လုံခြုံရေးကောင်စီမှာ ရိုဟင်ဂျာ အရေး မြန်မာဘက်ကို ဘင်္ဂလားဒေ့ရှ် ပြစ်တင်

ဓာတ်ပုံ ရင်းမြစ်, MUNIR UZ ZAMAN/AFP/Getty Images
မြန်မာဒုက္ခသည်တွေကို နောက်ထပ် လက်ခံနိုင်တဲ့ အခြေအနေ မရှိတော့ဘူးလို့ ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေး ဝန်ကြီး ရှဟီဒူဟက်ခ်က ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ ကြာသပတေးနေ့က ပြောလိုက်ပါတယ်။
နေ့ရပ်စွန့်ခွာသွားတဲ့ မွတ်စလင် ဒုက္ခသည်တွေ ပြန်လည်လက်ခံရေး ဆွေးနွေးညှိနှိုင်းပွဲတွေမှာ မြန်မာဘက်က လက်တွေ့ လုပ်ရပ်မပါတဲ့ ကတိတွေပေးပြီး ကဖျက်ယဖျက် သဘောဆောင်တဲ့ ချဉ်းကပ်မှု နည်းလမ်းတွေ အသုံးပြုနေတယ်ဆိုပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီးက ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ စွပ်စွဲပြောဆိုခဲ့ပါတယ်။
မြန်မာအစိုးရဘက်က ဒုက္ခသည်တွေ ပြန်လာနိုင်ဖို့ အခြေအနေမျိုး ဖြစ်အောင် ထောက်ပံ့ ဖန်တီးပေးမထားတာကြောင့် ရိုဟင်ဂျာ ဒုက္ခသည် တစ်ယောက်ကမှ ဆန္ဒအလျောက် ရခိုင်ပြည်နယ်ဘက်ကို ပြန်လိုတဲ့ ဆန္ဒမရှိဘူးလို့လည်း သူကဆိုပါတယ်။
ဒါပေမယ့် ရခိုင်ပြည်နယ်ကနေ နေရပ်စွန့်ခွာထွက်ပြေးခဲ့ကြသူတွေကို စိစစ်ပြီး ပြန်လည်လက်ခံဖို့ မြန်မာ ဘက်က အဆင်သင့် ဖြစ်နေပေမယ့် လုံခြုံရေး အကြောင်းပြချက်၊ နေရပ်ပြန်မယ့်သူ တွေက မပြန်လိုသေးဘူးဆိုတဲ့ အကြောင်းပြချက် စတာ တွေကို ဘင်္ဂလားဒေ့ရှ်ဘက်က ပြောဆိုပြီး အခုချိန်ထိ ပြန်မပို့သေးတာလို့ မြန်မာတာဝန်ရှိသူတွေဘက်က အစဉ်တစိုက် ပြန်လည် ဖြေရှင်းခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, DIBYANGSHU SARKAR/AFP/Getty Images
နေရပ်စွန့်ခွာသွားသူတွေကို ပြန်လည် လက်ခံရေး လုပ်ငန်းစဉ်ကို ဘင်္ဂလားဒေ့ရှ် နိုင်ငံ ဘက်က နှောင့်နှေးအောင် လုပ်ဆောင်မှု အပါအဝင် နှစ်နိုင်ငံ သဘောတူညီချက်တွေ အတိုင်း လိုက်နာ ဆောင်ရွက်မှု မရှိတာ စိတ်ပျက် စရာ ကောင်းတယ်လို့ မြန်မာနိုင်ငံရဲ့ ကုလသမဂ္ဂ ဆိုင်ရာ အမြဲတမ်း သံအမတ်ကြီး ဦးဟောက်ဒိုဆွမ်း က ဘီဘီစီကို ပြောခဲ့ဖူးပါတယ်။
ရိုဟင်ဂျာ ဒုက္ခသည်တွေ ဘက်ကတော့ ပြန်လာချိန်မှာ လုံခြုံမှု အာမခံနိုင်ဖို့နဲ့ နိုင်ငံသား အခွင့်အရေး အပြည့်အဝရဖို့ တောင်းဆိုနေကြတာပါ။
ဒုက္ခသည်တွေ ပြန်လာနိုင်တဲ့ အခြေအနေမရှိဘူးဆိုပြီး ကုလသမဂ္ဂကလည်း ထောက်ပြပါတယ်။
ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်က ခန့်အပ်တဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူး ကိုယ်စားလှယ် မစ္စ ခရစ်တင်း ရှရနာ ဘူဂနာကတော့ လက်ရှိမှာ ကုလသမဂ္ဂရဲ့ စုံစမ်း စစ်ဆေးနိုင်တဲ့ အနေအထားက "လုံလောက်မှု မရှိဘူး" လို့ လုံခြုံရေးကောင်စီမှာ ပြောခဲ့ပါတယ်။ မစ္စ ဘူဂနာဟာ ပြီးခဲ့တဲ့ ဇန်နဝါရီလက ရခိုင်ပြည်နယ် အပါအဝင် မြန်မာနိုင်ငံကို ၁၂ ရက်ကြာ ခရီး လာရောက်ခဲ့သူပါ။
ကြာသပတေးနေ့က လုံခြုံရေးကောင်စီမှာ ဗြိတိန် အပါအဝင် အနောက် အင်အားကြီး နိုင်ငံတွေက ဒုက္ခသည်ပြန်လည်လက်ခံရေးမှာ မြန်မာအစိုးရရဲ့ ပျက်ကွက်မှုတွေကို စိတ်ပျက်ကြောင်း ပြောဆိုကြပါတယ်။
မွတ်စလင် ဒုက္ခသည်တွေ ဂုဏ်သိက္ခာ ရှိရှိ၊ ဘေးကင်းလုံခြုံမှု အပြည့်နဲ့ နေရပ်ပြန်နိုင်ရေးနဲ့ ရခိုင်ပြည်နယ်ထဲကို ကုလသမဂ္ဂ အဖွဲ့အစည်းတွေ ခြွင်းချက် မရှိ ကျယ်ကျယ်ပြန့်ပြန့် သွားလာ လုပ်ကိုင် စစ်ဆေး နိုင်ခွင့်ကိုလည်း လုံခြုံရေး ကောင်စီအဖွဲ့ဝင်နိုင်ငံ အတော်များများက တောင်းဆိုကြပါတယ်။
ဒါပေမယ့် လုံခြုံရေးကောင်စီက အဖွဲ့ဝင် ၁၅ နိုင်ငံ ကြားမှာ ရိုဟင်ဂျင် ဒုက္ခသည် အရေးနဲ့ ပတ်သက်ပြီး အနောက်အင်အားကြီးနိုင်ငံတွေက တစ်ဖက်၊ ရုရှားနဲ့ တရုတ် တို့က တစ်ဖက် အမြင်သဘောထား ကွဲလွဲနေတာတွေလည်း ဖြစ်ပေါ်နေပါတယ်။
နေရပ်စွန့်ခွာသူတွေ ပြန်လည် လက်ခံနေရေးက အိမ်နီးချင်း နှစ်နိုင်ငံ ဖြစ်တဲ့ မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ် အကြား အတူ ဖြေရှင်းရမယ့် ပြဿနာ သာ ဖြစ်တယ် ဆိုပြီး တရုတ်နိုင်ငံရဲ့ ကုလ သမဂ္ဂ ဆိုင်ရာ လက်ထောက် သံအမတ်ကြီး ဝူ က မှတ်ချက်ပြုသလို ဒါကို ရုရှားကလည်း ထောက်ခံထားပါတယ်။
ပြီးခဲ့တဲ့ ၂ နှစ် ရခိုင်ပြည်နယ်မြောက်ပိုင်းက ပဋိပက္ခတွေ အတွင်းမှာ ရိုဟင်ဂျာ မွတ်စလင် သိန်းနဲ့ချီဟာ အိမ်းနီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို ထွက်ပြေးခဲ့ကြပါတယ်။
အာရကန် ရိုဟင်ဂျာ ကယ်တင်ရေးတပ် (ARSA) အမည်နဲ့ ရိုဟင်ဂျာ လက်နက်ကိုင်အဖွဲ့က ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ် သြဂုတ်လ တုန်းက ရခိုင် မြောက်ပိုင်းက မြန်မာနယ်ခြားစောင့် ရဲတပ်ဖွဲ့ ကင်းစခန်း ၃၀ ဝန်းကျင်ကို အချိန်ကိုက် ဝင်ရောက် တိုက်ခိုက်ခဲ့ပြီးနောက်ပိုင်း အဲဒီ ဒေသတဝိုက် မြန်မာလုံခြုံရေးတပ်ဖွဲ့တွေရဲ့ တန်ပြန် စစ်ဆေးရေးတွေ မှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ရှိခဲ့တယ် ဆိုပြီး ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာက စွပ်စွဲ ခဲ့ကြပေမယ့် မြန်မာဘက်ကတော့ ငြင်းဆန်ထားပါတယ်။











