ဒေတာကုန်ကျမှုလျှော့ချနိုင်ရန်အတွက် ယခုဝက်ဘ်ဆိုက်မှ စာမျက်နှာများကို ရုပ်ပုံမပါ စာသားဖြင့်သာတင်ဆက်ပေးထားပါသည်။ ရုပ်ပုံ ဗီဒီယိုများနှင့် ကြည့်လိုလျှင် မူလစာမျက်နှာတွင်ကြည့်နိုင်ပါသည်။
ရိုက်တာသတင်းထောက်တွေအမှု သုံးသပ်ချက်စာတမ်း သမ္မတထံ မီဒီယာအဖွဲ့တွေ ပေးပို့
နိုင်ငံတော်လှို့ဝှက်ချက် အက်ဥပဒေနဲ့ ထောင်ဒဏ် ၇ နှစ် ချမှတ်ခံထားရတဲ့ ရိုက်တာသတင်းထောက် ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ရဲ့ အမှုနဲ့ ပတ်သက်ပြီး မီဒီယာအသင်းအဖွဲ့ ၈ ဖွဲ့က ဥပဒေရှုထောင့်နဲ့ မီဒီယာရှုထောင့်တို့ကနေ သုံးသပ်ထားတဲ့ သုံးသပ်ချက် တစ်စောင် ပြုစု ရေးသားပြီး သမ္မတဆီကို ပေးခဲ့တယ်လို့ ပေးပို့ခဲ့တဲ့ မီဒီယာ အသင်းအဖွဲ့ဝင်တွေက ဘီဘီစီကို ပြောပါတယ်။
ဒီအမှုနဲ့ ပတ်သက်လို့ သမ္မတအနေနဲ့ ပြန်လည်သုံးသပ်စေလိုတဲ့ ရည်ရွယ်ချက်နဲ့ အခုလို ပေးပို့ခဲ့တာလို့ လက်မှတ်ရေးထိုး ပေးပို့ခဲ့တဲ့ အဖွဲ့ တစ်ဖွဲ့ ဖြစ်တဲ့ မြန်မာဂျာနယ်လစ်ကွန်ရက်ရဲ့ အတွင်းရေးမှူး ဒေါ်ဝေမာသိမ့်က ပေးစာရဲ့ ရည်ရွယ်ချက်ကို ပြောပါတယ်။
သမ္မတ ဆီပေးပို့ခဲ့တဲ့ ဒီသုံးသပ်ချက်စာစောင်မှာ ပြည်ထောင်စုရှေ့နေများနဲ့ ဥပဒေအထောက်အကူပြုအဖွဲ့၊ မြန်မာမီဒီယာ ရှေ့နေများကွန်ရက်၊ မြန်မာဂျာနယ်လစ်ကွန်ရက် အပါအဝင် နယ်အသီးသီးက မီဒီယာကွန်ရက်စုစုပေါင်း ၈ ဖွဲ့ ပူးပေါင်းပါဝင် လက်မှတ်ရေးထိုးထားပါတယ်။
သတင်းထောက်တွေကို တရားစွဲဆိုခဲ့တဲ့ အစိုးရလျှိုဝှက်ချက်အက်ဥပဒေမှာ ကမ္ဘာစစ်ကာလက သူလျှိုတွေ အပြန်အလှန် စေလွှတ်တာကို တားမြစ်နိုင်ဖို့ ပြဋ္ဌာန်းခဲ့တာ ဖြစ်ပြီး နည်းပညာ တိုးတက်လာတဲ့ မျက်မှောက်ခေတ်မှာ ပြန်လည်သုံးသပ်ဖို့ လိုနေတယ်လို့ အဲဒီ စာက ဆိုထားပါတယ်။
ထောင်ဒဏ် ကျခံနေရတဲ့ သတင်းထာက် ၂ ယောက်ဟာ ရိုက်တာ သတင်းဌာနရဲ့ လခစား သတင်းထောက်တွေ ဖြစ်လို့ သတင်းမီဒီယာ ဥပဒေအရသာ အရေးယူဖို့လည်း တောင်းဆိုထားပါတယ်။
အစိုးရလျှို့ဝှက်ချက် အက်ဥပဒေ ကို အထူး ဥပဒေ တရပ် အဖြစ် ၁၉၂၃ ခုနှစ်က ထုတ်ပြန်ခဲ့ပြီး မြန်မာနိုင်ငံ သတင်းမီဒီယာဥပဒေကို ၂၀၁၄ ခုနှစ်တွင် အတည်ပြုခဲ့တာ ဖြစ်တဲ့အတွက် ၁၉၇၃ ခုနှစ်က ထုတ်ပြန်ထားတဲ့ စကားရပ်များ အနက် အဓိပ္ပာယ် ဖွင့်ဆိုရေး ဥပဒေ ပုဒ်မ ၃ (ဆ) အရ ရှေးဦးကျတဲ့ ဥပဒေပြဋ္ဌာန်းချက်တစ်ရပ်နဲ့ နောက်ကျတဲ့ ဥပဒေပြဋ္ဌာန်းချက် တစ်ရပ်တို့ ဆန့်ကျင် ကွဲလွဲနေရင် နောက်ကျတဲ့ ဥပဒေပြဋ္ဌာန်းချက်ကို အတည်ယူဖို့ လိုကြောင်းလည်း ထောက်ပြထားပါတယ်။
မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီက ထုတ်ပြန်ထားတဲ့ သတင်းမီဒီယာကျင့်ဝတ် အပိုဒ် ၃ (ခွဲ-၁) မှာ ပါရှိတဲ့ မီဒီယာဌာနတစ်ခုဟာ ပေါက်ကြားလာတဲ့ ဌာနဆိုင်ရာနဲ့ အခြားသတင်းအချက်အလက်များ (ဥပမာ -နိုင်ငံရေးသမားများနှင့် ပြည်သူ့ဝန်ထမ်းများထံက အချက်အလက်များ) ကို အများပြည်သူ အကျိုးစီးပွား ဖြစ်စေတယ်လို့ ခိုင်လုံပါက လူသိရှင်ကြား ထုတ်ဖော်ရမယ့် ပရော်ဖက်ရှင်နယ် တာဝန်ရှိပြီး မီဒီယာကျင့်ဝတ်က ဒီတာဝန်ဝတ္တရားတွေကို ထောက်ခံတယ်လို့ ဖော်ပြထားတဲ့ အတွက် အခု ဖမ်းဆီး ထောင်ချခံထားရတဲ့ သတင်းထောက် နှစ်ယောက်ဟာ သတင်းမီဒီယာ ဥပဒေကိုလည်း ချိုးဖောက်တာမျိုး မရှိကြောင်း သမ္မတထံ ပေးပို့တဲ့ သုံးသပ်ချက် စာစောင်မှာ ရေးသားထားပါတယ်။
သတင်းသမားတွေကို နိုင်ငံတော်လျှို့ဝှက်ချက် ဥပဒေနဲ့ တရားစွဲတာဟာ သတင်းအမှန်တွေရေးသား ထုတ်ဖော်ဖို့အတွက် အဟန့်အတားဖြစ်စေပြီး အဲဒီလို ပြစ်ဒဏ်တွေ ချမှတ်လိုက်တဲ့အတွက် သတင်းသမားတွေက စိုးရိမ်စိတ်တွေဖြစ်နိုင်သလို အယ်ဒီတာ့ မူဝါဒပိုင်းဆိုင်ရာ စဉ်းစားတဲ့အခါမှာလည်း အဟန့်အတားတွေဖြစ်သွားနိုင်လို့ ဒါဟာ သတင်းမီဒီယာတစ်ခုလုံးကို ခြိမ်းခြောက်ရာ ရောက်တယ်လို့ မြန်မာဂျာနယ်လစ်ကွန်ရက်ရဲ့ အတွင်းရေးမှူး တစ်ဦးဖြစ်သူ မဝေမာသိမ့်က ဘီဘီစီကို ပြောပါတယ်။
သတ်ဖြတ်မှုတွေ မဖြစ်ပွားခဲ့ရင် မည်သည့် သတင်းမှလည်း ထွက်ပေါ်လာမှာ မဟုတ်ဘဲ ကမ္ဘာ့အလယ်မှာ နိုင်ငံသိက္ခာကျရခြင်း၏ ဇာစ်မြစ်မှာ သတင်းထောက်တွေ ရေးသားခဲ့တဲ့ သတင်းတွေကြောင့် မဟုတ်ဘဲ အစုလိုက် အပြုံလိုက် သတ်ဖြတ်ခဲ့မှုကြောင့်သာ ဖြစ်ကြောင်း မီဒီယာ အဖွဲ့အစည်းများက သုံးသပ်တွေ့ရှိရတယ်လို့ သမ္မတထံ ပေးပို့ခဲ့တဲ့ သုံးသပ်ချက်ရဲ့အဆုံးသတ်မှာ ဖော်ပြထားပါတယ်။
ဒီသုံးသပ်ချက်စာကို နိုဝင်ဘာလ ၂၃ ရက်နေ့ နေ့လယ်ပိုင်းက နေပြည်တော်မှာ ကျင်းပခဲ့တဲ့ မြန်မာသတင်းမီဒီယာကောင်စီရဲ့ အလုပ်အမှုဆောင်သစ်များရဲ့ နိုင်ငံတော်သမ္မတထံ ကတိသစ္စာ ကျိန်ဆိုပွဲမှာ ပေးအပ်ခဲ့တာ ဖြစ်ပါတယ်။
ဒီနေ့မှာပဲ ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ မိသားစုဝင်တွေကလည်း သမ္မတ ဦးဝင်းမြင့် ဆီကို ဒီအမှုနဲ့ ပတ်သက်ပြီး မေတ္တာရပ်ခံစာ တစ်စောင် ပေးပို့ခဲ့တယ်လို့ ကိုဝလုံးရဲ့ ဇနီးဖြစ်သူ မပန်းအိမွန်က ဘီဘီစီကို ပြောပါတယ်။