လုံခြုံရေးကောင်စီမှာ ဘင်္ဂလားဒေ့ရှ်ဘက်က စွပ်စွဲမှုကို မြန်မာ သံအမတ်ကြီး ဦးဟောက်ဒိုဆွမ်း တုံ့ပြန်

ဓာတ်ပုံ ရင်းမြစ်, MOI Web Portal Myanmar FB
ရခိုင်ပြည်နယ်ကနေ ဘင်္ဂလားဒေ့ရှ် ကို ထွက်ပြေးသွာခဲ့ကြတဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေကို ပြန်လက်ခံရေးနဲ့ပတ်သက်လို့ ဖေဖော်ဝါရီလ ၂၈ ရက်နေ့က ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေး ဝန်ကြီး က မြန်မာအစိုးရကို အပြစ်တင်ခဲ့ပါတယ်။
ပြန်လည်လက်ခံရေး ဆွေးနွေးညှိနှိုင်းပွဲတွေမှာ မြန်မာဘက်က လက်တွေ့ လုပ်ရပ်မပါတဲ့ ကတိတွေပေးတယ်၊ အဟန့်အတားသဘောဆောင်တဲ့ နည်းလမ်းတွေ အသုံးပြုနေတယ် ဆိုပြီး ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေး ဝန်ကြီး က စွပ်စွဲပြောဆိုခဲ့ပါတယ်။
ဒီလို စွပ်စွဲပြောဆိုမှုတွေနဲ့ပတ်သက်လို့ မြန်မာနိုင်ငံရဲ့ ကုလသမဂ္ဂ ဆိုင်ရာ အမြဲတမ်း သံအမတ်ကြီး ဦးဟောက်ဒိုဆွမ်းကို ဘီဘီစီက ဆက်သွယ်မေးကြည့်ခဲ့ပါတယ်။
ဘီဘီစီ- သံအမတ်ကြီး အနေနဲ့ ဘယ်လိုတုံ့ပြန်ခဲ့ပါလဲ၊
ဦးဟောက်ဒိုဆွမ်း- ဒီဟာကတော့ ကျွန်တော်တို့ တောက်လျှောက် ပြောနေတာပဲ၊ ပြန်လည် လက်ခံဖို့ အတွက် နှစ်နိုင်ငံ သဘောတူထားချက်တွေ ရှိတယ်၊ အဲဒီ သဘောတူထားတဲ့ အချက်တွေ အရ ကျွန်တော်တို့က လုပ်နေတာ၊ ပူးတွဲ လုပ်ငန်း အဖွဲ့လည်း ဖွဲ့ထား ပြီးပြီ ။
အဲဒီ လုပ်ငန်း အဖွဲ့က နေ ပြန်လည် လက်ခံဖို့ စပြီးတော့ လုပ်နေတာ ဖြစ်တယ်၊ ပြီးခဲ့တဲ့နှစ်က နိုဝင်ဘာလ ၁၆ ရက်နေ့တုန်းကလည်းပဲ လက်ခံဖို့ လုပ်ပြီးတော့မှ သူတို့ဆီက ဘယ်သူမှ ပြန်မလာဘူး ဘာဘူး ဆိုပြီး အဲလိုဖြစ်သွားတာ၊ ကျွန်တော်တို့ဘက်က အဆင်သင့်စောင့်နေတာပဲ။ သူတို့ ဘက်က အကြောင်း အမျိုးမျိုး ရှိတာပေါ့နော်။
တကယ်တမ်း ပြောရမယ် ဆိုရင် ကျွန်တော်တို့ စိစစ်ပြီးသားလူတွေထဲကနေပြီးတော့ သေချာပေါက် ပြန်လာချင်တဲ့ သူတွေ စာရင်းလည်း ကျွန်တော်တို့ပေးထားတာ ရှိတယ်၊ ဒါပေမဲ့ အဲဒီလူတွေကို သူတို့က စာရင်းထဲမှာ မထည့်ဘူး၊ မထည့်ဘဲနဲ့ သူတို့ ပေးချင်တဲ့ စာရင်းတွေ ပေးပြီးတော့ အဲဒီလူတွေ ကျတော့လည်း သေသေချာချာ ပြောထားတာ မရှိတဲ့ အပြင်ကို သူတို့က စခန်း တွေထဲမှာလည်း ပြန်မသွားအောင် လှုံ့ဆော်တာတွေ ရှိတယ်။
NGO တွေရော၊ အာဆာ အဖွဲ့တွေရော မပြန်နဲ့ ဆိုပြီးတော့ ပြောနေကြတာတွေ ရှိတယ်လေ၊ အဲဒီတော့ အဲဒါတွေကြောင့် ပြန်မလာတဲ့ဟာကို ပြီးတဲ့အခါကျတော့ ကျွန်တော်တို့ကို ပြန်ပြီးတော့ အပြစ်တင် တာပေါ့နော်၊ အဲဒီ အခြေအနေ ရှိတယ်၊ အဲဒီတော့ ကျွန်တော်တို့ ဘက်ကတော့ တားဆီးတာ ဘာမှ မရှိဘူး၊ နှစ်ဘက် သဘောတူညီထားတဲ့ သဘောတူညီချက် အတိုင်း ကျွန်တော်တို့က ဒီဘက်က ပြင်ဆင် ထားတယ်၊ ဒါပေမဲ့ တဘက်သတ်ပဲ သူတို့က အဆင်သင့် မဖြစ်ဘူး ဆိုတဲ့ စကား အဲဒါ ဒါကိုပဲ အကြောင်းပြပြီးတော့ ပြန်လာချင်တဲ့လူကိုလည်း ပြန်မလာနိုင်အောင် တားဆီးတာတွေပေါ့ ၊ သူတို့ဘက်က လုပ်နေတာ၊ ကျွန်တော်တို့ ဘက်ကတော့ အတားအဆီး သဘောမျိုး မရှိဘူး။

ဓာတ်ပုံ ရင်းမြစ်, Reuters
ဘီဘီစီ- ဒီလို အခြေအနေတွေနဲ့ ပတ်သက်လို့ရော သံအမတ်ကြီးတို့ အနေနဲ့ လုံခြုံရေး ကောင်စီတို့ ကုလ သမဂ္ဂ တို့မှာ အခု ပြောဆိုနေကြသူတွေ သိအောင် ပြန်လည် တုံ့ပြန်တာမျိုးတွေရောရှိပါလား။
ဦးဟောက်ဒိုဆွမ်း- တောက်လျှောက် ကျွန်တော်တို့ ပြောနေတာပဲ၊ စာတွေလည်း ဖြန့်တယ်၊ ကျွန်တော်တို့ရဲ့ ပြင်ဆင်ဆောင်ရွက်ထားမှု အခြေအနေလေးတွေလည်း ကျွန်တော်တို့ ပြောတယ်၊ မနေ့က ဆိုရင် ကျွန်တော် ပြောတဲ့ အထဲမှာလည်း ထည့်ပြောပါတယ်။ လောလောဆယ် ရပ်ထားတာကလည်း သူတို့ပဲ ပြောတယ်၊ ရွေးကောက်ပွဲ ပြီးမှ ပဲ ဆက်ပြန်လုပ်မယ် ဆိုပြီး ပြောလို့ ကျွန်တော်တို့က အခု ရွေးကောက်ပွဲ ပြီးပြီ။ ကဲ အခု အစိုးရ သစ်လည်း ဖြစ်လာပြီပေါ့နော်၊ အဖွဲ့ အစည်း အဝေးကို လာမယ့် ဧပြီလမှာ လုပ်ကြမယ်၊ ဆိုပြီးတော့ ကျွန်တော်တို့က စပြီးတော့ ရှေ့ဆောင် လုပ်လိုက်ပြီလေ၊ သူတို့ကိုလည်း အကြောင်းကြားပြီးပြီ၊ တရားဝင် စာလည်း ပို့ပြီးသွားပါပြီ။
ဘီဘီစီ- ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူး ကိုယ်စားလှယ်ကလည်း လောလောဆယ်မှာ ဒုက္ခသည်တွေ ပြန်လာနိုင်လောက်တဲ့ အခြေအနေတွေ မရှိသေးဘူး၊ နောက်ပြီးတော့ သူတို့ အနေနဲ့လည်း ပြန်လာနိုင်ရေးနဲ့ ပတ်သက်ပြီးတော့ စုံစမ်းစစ်ဆေးနိုင်တဲ့ အနေအထား အလုံအလောက် မရှိဘူးလို့ ပြောပါတယ်။ ဒါနဲ့ ပတ်သက်လို့ရော မြန်မာ အစိုးရအနေနဲ့ရ ဘာများ ဆက်လုပ်ဖို့ ရှိပါလဲ၊
ဦးဟောက်ဒိုဆွမ်း- ဒါတွေက ကျွန်တော်တို့ အဆင်သင့် လုပ်ထားပြီးသား၊ UNHCR နောက် UNDP နဲ့ပေါ့နော်၊ ကျွန်တော်တို့ သုံးပွင့်ဆိုင် MOU ထိုးထားတာ ရှိပါတယ်။ အဲဒီ MOU အရ ပြန်လာမယ့်သူတွေ အဆင်ပြေအောင် ဘာတွေ လုပ်ပေးဖို့ လိုမယ် ဆိုတဲ့ ဟာတွေကို ကြိုတင်ပြီးတော့ ဆန်းစစ်ဖို့ အတွက် ဆိုပြီးတော့ ပရောဂျက်တွေ လုပ်ဖို့ ဆိုပြီး သဘောတူပြီး လုပ်လည်း လုပ်ပြီးပြီ၊ Quick Impact Project ပရောဂျက်က အမှန်အတိုင်းဆို ၇ဝ ကျော်ပေါ့လေ၊ ၇ဝ ကျော်မှာ သူတို့ ပြန်လည်ပြီး အခြေချမယ့် ကျေးရွာတွေမှာ လိုအပ်ချက်တွေ ပေါ့နော် လုံခြုံစွာနဲ့ ပြန်လာနိုင်ဖို့ အတွက် ဘာတွေ ပြင်ဆင်ပေးဖို့ လိုမလဲ ဆိုတဲ့ဟာတွေ၊ အဲဒီ Quick Impact Project တွေပေါ့၊ အဲဒါ ၃၅ နေရာပေါ့နော် အဲဒီမှာ အကောင်အထည်ဖော်ဖို့လည်း လုပ်ပြီးပြီ။ နောက်ထပ် ၃၆ ခုလည်း ကျွန်တော်တို့က အဆင်သင့် လုပ်ပေးထားပြီးပြီ။ အဆင်ပြေတဲ့ အချိန်မှာ ဆက်လုပ်ဖို့ အားလုံး ညှိနှိုင်းထားပြီးသား၊ ဒါပေမဲ့ လောလောဆယ် AA ကိစ္စ ဖြစ်ပေါ်လာတယ်ဗျာ၊ နယ်မြေ လုံခြုံရေး အခြေအနေက တိုက်တာ ခိုက်တာတွေ ဖြစ်လာပြီ ဆိုတဲ့ အခါကျတော့ သူတို့ပြောသလို နေရာတကာ သွားလို့ ရအောင် ဘယ်လိုလုပ် သွားလို့ ရမလဲ၊ သူတို့ အန္တရာယ်၊ ကိုယ်ကိုယ်တိုင်လည်း အန္တရာယ်ရှိတယ်၊ သူတို့ ကိုယ်တိုင်လည်း အန္တရာယ် ရှိတယ်။ ဒီအခြေအနေအရ လောလောဆယ်တော့ ခဏ ဆိုင်းထားတဲ့ သဘောပဲ ရှိတယ်။ ကျွန်တော်တို့ ဘက်က လုပ်စရာ ရှိတာတော့ လုပ်ထားပြီ။

ဓာတ်ပုံ ရင်းမြစ်, AFP/Getty Image
ဘီဘီစီ- ဘင်္ဂလားဒေ့ရှ်ဘက်ကနေ ကုလသမဂ္ဂ လုံခြုံရေး ကောင်စီကို ဒါတွေနဲ့ ပတ်သက်လို့ အရေးယူဖို့ ဆိုပြီးတော့ တောင်းဆိုတယ်လို့ သိရပါတယ်။ သူက ဘယ်လို တောင်း ဆိုတာလဲ၊ လုံခြုံရေး ကောင်စီ အနေနဲ့ရော ဘယ်လို ဆောင်ရွက်ဖို့ ရှိလဲ။
ဦးဟောက်ဒိုဆွမ်း- လုံခြုံရေး ကောင်စီက ဘာလုပ်လို့ ရမလဲဗျာ၊ အခု ဒီလောက် လုပ်တာပဲ လွန်လှပြီပဲ၊ အမှန်ကတော့ အခု ဒီ Humanitarian ကိစ္စမှာ လုံခြုံရေး ကောင်စီက တကယ်တမ်း ဆိုလို့ ရှိရင် ပွင့်ပွင့်လင်းလင်း ပြောရရင် တော့ မရှိဘူးဗျ။ လုံခြုံရေး ကောင်စီရဲ့ တာဝန် ဝတ္တရားက ကုလသမဂ္ဂရဲ့ ပဋိညာဉ် စာတမ်း အရ ဆိုရင် နိုင်ငံတကာ အေးချမ်း သာယာရေးနဲ့ လုံခြုံရေးကို ခြိမ်းခြောက်မယ့် အမှု ကိစ္စတွေ၊ လုံခြုံရေး ကိစ္စတွေ ဒါကို အဓိက တာဝန်ယူရမှာ၊ အခုက အဲလို ကိစ္စလည်း မဟုတ်ဘူးဗျာ၊ တဘက်နိုင်ငံ ထွက်ပြေးတဲ့ လူတွေ ကိစ္စတွေ ဖြစ်တယ် ဆိုတဲ့ဟာတွေ၊ ဒီဟာတွေက ကျွန်တော်တို့ နှစ်နိုင်ငံတည်း လုပ်နေတဲ့ ကိစ္စ၊ သို့သော်လည်းပဲ အခုခေတ် နိုင်ငံရေး၊ ကမ္ဘာ့ နိုင်ငံရေး အခြေအနေနဲ့ ကုလ သမဂ္ဂက သွားနေတဲ့ လမ်းကြောင်း ဘာတွေ ဖြစ်နေတယ် ဆိုတာလည်း ခင်ဗျားတို့ သိတာပဲဗျာ၊ ဒါပေမဲ့ အခုက သူတို့က အတင်း ဒီဟာကို ဖိအားပေးတဲ့ သဘောပါပဲ အမှန်ကတော့။










