ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ရိုက်တာသတင်းထောက် ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ကို UNESCO သတင်းလွတ်လပ်ခွင့်ဆု ချီးမြှင့်
ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနဲ့ ယဉ်ကျေးမှုအဖွဲ့ - ယူနက်စကို (UNESCO) က ပေးအပ်တဲ့ UNESCO/Guillermo Cano Press Freedom Prize 2019 ဆု ကို ရိုက်တာသတင်းထောက် ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ ရရှိတယ်လို့ ဧပြီ ၁၀ ရက်မှာ သတင်းထုတ်ပြန် ကြေညာပါတယ်။
မြန်မာနိုင်ငံမှာ သတင်းမှန် ဖော်ထုတ်ရေးသားခွင့် ရဖို့ သူတို့ ၂ ဦးရဲ့ သတ္တိရှိရှိ အားထုတ်ကြိုးပမ်းခဲ့တာကို လေးစား ဂုဏ်ပြုတဲ့ အနေနဲ့ ပေးအပ်တာ ဖြစ်တယ်လို့ UNESCO ရဲ့ ထုတ်ပြန်ကြေညာချက်မှာ ဖေါ်ပြပါတယ်။
သတင်းထောက် ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ဟာ ၂၀၁၇ ခုနှစ် အတွင်း ပဋ္ဋိပက္ခ ဖြစ်ပွားခဲ့တဲ့ ရခိုင်ပြည်နယ် မြောက်ပိုင်းက အင်းဒင် လူသတ်မှု သတင်းကို စုံစမ်းဖော်ထုတ် ရေးသားနေချိန်မှာ အဖမ်းခံခဲ့ရပါတယ်။
အဖမ်းခံရပြီးနောက်မှာ ကိုဝလုံးနဲ့ ကိုကျော်စိုးဦး တို့ကို နိုင်ငံတော် လျှို့ဝှက်ချက် အက် ဥပဒေနဲ့ တရားစွဲဆိုခဲ့ပြီး ၂၀၁၈ စက်တင်ဘာလ ၃ ရက်မှာ မြောက်ပိုင်းခရိုင် တရားရုံးကနေ ထောင် ၇ နှစ် စီ ပြစ်ဒဏ် ချမှတ်ခဲ့ပါတယ်။
ပြစ်ဒဏ်ချခံရတဲ့အပေါ် ရန်ကုန်တိုင်းဒေသကြီး တရားရုံးမှာ အယူခံ တင်ခဲ့ရာမှာ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၁ ရက်က တိုင်းတရားရုံးက သူတို့ရဲ့ အယူခံကို ပယ်ချခဲ့ပါတယ်။
တိုင်းတရားရုံးက အယူခံ ပယ်ချခဲ့လို့ နေပြည်တော် တရားလွှတ်တော်ချုပ်ရုံးမှာ သတင်းထောက် နှစ်ယောက်ရဲ့ အယူခံ တင်ခဲ့ရာမှာ ၂၀၁၉ မတ်လ ၂၆ ရက်က လျှောက်လဲချက် ပေးခဲ့ပြီး အယူခံ ဆုံးဖြတ်ချက်ကို ၂ လ အကြာမှ ဆုံးဖြတ်ချက် ချမှတ်မှာ ဖြစ်တယ်လို့ သူတို့တွေရဲ့ ရှေ့နေက ပြောပါတယ်။
ကိုဝလုံးနဲ့ ကိုကျော်စိုးဦးဟာ ၂၀၁၈ ခုနှစ်အတွက် တိုင်းမ် မဂ္ဂဇင်းကြီးက ရွေးချယ်တဲ့ Person of the Year 2018 (၂၀၁၈ ရဲ့အထင်ရှားဆုံးပုဂ္ဂိုလ်) အမည်စာရင်းမှာ ပါဝင်ရွေးချယ် ခံခဲ့ရပါတယ်။ အဲဒီဆုဟာ သတင်းမီဒီယာ အလုပ် လုပ်ရင်း သူတို့တွေ ထောင်ထဲ ရောက်သွားခဲ့တာကို အသိအမှတ်ပြု ရွေးချယ်တာ ဖြစ်ပါတယ်။