တနင်္သာရီတိုင်းယာယီဝန်ကြီးချုပ်အဖြစ် တိုင်းအစိုးရ သယံဇာတနဲ့ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးကို ခန့်အပ်

အဂတိပုဒ်မနဲ့ ဖမ်းဆီးစစ်ဆေးခံနေရတဲ့ တနင်္သာရီတိုင်းဝန်ကြီးချုပ် ဒေါက်တာလဲ့လဲ့မော် နေရာမှာ တိုင်းအစိုးရ သယံဇာတနဲ့ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဦးမြင့်မောင်ကို ယာယီဝန်ကြီးချုပ်အဖြစ် အတည်ပြုခန့်အပ်လိုက်တယ်လို့ တနင်္သာရီတိုင်း လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်ဇေယျက ဘီဘီစီကိုအတည်ပြု ပြောပါတယ်။

ဒေါက်တာလဲ့လဲ့မော်ကို တနင်္သာရီတိုင်းဝန်ကြီးချုပ်အဖြစ် ရာထူး တာဝန်က ရပ်စဲလိုက်တယ်လို့ သမ္မတရုံးက ထုတ်ပြန်ခဲ့အပြီး သူ့နေရာမှာ အစားထိုးခန့်အပ်မယ့်သူကို သမ္မတရုံးက တိုင်းဒေသကြီး အစိုးရကို ညွှန်ကြားလာတာ ဖြစ်ပါတယ်။

နယ်လုံဝန်ကြီး ဗိုလ်မှူးကြီး ကျော်ဇေယျကတော့ ဒီခန့်အပ်မှုနဲ့ ဒေါက်တာလဲ့လဲ့မော်ရဲ့ အမှုအပေါ် တစုံတရာ မှတ်ချက်ပြုပြောဖို့ မရှိဘူးလို့ ပြောပါတယ်။

ဒေါက်တာလဲ့လဲ့မော်အပါအဝင် Global Grand Services(GGS)ကုမ္ပဏီက အုပ်ချုပ်မှုဒါရိုက်တာ ဦးသိန်းထွေး၊ ဒါရိုက်တာ ဦးအောင်မြတ်နဲ့ ဦးသူရအုံတို့ကို အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေတွေနဲ့ မတ်လ ၁၀ ရက်နေ့က အမှုဖွင့်ထားခဲ့တာပါ။

အခု ယာယီအစားထိုးခန့်အပ်လိုက်တဲ့ ဝန်ကြီးချုပ်သစ် ဦးမြင့်မောင်ကတော့ တနင်္သာရီတိုင်း NLD ပါတီအတွင်းရေးမှူးဖြစ်ပြီး ၂၀၁၅ ရွေးကောက်ပွဲမှာ ကော့သောင်းမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးချယ်ခံခဲ့ရသူပါ။

သူဟာ လုပ်ဖော်ကိုင်ဖက်တွေကြား သဘောကောင်းပြီး အလုပ်ကြိုးစားသူတစ်ဦးဖြစ်တယ်လို့လည်း ဘုတ်ပြင်းမြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးတင်ထွန်းက ဘီဘီစီကို ပြောပါတယ်။

ဒါ့အပြင် ဦးမြင့်မောင်ဟာ တိုင်းအစိုးရ သယံဇာတဝန်ကြီးအဖြစ် ဒေသဖွံဖြိုးရေးလုပ်ငန်းတွေမှာ တက်တက်ကြွကြွ ပါဝင်ခဲ့သူတစ်ဦးဖြစ်တယ်လို့ အရပ်ဖက်အသိုင်းအဝိုင်းက မှတ်ချက်ပြု ပြောကြပါတယ်။

ဒေါက်တာလဲ့လဲ့မော်ကတော့ ဝန်ကြီးချုပ်အဖြစ်တာဝန်ထမ်းဆောင်ခဲ့စဉ်မှာ သင်္ကြန်ပွဲတော် ဗဟိုမဏ္ဍပ် တည်ဆောက်ရေး လုပ်ငန်း၊ ထားဝယ် တက္ကသိုလ်ဝင်း ချုံနွယ် ရှင်းလင်းရေး လုပ်ငန်း၊ ထားဝယ် လေယာဉ်ကွင်း အပြင်ဘက် ချုံနွယ်ရှင်းလင်းရေး လုပ်ငန်းတွေမှာ ဝန်ကြီးချုပ် တစ်ယောက်ရဲ့ ရာထူး တာဝန် ကို အလွဲသုံးစားပြုပြီး ငွေကြေး တံစိုးလက်ဆောင် ရယူခဲ့တာကို စစ်ဆေး တွေ့ရှိခဲ့တာကြောင့် သူ့ကို အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေနဲ့ ထားဝယ်မြို့မရဲစခန်းမှာ တိုင်ကြားချက်ဖွင့်ထားပါတယ်။

ဒီပုဒ်မဟာ အာမခံပေးမရတဲ့ ပုဒ်မဖြစ်ပြီး တကယ်လို့ ပြစ်မှုထင်ရှားမယ်ဆိုရင် ဒေါက်တာလဲ့လဲ့မော်ဟာ ထောင်ဒဏ် ၁၀ နှစ်ကနေ ၁၅ နှစ်အထိ ကျခံရနိုင်ပါတယ်။

မတ်လ ၁၁ ရက်နေ့တုန်းကတေ့ာ ဒေါက်တာလဲ့လဲ့မော်ကို ထားဝယ်မြို့တရားရုံးမှာ ချုပ်ရမန် ၂ ပတ် ယူခဲ့ပြီး အဲ့ဒီနောက် ထားဝယ်အကျဉ်းထောင်မှာ ဖမ်းဆီးထိန်းသိမ်းထားပါတယ်။