ရခိုင်ပြည်နယ်တွင်း ၂၀၁၇ အာဆာတိုက်ခိုက်မှုအတွက် စစ်ဆေးရေးခုံရုံးကို တပ်မတော်က ဘာကြောင့် ဖွဲ့တာလဲ

ဒီစုံစမ်းစစ်ဆေးရေး ခုံရုံးကို ဗိုလ်ချုပ်မြတ်ကျော်က ဦးဆောင်ပြီး အဖွဲ့ဝင် ၂ ဦးနဲ့ မတ် ၁၈ ရက်နေ့ ကနေ စတင်လို့ ထပ်မံ စစ်ဆေး ဆောင်ရွက်မယ်လို့ တပ်မတော် သတင်းမှန်ပြန်ကြားရေး အဖွဲ့က ထုတ်ပြန်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Reuters

ဓာတ်ပုံ ပုံစာ, ဒုက္ခသည် ၇ သိန်းကျော် ဘင်္ဂလားဒေ့ရှ်ကို ထွက်ပြေးခဲ့ပြီးနောက် လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးမှုတွေ လုပ်ဖို့ နိုင်ငံတကာဘက်က ဖိအားပေးတာတွေ ဆက်တိုက်ရှိခဲ့ပါတယ်။

၂၀၁၇ ခုနှစ်က သြဂုတ်လက ရခိုင်ပြည်နယ်မှာ မောင်တောဒေသမှာ ဖြစ်ပွားခဲ့တဲ့ အာဆာ (Arakan Rohingya Salvation Army) တိုက်ခိုက်မှုနဲ့ ဆက်စပ်ဖြစ်စဉ်တွေ အပေါ် ထပ်စိစစ် အတည်ပြုဖို့ တပ်မတော်က စုံစမ်းစစ်ဆေးရေး ခုံရုံးဖွဲ့စည်းလိုက်ပါတယ်။

ဒီစုံစမ်းစစ်ဆေးရေး ခုံရုံးကို ဗိုလ်ချုပ်မြတ်ကျော်က ဦးဆောင်ပြီး အဖွဲ့ဝင် ၂ ဦးနဲ့ မတ် ၁၈ ရက်နေ့ ကနေ စတင် စစ်ဆေးဆောင်ရွက်မယ်လို့ တပ်မတော် သတင်းမှန်ပြန်ကြားရေး အဖွဲ့က ထုတ်ပြန်ပါတယ်။

တိုက်ခိုက်မှု ဖြစ်စဉ်တွေနဲ့ ဆက်စပ်ပြီး ၂၀၁၇ ခုနှစ် အောက်တိုဘာလမှာ ဒုတိယ ဗိုလ်ချုပ်ကြီး အေးဝင်း ခေါင်းဆောင်တဲ့ စုံစမ်းရေး အဖွဲ့ကို ဖွဲ့စည်း စစ်ဆေးခဲ့ပြီး တွေ့ရှိချက်တွေအရ နယ်မြေလုံခြုံရေး စီမံဆောင်ရွက်မှုနဲ့ လုံခြုံရေးသတင်းတွေ လက်ဦးရယူဖို့ အားနည်းချက်တွေကို တွေ့ရလို့ လိုအပ်သလို အရေးယူခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

ဒါပေမဲ့ တိုက်ခိုက်မှုဖြစ်စဉ်တွေနဲ့ ပတ်သက်လို့ စုံစမ်းစစ်ဆေးရေးအဖွဲ့ရဲ့ အစီရင်ခံစာတွေအပေါ် စစ်ဥပဒေချုပ်ရုံးရဲ့ သုံးသပ်အကြံပြုချက်တွေအရ ထပ်မံ စိစစ်ဖို့ လိုအပ်သလို နိုင်ငံတကာအဖွဲ့တွေဖြစ်တဲ့ လူ့အခွင့်အရေး စောင့်ကြည့်ရေး အဖွဲ့ (Human Rights Watch) ၊ အပြည်ပြည်ဆိုင်ရာ လွှတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ (Amnesty International) နဲ့ ကုလသမဂ္ဂ အချက်အလက်ရှာဖွေရေးအဖွဲ့တွေရဲ့ အစီရင်ခံစာတွေကို စစ်ဥပဒေချုပ်ရုံးက သုံးသပ်အကြံပြုချက်တွေအရ ထပ်မံ စိစစ် အတည်ပြုဖို့ လိုတဲ့အတွက် အခုလို ဖွဲ့စည်းလိုက်တာလို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

တပ်မတော်ရဲ့ နယ်မြေ ရှင်းလင်း စစ်ဆင်မှုတွေကြောင့် ရိုဟင်ဂျာ သိန်းပေါင်းများစွာ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက် ထွက်ပြေးခဲ့ရတယ်လို့ ကုလသမဂ္ဂ ပြော

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, စုံစမ်းစစ်ဆေးရေး ခုံရုံးကို ဗိုလ်ချုပ်မြတ်ကျော်က ဦးဆောင်ပြီး မတ် ၁၈ ရက်နေ့ ကနေ စတင် စစ်ဆေး ဆောင်ရွက်မယ်လို့ တပ်မတော် သတင်းမှန်ပြန်ကြားရေး အဖွဲ့က ထုတ်ပြန်ပါတယ်။

ရခိုင်အရေးမှာ လူ့အခွင့်အရေးချိုးဖောက်မှုနဲ့ပတ်သက်တဲ့ စွပ်စွဲချက်တွေကို စုံစမ်းစစ်ဆေးဖို့ အစိုးရက စုံစမ်းစစ်ဆေးမှုတွေလုပ်နေချိန်မှာ တပ်မတော်က အခုလို စစ်ဆေးရေး ခုံရုံးဖွဲ့လိုက်တာဟာ တပ်မတော်နဲ့ဆိုင်တဲ့ ဥပဒေတွေနဲ့ ဒီကိစ္စကို အရေးယူချင်တဲ့သဘောဖြစ်တယ်လို့ စစ်ရေးဆိုင်ရာတွေကို လေ့လာသုံးသပ်နေတဲ့ သေနင်္ဂမဟာဗျူဟာ လေ့လာရေးအဖွဲ့ရဲ့ အမှုဆောင် ညွန်ကြားရေးမှူး ဦးနိုင်ဆွေဦးက သုံးသပ်ပါတယ်။

ဒါ့အပြင် ဒီလို စုံစမ်းရေးအဖွဲ့တွေကို ဖွဲ့စည်းတာဟာ နိုင်ငံတကာရဲ့ ဖိအားတွေကို တန်ပြန်ဖို့ အတွက် တပ်မတော်ဘက်က လုပ်ဆောင်တာ ဖြစ်တယ်လို့လည်း သူက ပြောပါတယ်။

ရခိုင်ပဋိပက္ခဖြစ်ပွားခဲ့ပြီးတဲ့နောက် လူ ၇ သိန်းကျော် အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်ကို ထွက်ပြေးခိုလှုံနေတယ်လို့ ကုလသမဂ္ဂက ထုတ်ပြန်ထားပါတယ်။

ဒီဖြစ်ရပ်နဲ့ပတ်သက်ပြီး လူ့အခွင့်အရေး ချိုးဖောက်သူတွေကို အရေးယူဖို့ နိုင်ငံတကာ အသိုင်းအဝိုင်းက အာရုံစိုက် လုပ်ဆောင်လာခဲ့ပါတယ်။

ကုလသမဂ္ဂလုံခြုံရေး ကောင်စီမှာသာမက နိုင်ငံတကာရာဇဝတ်ခုံရုံး(အိုင်စီစီ)မှာ မြန်မာကို အရေးယူဖို့ အထိ နိုင်ငံတကာဘက်က တင်ပြ တောင်းဆိုမှုတွေ ရှိလာပါတယ်။

မြန်မာနိုင်ငံက အိုင်စီစီအဖွဲ့ဝင်နိုင်ငံမဟုတ်ပေမယ့်လည်း ရခိုင်အရေးကို အိုင်စီစီက စုံစမ်းဖို့ ကော်မရှင်တွေ ဖွဲ့ခဲ့ပြီး အိုင်စီစီက ကိုယ်စားလှယ်တွေက ဘင်္ဂလားဒေ့ရှ် နိုင်ငံကို ပြီးခဲ့တဲ့ သီတင်းပတ်တွေက လာရောက် စုံစမ်းမှုတွေ အထိ လုပ်ဆောင်လာပါတယ်။

ဒါ့ကြောင့် ဒီအချိန်မှာ ငြင်းဆန်တာမျိုးမဟုတ်ဘဲ မြန်မာဘက်ကလည်း စုံစမ်းစစ်ဆေးမှုတွေ၊ အရေးယူဆောင်ရွက်မှုတွေ လုပ်မယ်ဆိုတာကို ပြသဖို့ အတွက် ခြေတစ်လှမ်း လှမ်းအနေနဲ့ အခုလို ခုံရုံးကို ဖွဲ့လိုက်တာလို့ မြင်ကြောင်း ညီမျှခြင်း မြန်မာ လူ့အခွင့်အရေး အဖွဲ့ ညွန်ကြားရေးမှူး ဦးအောင်မျိုးမင်းက ပြောပါတယ်။

ကုလသမဂ္ဂဆိုင်ရာ မြန်မာ အမြဲတမ်း သံအမတ် ဦးဟောက်ဒိုစွမ်း

ဓာတ်ပုံ ရင်းမြစ်, INFORMATION COMMITTEE

ဓာတ်ပုံ ပုံစာ, ရခိုင်အရေးနဲ့ပတ်သက်ပြီး ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ သံအမတ်ကြီး ဦးဟောက်ဒိုဆွမ်းလည်း အကြိမ်ကြိမ် ရှင်းလင်းပြောဆိုခဲ့ရပါတယ်။

ဒါ့အပြင် နိုင်ငံတကာရဲ့ စုံစမ်းတွေ့ရှိချက်တွေက ကောင်းကင်ကနေ မြေပြင်ကို ရိုက်ကူးထားတဲ့ ဂြိုဟ်တုဓာတ်ပုံ အထောက်အထားတွေ၊ ကြုံတွေရတဲ့ သူတွေကို မေးမြန်းချက် စတဲ့ အထောက်အထားတွေကို ပြန်ရေးသားထားကို တွေ့ရပြီး မြန်မာဘက်က စုံစမ်းစစ်ဆေးမှုတွေက ဒီလို ဖြစ်ရပ်မျိုးတွေ မရှိဘူးဆိုပြီး ငြင်းဆိုချက်တွေကို တွေ့ရတယ်လို့ သူက ပြောပါတယ်။

စွပ်စွဲချက်တွေကို မြန်မာဘက်က မှားယွင်းတယ်ပြောပေမယ့် ဒီလို ပြောဆိုမှုဟာ ဖြေရှင်းချက်သာ ဖြစ်ပြီး ဘာကြောင့် မှားယွင်းတယ်ဆိုတာကို ပြောနိုင်ဖို့အတွက် တိကျခိုင်မာမှု မရှိဘူးလို့ ဦးအောင်မျိုးမင်းက ဆိုပါတယ်။

ဖွဲ့စည်းလိုက်တဲ့ ခုံရုံးရဲ့ တွေ့ရှိချက်ကို နိုင်ငံတကာမပြောနဲ့၊ ပြည်တွင်းက အဖွဲ့တွေကတောင် ယုံကြည်ဖို့ ခက်ခဲသလို ကျူးလွန်တယ်ဆိုပြီး စွပ်စွဲခံနေရတာ တပ်မတော်ကို စုံစမ်းတဲ့သူတွေကလည်း တပ်မတော် ဖြစ်နေတာကြောင့် တချို့အတွက် ယုံကြည်နိုင်ဖို့ ခဲယဉ်းတယ်လို့ သူက ပြောပါတယ်။

ဒါ့အပြင် အရင်က စုံစမ်းစစ်ဆေး အရေးယူ ဆောင်ရွက်မှုတွေ ရှိခဲ့တာကိုလည်း ပွင့်လင်းမြင်သာမှုရှိရှိ သတင်းအချက်အလက် ထုတ်ပြန်ပေးတာ အားနည်းတယ်လို့လည်း သူက ထောက်ပြပါတယ်။

၂၀၁၇ ခုနှစ် သြဂုတ် ၂၅ ရက်က အာဆာအဖွဲ့ဟာ ရခိုင်ပြည်နယ် ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင် ဒေသမှာ ရှိတဲ့ တပ်မတော် တပ်ဌာနချုပ်တစ်ခု၊ ရဲကင်းစခန်း ၃၀ နဲ့ ရခိုင်တိုင်းရင်းသားကျေးရွာတွေကို တစ်ပြိုင်တည်း ဝင်တိုက်ခဲ့ပြီး စစ်သည် ၁ ဦး၊ ရဲတပ်ဖွဲ့ဝင် ၁၀ ဦး၊ လူဝင်မှုကြီးကြပ်ရေး ဝန်ထမ်း ၁ ဦး အသက်ဆုံးရှုံးခဲ့ရတယ်လို့ ခုံရုံးဖွဲ့တဲ့ တပ်မတော်ရဲ့ ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။