်း ဦးဝီရသူကို ဆုံးမသြဝါဒပေးဖို့ အစီစဉ်ရှိတယ်လို့ ပြောပါတယ်။
"နိုင်ငံတော် သံဃမဟာနာယကအမိန့်အရတော့ ဆရာတော်ဦးဝီရသူကို ဓမ္မစက်နဲ့ ဆုံးမသြဝါဒ ပေးရန်ပဲ၊ အဲ့ဒီလောက်ပဲ လုပ်လို့ရမှာ" လို့ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဒုဥက္ကဋ္ဌ ဆရာတော်ဦးအဂ္ဂဓမ္မက မိန့်ပါတယ်။
ဆရာတော် ဦးဝီရသူကလည်း သံဃမဟာနာယက ဆရာတော်ကြီးတွေ ရှေ့မှောက်မှာ ဓမ္မစက်နဲ့ ဆုံးမသြဝါဒခံယူပြီးမှ အစိုးရရဲ့ အာဏာစက်နဲ့ အရေးယူမှုကို ခံယူမယ်လို့ ရုရှားလူမှုကွန်ရက် VK စာမျက်နှာပေါ်ကနေ မေလ ၃၁ ရက်နေ့ ညပိုင်းက မိန့်ထားပါတယ်။
ဒီနောက်ပိုင်း ဦးဝီရသူနဲ့ ပတ်သက်လို့ သတင်းအစအန တစ်ခုမှ ထွက်မလာသေးပါဘူး။
မဟနဆရာတော် ဦးအဂ္ဂဓမ္မကတော့ "ဒီလို ပြောနေပေမယ့် ပေးရင်လည်း လာမှာမဟုတ်ပါဘူး၊ အရေးယူခံရမှာမို့ ရှောင်နေတာ၊ အခုလည်းရှိနေတာဟာ၊ ခေါ်ပြီးဆုံးမသြဝါဒပေးရင်လည်း ရမယ်မထင်ပါဘူး" လို့ ဘီဘီစီကိုမိန့်ပါတယ်။
သံဃစည်းမျဉ်းအရ ဘယ်လောက်အထိ အရေးယူနိုင်လဲ
နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ ဒုဥက္ကဋ္ဌ ဆရာတော်ဦးအဂ္ဂဓမ္မကတော့ "ဘုရားရှင်လက်ထက်တုန်းက ဒေဝဒတ်ကိန်းကို နမူနာယူမယ်ဆိုရင်တော့ ပကာသနိယကံ ပြုရင်တော့ရတယ်၊ အဲ့ဒါလည်း လွယ်တဲ့ ကိစ္စတော့ မဟုတ်ဘူး၊ အောင်မြင်မှာ မဟုတ်ဘူး၊ လုပ်သင့်တာကတော့ အဲ့ဒီလိုပဲ လုပ်သင့်တယ်" လို့ မိန့်ပါတယ်။
ဒေဝဒတ်အသွင် ပကာသနိယကံချတယ်ဆိုတာကတော့ သာသနာနဲ့ မပတ်သက်သူအဖြစ် သတ်မှတ်နိုင်တယ်လို့ ဆိုလိုတာပါ။
သံဃာ့ စည်းမျဉ်းစည်းကမ်းကို မလိုက်နာသူ၊ သံဃာ့အဖွဲ့အစည်းကိုထိခိုက်စေသူ၊ သာသနာညှိုးနွမ်းအောင် ပြုလုပ်သူ၊ ပြည်သူမုန်းတီးအောင် မကြည်ညိုအောင်လုပ်သူကို သာသနာနဲ့ မပက်သက်သူအဖြစ် သတ်မှတ်ခြင်းကို ပကာသနိယကံချတာလို့ သာသနာဘောင်အတွင်း သတ်မှတ်ထားတာ ဖြစ်ပါတယ်။
ဦးဝီရသူကို သာသနာရေးပုဒ်မ ၂၀/၉၀ နဲ့ အရေးယူတာမျိုးဖြစ်နိုင်လားဆိုပြီး ဆရာတော် ဦးအဂ္ဂဓမ္မကို ဘီဘီစီက မေးတဲ့အခါမှာတော့ "သြဝါဒပေးမှုကို မလိုက်နာခဲ့ရင် စာသင်တိုက်က နှင်ထုတ်တာမျိုးကလည်း သူတို့ချင်း မနိုင်တာလား မသိဘူး၊ ကျုပ်တို့ အမိန့်မထုတ်လည်း ဒီလောက်ကြီး ဗရုတ်ဗရက်ဖြစ်အောင် လုပ်နေတဲ့ ပုဂ္ဂိုလ်ကို စာသင်တိုက်နာယကတွေ ညှိနှိုင်းပြီးတော့ အရေးယူသင့်တဲ့ ကဏ္ဍတွေရှိတယ်၊ ဒါလည်း မလုပ်ဘူး"
"သူတို့အထဲမှာဆို ကျုပ်တို့ နိုင်ငံတော်သံဃမဟာနာယကက တစ်ပါးတောင်ပါသေးတယ်၊ အမှန်က တိုက်က အရေးယူလိုက်ရင် ဒီလောက်ထိတောင် မရောင့်တတ်ရဲဘူး၊ ခုက တိုက်ကလည်း အရေးမယူဘူးဖြစ်နေတာ"လို့ မိန့်ပါတယ်။
မြဝတီမင်းကြီးဆရာတော် အရှင်အရိယဝံသာ ဘိဝံသ (ရွှေဝါရောင်) ကတော့ "ဦးဝီရသူကို ပကာသနိယကံချသည်ဖြစ်စေ၊ မချသည်ဖြစ်စေ ဥပဒေချိုးဖောက်သူ မည်သူကိုမဆို ဥပဒေအရ အချိန်မရွေးဖမ်းဆီးအရေးယူနိုင်တယ်" လို့ မိန့်ပါတယ်။
ဦးဝီရသူကို ဘာကြောင့် အရေးယူလို့ မရသေးတာလဲ
မဟနအဖွဲ့ရဲ့ ဒုဥက္ကဌ ဆရာတော် ဦးအဂ္ဂဓမ္မကတော့ "ဦးဝီရသူကို ကာကွယ်ပေးနေတဲ့ အစိုးရအရာရှိတွေ ရှိပုံပေါ်တယ်၊ ဖမ်းမရအောင် ကာကွယ်ပေးနေပုံရတယ်" လို့ မိန့်ပါတယ်။
ဘယ်လိုအချက်တွေကြောင့်ပါလဲလို့ ဘီဘီစီက မေးတဲ့အခါမှာတော့ "သူ့ကို ဆွမ်းကပ်တဲ့ပုဂ္ဂိုလ်တွေ ရှိနေတယ်လေ၊ အဲ့ဒါကြည့်ရင် သိနိုင်ပါတယ်" လို့ ဆရာတော်က မိန့်ပါတယ်။
ဦးဝီရသူနဲ့ နီးစပ်တဲ့ သဃတချို့ကတော့ ဆရာတော် ဦးဝီရသူဟာ မန္တလေးမှာပဲ ရှိနေနိုင်တယ်လို့ ဘီဘီစီကို မိန့်ပါတယ်။
"ရန်ကုန်ကြွသွားပြီ ဆိုတာလည်း ရန်ကုန်ကို တကယ်ရောက်နေတာမဟုတ်ဘူး။ သူတို့မန္တလေးမှာ ရှိနေတယ်ထင်တယ်၊ သူတို့သက်သက် ကျောင်းမှာရှိတဲ့ ကိုယ်တော်က ရန်ကုန်ကြွသွားပြီ ပြောတာလည်း ဒီရောက်လာတာ မဟုတ်ဘူး" လို့ ဆရာတော် ဦးအဂ္ဂဓမ္မက မိန့်ပါတယ်။
ဦးဝီရသူ ဘယ်ရောက်နေလဲ
"ဦးဝီရသူက ရန်ကုန်မှာ မဟုတ်ဘူး၊ မန္တလေးမှာလို့ ထင်တယ်၊ သူ့တပည့်တွေကတော့ သူ့အတွက် လုံခြုံရေး လိုက်လုပ်ပေးနေတယ်၊ ဆရာတော်က သီးသန့်ခိုင်းထားတာ မဟုတ်ဘူး" လို့ ထေရဝါဒဓမ္မကွန်ရက်အဖွဲ့က ဦးဆောင်ဆရာတော်တစ်ပါးဖြစ်တဲ့ ဆရာတော် ဦးပညာသီရိက ဘီဘီစီကို မိန့်ပါတယ်။
မန္တလေးမှာက ဆရာတော်ဦးဝီရသူရဲ့ အကယ်ဒမီပညာရေးကျောင်းက ကားတွေနဲ့ သွားတဲ့အခါ လမ်းမှာ စစ်ဆေးခံရတာတွေရှိနေပြီး အစစ်အဆေးများနေတယ်လို့ မျိုးချစ်ရဟန်းတော်များ သမဂ္ဂအထွေထွေအတွင်းရေးမှူး ဦးစန္ဒာသီရိက မိန့်ပါတယ်။
ရဲတပ်ဖွဲ့ကတော့ ဦးဝီရသူ ရှိနိုင်တဲ့ နေရာအကုန်လုံးကို လိုက်ရှာနေတယ်ဆိုပေမယ့် အခုချိန်အထိ သတင်းရထားတာမျိုး မရှိသေးပါဘူး။
အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေး ဗဟိုဦးဆောင် ဆရာတော် ဦးသောပါက ကို ဘီဘီစီက ဆက်သွယ်တဲ့အခါမှာတော့ ဦးဝီရသူ ဘယ်ရောက်နေလဲဆိုတာ ပြောဖို့ မရှိသေးဘူးလို့ မိန့်ပါတယ်။
"ဝီရသူ ဒီလောက်သတ္တိမကြောင်ပါဘူး၊ စစ်အစိုးရကိုတောင်မှ လုပ်ခဲ့သေးတာပဲ၊ ပြန်လေ့လာကြည့်လိုက်၊ ဦးဝီရသူ ပထမဆုံးထောင်ထဲ ရောက်ခဲ့ရတာကို ပြန်လေ့လာကြည့်လိုက်" ဆိုပြီး ထေရဝါဒဓမ္မကွန်ရက်အဖွဲ့က ဦးဆောင်ဆရာတော်တစ်ပါးဖြစ်တဲ့ ဆရာတော် ဦးပညာသီရိက ဘီဘီစီကို မိန့်ပါတယ်။
ဦးဝီရသူနဲ့ နီးစပ်တဲ့ သံဃာ အသိုင်းအဝန်းက ဘယ်လို တုံ့ပြန်လဲ
ဆရာတော် ဦးဝီရသူ သီတင်းသုံးတဲ့ မစိုးရိမ်တိုက်သစ် ဓမ္မသဟာယကျောင်းကို အထူးရဲတပ်ဖွဲ့က စောင့်ကြည့်နေတာ ရှိနေတယ်၊ အရင် ဦးဝီရသူ ရှိစဉ်ကတည်းကလည်း အလားတူ ရဲတပ်ဖွဲ့ဘက်က စောင့်ကြည့်ခဲ့တာလို့ ဦးဝီရသူနဲ့ အနီးကပ်ရှိနေခဲ့တဲ့ မစိုးရိမ်တိုက်သစ်က ဦးဝီရတေဇော (ဝီရမျိုးဆက်သစ်) က ဘီဘီစီကို ဇွန်လ ၄ ရက်နေ့က မိန့်ကြားခဲ့ပါတယ်။
"အကြမ်းဖက် သောင်းကျန်းနေတဲ့ သူပုန်ကျနေတာပဲ၊ သဲကြီးမဲကြီးကို အလိုရှိနေတာ" လို့လည်း ဦးဝီရတေဇောက မိန့်ပါတယ်။ သံဃာ လုပ်ထုံးလုပ်နည်း နဲ့ မညီဘူးလို့လည်း ဆိုပါတယ်။
ရန်ကုန်တိုင်း သံဃနာယက က ထပ်မံ ဆင့်ခေါ်ရင် ဦးဝီရသူ အနေနဲ့ သွားရောက် ဖို့ ရှိပြီး ဓမ္မစက်နဲ့ ဆုံးမသြဝါဒ ခံရပြီးမှ အစိုးရ အာဏာပိုင်တွေရဲ့ အရေးယူမှုကို ရင်ဆိုင်ဖို့ ရှိတယ်လို့ ဦးဝီရတေဇောက ထပ်လောင်း မိန့်ကြားပါတယ်။
ဆရာတော်က ရင်ဆိုင်မယ်လို့ အတိအလင်း ပြောထားပြီး ဖြစ်လို့ သာသနာရေးပုဒ်မ ၂၀/၉၀ နဲ့ အရေးယူမယ်ဆိုတာက ခြိမ်းခြောက် သလို ဖြစ်နေတယ် လို့လည်း ဦးဝီရတေဇောက မိန့်ပါတယ်။
ရဲတပ်ဖွဲ့ ဘာဆက်လုပ်မလဲ
သမ္မတရုံး ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးကတော့ ဦးဝီရသူကို ဖမ်းဆီးတရားစွဲဖို့ အစိုးရက ညွှန်ကြားလာတာဖြစ်ပြီး သူ့ကို ဝန်းရံသူတွေပြုလုပ်တဲ့ ဆုတောင်းပွဲတွေမှာ နိုင်ငံတော်လုံခြုံရေးကို ထိပါးလာတဲ့ ကိစ္စတွေကို ဥပဒေအရ ကိုင်တွယ်သွားမယ်လို့ မတ်လ ၃၁ ရက်နေ့ သတင်းစာရှင်းလင်းပွဲမှာ မီဒီယာတွေကို ပြောထားပါတယ်။
ရဲတပ်ဖွဲ့ကတော့ ဝရမ်းထုတ်ထားတဲ့အတိုင်း ၁၁ ရက်နေ့အထိ မဖမ်းဆီးနိုင်ဘူးဆိုရင် တရားရုံးက လုပ်ထုံးလုပ်နည်းအရ ဆက်လက်ဆောင်ရွက်သွားမယ်လို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ရဲမှူးကြီး မျိုးသူစိုးက ပြောပါတယ်။
"ကျွန်တော်တို့ကတော့ ဒီဝရမ်းကို အတည်ပြုနိုင်ဖို့အတွက် ဆက်ပြီးလုပ်ဆောင်သွား မှာပါ။ အွန်လိုင်းပေါ်မှာ ဟိုနားမှာရှိတယ်၊ ဒီနားမှာရှိတယ်ဆိုပြီး ကြားပေမဲ့ ကျွန်တော် တို့ လိုက်ပြီးအတည်ပြုပါတယ်။ ဒါပေမဲ့ အတည်ပြုလို့မရသေးပါဘူး။ ရန်ကုန်မှာ လည်းမတွေ့ဘူး၊ မန္တလေးမှာလည်း ရှာနေဆဲပါ" လို့ ရဲမှူးကြီး မျိုးသူစိုး က ပြောပါတယ်။