ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ဖားကန့်က နွံကန်ကျိုးပေါက်မှုကြောင့် ကျောက်စိမ်းလုပ်ကွက်တချို့ ရပ်စဲ
ဖားကန့်က မော်မောင်းမှော်မှာ နွံကန် ကျိုးပေါက်မှု ဖြစ်ပြီးတဲ့နောက် ကျောက်စိမ်းတူးဖော်နေတဲ့ ကုမ္မဏီ ၁၁ ခု နဲ့ လုပ်ကွက် ၁၇ ခု ကို လုပ်ငန်း ရပ်ဆိုင်းဖို့ အာဏာပိုင်က ညွှန်ကြားထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။ နွံကန်ကျိုးပေါက်ခဲ့လို့ လူ ၅၀ ကျော်သေဆုံး သွားပြီးနောက်မှာ အခုလိုကန့်သတ်လိုက်တာဖြစ်ပါတယ်။
မှော်ဝမ်းကြီးကျေးရွာအနီးက မော်မောင်းမှော်မှာ နွံကန် ကျိုးပေါက်မှု ဖြစ်ပြီးတဲ့နောက် မြန်မာ့ ကျောက်မျက်ရတနာ ရောင်းဝယ်ရေး လုပ်ငန်းဌာန ဦးဆောင်ညွှန်ကြားရေးမှူး လာရောက်ကွင်း ဆင်း စစ်ဆေးပြီး၊ အခင်းဖြစ်ပွားရာ အနီးဝန်းကျင်မှာ တူးဖော်နေတဲ့ ကုမ္မဏီ နဲ့ လုပ်ကွက်တွေကို လုပ်ငန်း ရပ်ဆိုင်းဖို့ ဧပြီ ၂၆ ရက်က ညွှန်ကြားလာတယ်လို့ ဖားကန့်မြို့ခံ ကိုဇော်မိုးထက်က ပြောပါတယ်။
" ၂၆ ရက် စာပို့တာပါ။ လုပ်ငန်းတွေ ရပ်ခိုင်းထားဖို့ ညွှန်ကြားပေမဲ့ ဘယ်ကာလအထိ ဆိုတာတော့ မပါဘူး။ ညွှန်မှူးတွေ လာစစ်ပြီး စာထွက်လာတာ၊ အနီးနားက အန္တရာယ် ရှိနိုင်တဲ့ ကျောက်လုပ်ကွက်တွေကိုပါ နားခိုင်းထားတာလို့" ကိုဇော်မိုးထက်က ပြောပါတယ်။
ကျောက်စိမ်းတူးဖော်ရေး ကုမ္ပဏီ တခုမှာ လုပ်သား ၅၀၀ ကနေ ၃၀၀ ကျော် အထိ ရှိပြီး ကုမ္ပဏီတွေက အချိန်ပိုင်း လုပ်ကိုင်ခွင့်နဲ့ တူးဖော်နေကြတဲ့ ရေမဆေးသမားတွေ ဒေသခံ တနိုင်တပိုင် ကျောက်တူးသူတွေလည်း ရှိလို့ ရေမဆေးသမားတွေနဲ့ အလုပ်သမားတွေမှာ အခက်အခဲတွေ ရှိလာနိုင်မယ်လို့ သူက ဆက်ပြောပါတယ်။
ဖားကန့်မှာ ဖြစ်ပွားခဲ့တဲ့ နွံကန် ကျိုးပေါက်မှု ဖြစ်ပြီးတဲ့နောက် ကျောက်စိမ်းတူးဖော်ရေး လုပ်ကွက်တွေမှာ ဝင်ရောက် တူးဖော်ခွင့်တွေကို ကန့်သတ်လာလို့ ရေမဆေး ရှာဖွေသူတွေနဲ့ တပိုင်တနိုင် တူးဖော်နေကြတဲ့ ဒေသခံတွေက အခက်အခဲ တွေ့နေရတယ်လို့ ပြောပါတယ်။
နွံကန် ကျိုးပေါက်မှု မဖြစ်ပွားခဲ့တဲ့ စွန့်ပစ် မြေစာပုံတွေမှာ ကျောက်ရှာတဲ့သူတွေ နည်းပါးပေမယ့် အခင်းဖြစ်ပြီးတဲ့ နောက်ပိုင်းမှာ လုပ်ကွက်အတွင်း ကျောက်ရှာသူတွေကပါ မြေစာပုံတွေမှာ လာရောက်ရှာဖွေတာမို့ ကျောက်စိမ်းရှာရတာ အခက်အခဲရှိတယ်လို့ မော်မောင်းမှော်အနီး မှော်ဝမ်းကလေး ကျေးရွာမှာ နေထိုင်တဲ့ မဒါနူးမိုင်က ပြောပါတယ်။
" အရင်ကဆို ၂ ရက် လောက် ဆို ၅ သောင်း ၆ သောင်း ရတဲ့ ကျောက် ၃၊ ၄ လုံး ရတယ်။ နွံကန် ပြိုပြီးကတည်းက အခုထိကို ကျောက်တစ်လုံးမှ မရသေးဘူး။ မြေစာပုံတွေမှာ အရင်ကဆို မနက် ၁၀ နာရီလောက်ဆို ကျောက်ရှာသူက ဆယ်ဂဏန်းလောက်ပဲ ရှိတာ၊ အခုက လူ ရာထောင်ချီ လာရှာနေကြတယ်" လို့ မဒါနူးမိုင်က ပြောပါတယ်။
မှော်ဝမ်းကြီးကျေးရွာအနီးက မော်မောင်းမှော် ကျောက်စိမ်းတူးဖော်ရေး လုပ်ကွက်မှာ ပြီးခဲ့တဲ့ ဧပြီ ၂၂ ရက် နွံကန်ကျိုးပေါက်ခဲ့လို့ ကျောက်တူးဖော်ရေး ဝန်ထမ်းပေါင်း ၅၅ ဦး နွံကန်ရည်ဖုံးပြီး နစ်မြုပ်သေဆုံးခဲ့တယ်လို့ ဖားကန့်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးတင့်စိုးက ပြောပါတယ်။
နွံကန်ကျိုးပေါက်ခဲ့လို့ ကျောက်တူးဖော်ရေး ကုမ္ပဏီ ၅ ခု က ဝန်ထမ်း ၅၅ ဦးနဲ့ အတူ မြေသယ်ကား ၁၀ စီး ၊ ဘက်ဟိုး ၁၀ စီး ၊ မြေတူးစက် ၅ ပါ နွံကန်အောက် နစ်ဝင်ပျောက်ဆုံး ခဲ့တယ်လို့ ဦးတင့်စိုးက ပြောပါတယ်။
အခုအချိန် အထိ သေဆုံးသူတွေရဲ့ ရုပ်အလောင်း ၆ လောင်း ကို ဆယ်ယူ ရရှိထားပြီး ကျန်ရှိနေသေးတဲ့ ရုပ်အလောင်းတွေ ရှာဖွေကယ်ဆယ်တဲ့ လုပ်ငန်းတွေကိုတော့ ကယ်ဆယ်မယ့်သူတွေ အတွက် အန္တရာယ် ဖြစ်လာစေနိုင်လို့ သက်ဆိုင်ရာကရပ်နားခိုင်းထားတယ်လို့ သူက ဆက်ပြောပါတယ်။
မကြာခင်လည်း မိုးရာသီကာလရောက်တော့မှာ ဖြစ်လို့ ကျောက်တူးဖော်ရေးလုပ်ငန်းခွင်တချို့ဟာ မေလလယ်ကနေ အောက်တိုဘာလ အထိ လုပ်ငန်းယာယီ ရပ်နားထားဖို့ ပြင်ဆင်နေကြပြီလို့ ဦးတင့်စိုးက ဆိုပါတယ်။