ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ဆရာတော် ဦးဝီရသူကို ဖမ်းဝရမ်းထုတ်ထားပေမဲ့ ဝရမ်းမရရှိသေးဟုဆို
အမျိုးသားရေးဆရာတော် ဦးဝီရသူ ဖမ်းဆီးအရေးယူဖို့ ကို ရန်ကုန်အနောက်ပိုင်းခရိုင်တရားရုံးက ဖမ်းဝရမ်းထုတ်လိုက်တယ်လို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ရဲမှူးကြီး မျိုးသူစိုး က ဘီဘီစီကို ပြောပါတယ်။
ဒါပေမဲ့ ဖမ်းဝရမ်းဟာ သက်ဆိုင်ရာစခန်းကိုတော့ မရောက်သေးဘူးလို့ ရဲမှူးကြီးက ပြောပါတယ်။
အမျိုးသားရေးဆရာတော် ဦးဝီရသူ ကို ရန်ကုန် အနောက်ပိုင်းခရိုင် ဒုတိယအုပ်ချုပ်ရေးမှူး ဦးစန်းမင်း က မေလ ၂၈ ရက်နေ့ ရန်ကုန်အနောက်ပိုင်း ခရိုင်တရားရုံးမှာ တရားလိုလုပ်ပြီး နိုင်ငံတော်အကြည်အညိုပျက်စေမှုနဲ့ ဦးတိုက်လျှောက်ထားတာဖြစ်တယ်လို့ ရဲမှူးကြီး မျိုးသူစိုး က ပြောပါတယ်။
အမှုကို တရားရုံးကလက်ခံခဲ့ပြီးနောက် အခုလို ဖမ်းဝရမ်းထုတ်လိုက်တာဖြစ်တယ်လို့ သူက ပြောပါတယ်။
"ဦးတိုက်လျှောက်ထားတဲ့အတွက်ကြောင့် တရားရုံးက ရာဇသတ်ကြီးပုဒ်မ ၁၂၄ (က) အရ ဖမ်းဝရမ်းပေးတာပေါ့၊ ဖမ်းဝရမ်းက ကာယကံရှင်နေထိုင်တဲ့ သက်ဆိုင်ရာမြို့နယ် က ရဲစခန်းကို ပို့ရတာပေါ့၊ သက်ဆိုင်ရာစခန်းကိုတော့ အခုချိန်ထိတော့ ဝရမ်းမရောက်သေးဘူး ခင်ဗျာ" လို့ ရဲမှူးကြီး မျိုးသူစိုး က ပြောပါတယ်။
ဦးဝီရသူကို အမှုဖွင့်ထားတဲ့ ပုဒ်မ က ငွေဒဏ်နဲ့တကွ တစ်သက်တစ်ကျွန်းအထိ ပြစ်ဒဏ်ချမှတ်နိုင် တဲ့ ပုဒ်မ တစ်ခုဖြစ်ပါတယ်။
ဒါ့အပြင် ရန်ကုန်မှာ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၅၉ (စ) ကာကွယ်စောင့်ရှောက်ရေးနဲ့ ပုဒ်မ ၂၆၁ ပြင်ဆင်ရေးလူထုဆန္ဒထုတ်ဖော်ပွဲမှာ ပါဝင်ဟောပြောခဲ့တာနဲ့ပတ်သက်ပြီး ဦးဝီရသူကို နောက် နောင်မှာ လူမှုကိစ္စတွေမှာ ပါဝင်ဆောင်ရွက်မှုမလုပ်ဖို့ ရန်ကုန်တိုင်း သံဃနာယကအဖွဲ့က ဦးဝီရသူဆီကို စာပို့ထားပါတယ်။
ဦးဝီရသူကို မေလ ၃၀ ရက် မှာ သြဝါဒခံယူဖို့ ရန်ကုန်တိုင်းသံဃနာယကအဖွဲ့က ဆင့်ခေါ်ထားပါတယ်။
ဆရာတော် ဦးဝီရသူဟာ မေလ ၅ ရက်နေ့က ရန်ကုန် မြို့လယ် ဟောပြောပွဲမှာ လွှတ်တော်ထဲက စစ်သားတွေဟာ တပ်မတော်ရဲ့ လစာကို စားပြီး လွှတ်တော်ထဲ အမုန်းခံဝင်ထိုင်နေရတာကြောင့် အဲ့ဒီစစ်သားတွေကို ဘုရားလို ကိုးကွယ်သင့်တယ်လို့ ဟောခဲ့ပါတယ်။
ဧပြီလ ၂၉ ရက်နေ့ကလည်း မြိတ်မြို့မှာ ပြုလုပ်ခဲ့တဲ့ ၂၀၀၈ ဖွဲ့ စည်းပုံ အခြေခံ ဥပဒေ ပုဒ်မ ၅၉ (စ) မပြင်ဆင်ရေး ထောက်ခံပွဲမှာ ဦးဝီရသူက နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ပုတ်ခတ်ပြောဆိုတဲ့ ဗီဒီယိုဖိုင်ဟာ မြန်မာ အွန်လိုင်း အင်တာနက် စာမျက်နှာတွေ ပေါ်မှာ ပျံ့နှံ့ခဲ့ပါတယ်။