ရခိုင်ပြည်နယ် ပေါက်တောမှာ ရဲနဲ့ မွတ်စလင် ဒုက္ခသည်တွေ ပဋိပက္ခဖြစ်

rohingyas

ဓာတ်ပုံ ရင်းမြစ်, MOI

ဓာတ်ပုံ ပုံစာ, လက်ရှိအချိန်မှာ သတင်းမထုတ်ပြန်နိုင်သေးဘူးလို့ ပေါက်တောမြို့နယ် ရဲမှူးနဲ့ ပြည်နယ်ရဲမှူးကြီးတို့က ဘီဘီစီကို ပြော

ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၆ ရက်နေ့က ကျောက်တန်းမှာ ဖမ်းမိခဲ့တဲ့ မွတ်စလင် ဒုက္ခသည်တွေကို တင်လာတဲ့ သင်္ဘောပိုင်ရှင်ဆိုသူ ၂ ဦးဟာ ရခိုင်ပြည်နယ် ပေါက်တောမြို့နယ် အနောက်ရဲ မွတ်စလင်ဒုက္ခသည်စခန်းမှာ ရှိတယ်ဆိုပြီး ရဲတွေက ဝင်ရောက် ဖမ်းဆီးဖို့ ကြိုးစားရာမှာ စခန်းက မွတ်စလင်တွေနဲ့ ပဋိပက္ခ ဖြစ်ခဲ့တယ်လို့ ပေါက်တောမြို့နယ် အမှတ် ၂ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်ကျော်ထွေးက ဘီဘီစီကို ပြောပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး လက်ရှိအချိန်မှာ သတင်းမထုတ်ပြန်နိုင်သေးဘူးလို့ ပေါက်တောမြို့နယ် ရဲမှူးနဲ့ ပြည်နယ်ရဲမှူးကြီးတို့က ဘီဘီစီကို ပြောပါတယ်။

အနောက်ရဲ မွတ်စလင်ရွာသားတဦးကတော့ ရဲက လာဖမ်းတဲ့အချိန်မှာ ဒုက္ခသည်တွေက ဝိုင်းဝန်းပြီး ကျောက်ခဲတွေနဲ့ တိုက်ခိုက်တဲ့အတွက် ရဲတွေဘက် ကလည်း မိုးပေါ် ခြောက်လှန့် ပစ်ခတ်ခဲ့ရပြီး ရွာသား လေးဦး ဒဏ်ရာရသွားတယ်လို့ ဘီဘီစီကို ပြောပါတယ်။

rohingyas

ဓာတ်ပုံ ရင်းမြစ်, Aye Ma Ma Myo Facebook

ဓာတ်ပုံ ပုံစာ, သင်္ဘောပေါ်ပါ ဒုက္ခသည်တွေကတော့ သူတို့ဟာ စစ်တွေမြို့ နာဇီရပ်ကွက်က ဖြစ်ပြီး မလေးရှားကို သွားဖို့ ထွက်လာကြတာလို့ ဆို

အဲဒီ ဒုက္ခသည်စခန်းက ဦးချာဘီနဲ့ အဘူဆာယောတို့ ကိုတော့ ရဲတွေက သင်္ဘောပိုင်ရှင် အနေနဲ့ ဖမ်းဆီးသွားတယ်လို့လည်း သူက ပြောပါတယ်။

အနောက်ရဲ မွတ်စလင် ဒုက္ခသည်စခန်းဟာ ၂၀၁၂ ရခိုင်ပြည်နယ်အတွင်း ပဋိပက္ခတွေ ဖြစ်ခဲ့ပြီး နောက်ပိုင်း တခြားမြို့နယ်တွေက ရောက်လာသူတွေကို ထားရှိတဲ့ ဒုက္ခသည် စခန်းဖြစ်တယ်လို့ ဦးအောင်ကျော်ထွေးက ဆိုပါတယ်။

ကျောက်တန်းမှာ ဖမ်းမိထားတဲ့ သင်္ဘောပေါ်ပါ ဒုက္ခသည်တွေကတော့ သူတို့ဟာ စစ်တွေမြို့ နာဇီရပ်ကွက်က ဖြစ်ပြီး မလေးရှားကို သွားဖို့ ထွက်လာကြတာ လို့ ဆိုပါတယ်။

အဲဒီ ဒုက္ခသည်တွေမှာ သက်သေခံ အထောက်အထားတွေ မပါဝင်တဲ့ အတွက် သံတဲကျေးရွာရဲ့ ဆိုင်ကလုန်းမုန်တိုင်း ရှောင်စခန်းမှာ ခေတ္တထားရှိပြီး အချက်အလက်တွေ စစ်ဆေး နေတယ်လို့ ရန်ကုန်တိုင်း ဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဒေါ်သက်သက်မူက ဘီဘီစီကို ပြောဆိုထားပါတယ်။