မောင်တော မြောက်ပိုင်းမှာ ဟိန္ဒူ အလောင်း ၂၈ လောင်း ရှာဖွေ တွေ့ရှိ

ဓာတ်ပုံ ရင်းမြစ်, Myanmar Information Committee
ရခိုင်ပြည်နယ် မောင်တောမြို့နယ် မြောက်ပိုင်းမှာ သတ်ဖြတ် မြေမြှုပ်ထားတဲ့ ဟိန္ဒူ ဘာသာဝင် အလောင်း ၂၈ လောင်းကို ရှာဖွေ တွေ့ရှိခဲ့ ပါတယ်။
အမျိုးသမီး အလောင်း ၂၀ ပါဝင်ပြီး၊ အမျိုးသား အလောင်း ၈ လောင်း ဖြစ်တာကို အာဏာပိုင်တွေက တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။
ဒါဟာ ဩဂုတ်လ အတွင်းက အကြမ်းဖက် သမားတွေ ဖမ်းဆီး သတ်ဖြတ် ခဲ့တဲ့ အထဲက ၂၈ လောင်း ကို တွေ့ရှိတယ်လို့ မောင်တော မြို့နယ် အုပ်ချုပ်ရေးမှူး က ဘီဘီစီကို အတည်ပြု ပြောကြား ပါတယ်။
ARSA မွတ်ဆလင် အစွန်းရောက် အကြမ်းဖက်သမား တွေဟာ ရဲဘော်ကျ ကျေးရွာက စုစုပေါင်း လူ ၁၀၀ လောက်ကို ဖမ်းဆီး ခေါ်ဆောင် သွား ခဲ့ပြီး အဲဒီထဲက တချို့ကို အခု ရှာဖွေတွေ့ ရှိတာလို့ အစိုးရရဲ့ Information Committee ကလည်း ထုတ်ပြန်ထား ပါတယ်။
မောင်တောမြို့နယ် ရဲဘော်ကျ ကျေးရွာ အနောက် မြောက်ဘက် မီတာ ၁၂၀၀ အကွာ မြေကျင်း အတွင်းကနေ လူသေ အလောင်းတွေ မြှုပ်ထားတာ တွေ့ရှိကြောင်း ဖော်ပြပါတယ်။
ရုပ်အလောင်းတွေကို လိုအပ်တဲ့ စစ်ဆေး မှုတွေ ပြုလုပ်ပြီး ရှာဖွေမှုတွေ ဆက်လက် လုပ်သွား မယ်လို့ အစိုးရက ကြေညာထား ပါတယ်။




