ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ရေငုပ်သင်္ဘော မကြာမီပိုင်တော့မယ့် မြန်မာ့တပ်မတော်
မြန်မာ့တပ်မတော်က ရေငုပ်သင်္ဘောကိုမကြာမီအချိန်အတွင်းမှာပဲ ပိုင်ဆိုင်နိုင်တော့မယ်လို့ တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ဘီဘီစီကိုပြောပါတယ်။
ရေငုပ်သင်္ဘောပိုင်ဆိုင်ဖို့ဆိုတာက ဝယ်ရတာသိပ်မခက်ဘူး။ အရေးကြီးတာက သူရဲ့ အခြေချမယ့်နေရာ တွေ၊ သူနဲ့ဆက်စပ်တဲ့အထောက်အပံ့ပစ္စည်းတွေ၊ အသုံးပြုနိုင်ဖို့လေ့ကျင်သင်ကြားမှုတွေက ပိုအရေးကြီးတယ်။ ကျွန်တော်တို့ဆီမှာ ရေငုပ်သင်္ဘောမှာသုံးနိုင်တဲ့ သင်တန်းပြီးထားတဲ့သူတွေရှိနေပါပြီလို့ သူကဆို ပါတယ်။
"သင်တန်းကာလက ၅နှစ်ကနေ ၇နှစ်အတွင်းရှိတယ်။ ဒါကရေငုပ်သင်္ဘောပိုင်ဆိုင်ဖို့ ပြင်ဆင်တဲ့အချိန်ထဲမှာ သင်တန်းကာလကိုထည့်တွက်တယ်။ သင်တန်းကာလက အောင်မြင်ပြီးပြီဖြစ်ပါတယ်။ အဲဒီတော့ ဆယ်စုနှစ် တစ်ခုအတွင်းမှာ ပိုင်ဆိုင်နိုင်မယ်ဆိုတာက ဘယ်တော့ဆိုတာကိုတွက်ကြည့်လို့ရပါတယ်" လို့ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ဘီဘီစီကိုပြောပါတယ်။
ဒါကလည်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် နှင့် အဖွဲ့ဝင်တွေ ဧပြီလ ၂၆ ရက်၊ ရုရှားနိုင်ငံ၊ စိန့်ပီတာစဘတ်မြို့ ရုရှားရေတပ်စခန်းရဲ့ အက်မာတိုင်စကီဗာဖီ သင်္ဘောကျင်းမှာ ရေငုပ်သင်္ဘော ထုတ်လုပ်နေမှု အခြေအနေတွေနဲ့ ရေငုပ်သင်္ဘောတွေ ပြုပြင်ထိန်းသိမ်းတဲ့ အခြေအနေတွေ ကိုသွားရောက်ခဲ့ကြည့်ရှုပြီးနောက်ပိုင်း ဘီဘီစီရဲ့မေးမြန်းမှုကို ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြန်လည်ဖြေကြားခြင်းဖြစ်ပါတယ်။
ဝယ်ယူမယ်ဆိုရင်လည်း ရုရှား သို့မဟုတ် တရုတ်နိုင်ငံကနေ ဝယ်ယူနိုင်တယ်လို့ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ဘီဘီစီကိုပြောပါတယ်။ လေ့ကျင့်သင်ကြားမှု ပြီးမြောက်ပြီးဖြစ်တဲ့ ရေငုပ်သင်္ဘောမှာ တာဝန်ထမ်းဆောင်မယ့် သူတွေကိုလည်း အဲဒီနိုင်ငံတွေကပဲ လေ့ကျင့်သင်ကြားပေးတာလို့ သူကဆိုပါတယ်။တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ရုရှားရေတပ်စခန်းကိုသွားလည်ပတ်ပြီး ရေငုပ်သင်္ဘော ဝယ်ယူဖို့ စာချုပ်ချုပ်ဆိုတာ၊ သဘောတူခဲ့တာ တွေရှိ ခဲ့လားဆိုတဲ့အပေါ်ကိုတော့ ပြန်လည် ဖြေကြားပေးနိုင်ခြင်းမရှိဘူးလို့ ဆိုပါတယ်။
ရောင်းချတဲ့နိုင်ငံတွေက သူတို့ဆီက ဝယ်ယူမယ်ဆိုတဲ့ ကတိသဘောတူညီချက်ရရှိမှသာ အသုံးပြုနည်း၊ ထိန်းသိမ်းတဲ့နည်းပညာ၊ မောင်းနှင်တာ စတာတွေကို လေ့ကျင့်သင်ကြားပေးလေ့ရှိတယ်လို့ နိုင်ငံရေးလေ့လာသူ ဖြစ်တဲ့ ဦးမောင်မောင်စိုးက ပြောပါတယ်။ ဒါကြောင့်လည်း မြန်မာနဲ့ ရုရှားသို့မဟုတ် တရုတ်နိုင်ငံအကြားမှာတော့ သဘောတူညီချက်တစုံတရာရှိထားပြီးပြီလို့ သူကယူဆထားပါတယ်။
"ဝယ်မယ့်အမျိုးအစားကို အသုံးပြုနိုင်ဖို့ မောင်းရုံတင်မကဘူး၊ ပြုပြင်ထိန်းသိမ်းဖို့ကိုပါ ရောင်းမယ့်နိုင်ငံက လေ့ကျင့်ပေးရတာပါ။ တပ်မတော်ကိုခန့်မှန်းရမယ်ဆိုရင်တော့ ရုရှားကဝယ်ဖို့များတယ်" လို့ ဦးမောင်မောင် စိုးက ပြောပါတယ်။
မြန်မာနိုင်ငံလို ကမ်းရိုးတန်း ရှည်လျားစွာ တည်ရှိနေတဲ့ နိုင်ငံတစ်နိုင်ငံ အနေနဲ့ ရေငုပ် သင်္ဘောကို ပိုင်ဆိုင်သင့်တယ်လို့ လေ့လာသူတွေက သုံးသပ်ကြပါတယ်။
ဒေသတွင်းနိုင်ငံတွေဖြစ်တဲ့ ဗီယက်နမ်၊ စင်ကာပူ၊ မလေးရှားနဲ့ အင်ဒိုနီးရှားတို့မှာလည်း ရေငုပ်သင်္ဘောတွေ ပိုင်ဆိုင်ထားကြသလို အိမ်နီးချင်း ထိုင်းနိုင်ငံကလည်း ရေငုပ်သင်္ဘော မှာယူထားပြီး ဖြစ်တဲ့အပြင် ၂၀၀၈ ခုနှစ်က နှစ်နိုင်ငံအကြား ရေပိုင်နက်အငြင်းပွားခဲ့ဖူးတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံကလည်း ပြီးခဲ့တဲ့ ၂နှစ်ထဲမှာပဲ ရေငုပ် သင်္ဘော နှစ်စီးကို ပိုင်ဆိုင်ထားပြီးဖြစ်ပါတယ်။
သေနင်္ဂဗျူဟာအဖွဲ့ အမှုဆောင်ဒါရိုက်တာ ဦးနိုင်ဆွေဦးကတော့ မြန်မာနိုင်ငံကရေငုပ်သင်္ဘောပိုင်ဆိုင်ဖို့ နီးသည်ထပ်ပိုနီးလာနေတယ်လို့ မှတ်ချက်ပြုပါတယ်။
ဒီလိုလက်နက်တွေရှိတယ်ဆိုတာကလည်း အဟန့်တခုပေါ့။ ပြည်ပကနေဝင်လာနိုင်တဲ့အနေအထားကို တားဆီးနိုင်မယ့် အဟန့်တခုပေါ့။ တဘက်နိုင်ငံက ရေငုပ်သင်္ဘောတွေဝင်လာရင် ပြန်ပြီးတော့ စစ်ဆင်နိုင်စွမ်း စတာ တွေတော့ ရှိလာနိုင်မယ်လို့ သူကပြောပါတယ်။
"မြန်မာနိုင်ငံအနေနဲ့လည်း ရေငုပ်သင်္ဘောဝယ်ယူတာက ဒေသတွင်း လက်နက်အင်အား အပြိုင်အဆိုင် တပ်ဆင်တာလို့ ပြောလို့မရဘူး၊ စီးပွားရေးအရ မတပ်ဆင်နိုင်ပေမယ့် ရေငုပ်သင်္ဘော ပိုင်ဆိုင်ဖို့သင့်တာတော့ ကြာပြီ" လို့ ဦးနိုင်ဆွေဦးက သုံးသပ်ပါတယ်။
လက်ရှိမှာတော့ မြန်မာရေတပ်က သင်္ဘောဖျက်ဒုံးကျည်တွေကို တပ်ဆင်ထားနိုင်တဲ့ ဖရီးဂိတ်စစ်သင်္ဘောတွေ မြန်မာပြည်တွင်းမှာပင် ပြန်လည် အဆင့်မြှင့်တပ်ဆင်နိုင်တဲ့အနေအထားကိုရောက်ရှိနေပြီးဖြစ်တယ်လို့ သူကဆိုပါတယ်။
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ရုရှားက ရေငုပ်သင်္ဘောကျင်းကို သွားကြည့်တဲ့ ခရီးမတိုင်မီ ၂၀၁၅ ခုနှစ် ဇူလိုင်လအတွင်းကလည်း အလားတူ အိန္ဒိယနိုင်ငံ၊ ဂိုအာဆိပ်ကမ်းက အိန္ဒိယ ရေတပ်သင်္ဘော တည်ဆောက်ရေးလုပ်ငန်းအပြင် ရေငုပ်သင်္ဘောတပ်ဖွဲ့ကိုလည်း သွားရောက်လေ့လာခဲ့ပါသေးတယ်။
အဲဒီခရီးစဉ်ပြီးနောက်ပိုင်း လာမယ့် ၄ နှစ်ကျော် ၅ နှစ်အတွင်း ရေငုပ် သင်္ဘောပိုင်ဆိုင်အောင် လုပ်နေတယ် လို့လည်း ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ၂၀၁၅ ခုနှစ် စက်တင်ဘာတုန်း ကလုပ်တဲ့ သတင်းစာရှင်းလင်းပွဲတစ်ခုမှာ ပြောထားပါတယ်။
ရေငုပ်သင်္ဘောတွေမှာ နျူကလီးယားစွမ်းအင်သုံးနဲ့ ဒီဇယ်-လျှပ်စစ်စွမ်းအင်သုံး ရေငုပ်သင်္ဘောဆိုပြီး နှစ်မျိုးနှစ်စားရှိပါတယ်။ မြန်မာနိုင်ငံနဲ့ ကိုက်ညီတာကတော့ ဒီဇယ်-လျှပ်စစ်စွမ်းအင်သုံးရေငုပ်သင်္ဘော တွေသာ ဖြစ်ပါတယ်။ အဲဒီရေငုပ်သင်္ဘောတွေ ဈေးနှုန်းကလည်း အမေရိကန်ဒေါ်လာ သန်း ၂၀၀ ကနေ ၆၀၀ ကျော်အထိရှိပါတယ်။ နျူကလီးယားစွမ်းအင်သုံး ရေငုပ်သင်္ဘောတွေ ဈေးနှုန်းကတော့ အမေရိကန်ဒေါ်လာ ၂.၅ ဘီလီယံကနေ ၄.၅ ဘီလီယံအထိတန်ဖိုးရှိပါတယ်။
ရေတပ်တွေကို မြစ်ချောင်းတွေနဲ့ဆက်စပ်နေတဲ့ ကုန်းတွင်းပိုင်းရေပြင်မှာလှုပ်ရှားနိုင်တဲ့ အဆင့်ကို Brown၊ ပင်လယ် ရေပြာနဲ့ ကုန်းတွင်း ပင်လယ်ရေညို ပိုင်းနှစ်ခုဆက်စပ်နေတဲ့နေရာမှာ စစ်ဆင်ရေးတွေကို ဆောင်ရွက် နိုင်တဲ့ အဆင့်ကို Green နဲ့ ပင်လယ်၊ သမုဒ္ဒရာနှစ်ခုကို ဖြတ်ကျော်လှုပ်ရှားနိုင်တဲ့ အဆင့်ကို Blue water Navy ဆိုပြီးယေဘူယျအားဖြင့် သုံးမျိုးသတ်မှတ်လေ့ရှိ ပါတယ်။
မြန်မာ့တပ်မတော်ရေက လက်ရှိမှာ Green water navy အဆင့်ကိုရောက် ရှိနေပြီလို့ တပ်မတော်က ကိုယ်တိုင်သတ်မှတ် ထားပါတယ်။ ဒါကြောင့် Blue water navy အဆင့်ကိုရောက်ရှိအောင်ပြင်ဆင် နေပြီလို့ လည်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က တပ်မတော်ရေစစ်ရေးလေ့ကျင့်ရေးအခမ်းအနားတွေ မှာထည့်သွင်းပြောကြားလေ့ရှိပါတယ်။