ဘာကြောင့် တက္ကသိုလ် ဝင်တန်းမှာ စိတ်ကြိုက်မြန်မာစာ အတွဲ ယူတဲ့သူ နည်းတာလဲ။

၂၀၁၇ ခုနှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲ သိပ္ပံ ဘာသာတွဲ နဲ့ ဝိပ္ပံ ဘာသာတွဲ စာမေးပွဲ များ အောင်မြင်စွာ ကျင်းပပြီးစီး

ဓာတ်ပုံ ရင်းမြစ်, KHIN MG WIN (SHWE INN THAR)

ဓာတ်ပုံ ပုံစာ, ၂၀၁၇ ခုနှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲ သိပ္ပံ ဘာသာတွဲ နဲ့ ဝိပ္ပံ ဘာသာတွဲ စာမေးပွဲ များ အောင်မြင်စွာ ကျင်းပပြီးစီး

မတ်လ ၆ ရက်နေ့ဆိုရင် ၂၀၁၈-၁၉ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲတွေ ကို စတင် ကျင်းပမှာ ဖြစ်ပါတယ်။

ဒီနှစ်တက္ကသိုလ်ဝင်တန်း စာမေးပွဲမှာ ဘာသာတွဲ ၈ တွဲ အတွက် ဖြေဆိုသူ ၈ သိန်း ၉ သောင်း ကျော်ဟာ စာစစ်ဌာနပေါင်း ၁၈၈၁ ခုမှာ ဝင်ရောက် ဖြေဆိုကြမှာ ဖြစ်ပါတယ်။

အရင်နှစ်က ဝင်ရောက် ဖြေဆိုသူ ၈ သိန်း ၄ သောင်းကျော်ရှိပြီး စာစာဌာန ၁၇၄၂ ခု ရှိတာကြောင့် ဒီနှစ်မှာ ဝင်ရောက် ဖြေဆိုသူနဲ့ စာစစ်ဌာနတွေ ကလည်း ပိုမို များလာ တာကို တွေ့ရပါတယ်။

ရန်ကုန်တိုင်းဒေသကြီးက ဝင်ရောက်ဖြေဆိုသူ ၁ သိန်း ၂ သောင်းကျော်နဲ့ ပထမ အများဆုံး၊ မန္တလေးတိုင်းဒေသကြီး က ဒုတိယအများဆုံးနဲ့ ကယားပြည်နယ်က စာမေးပွဲ ဝင်ဖြေမယ့်သူ ခုနစ်ထောင်နဲ့ အနည်းဆုံး ဖြစ်ပါတယ်။

ဒါ့အပြင် ဘာသာတွဲ ၈ ခုထဲမှာလည်း စိတ်ကြိုက်မြန်မာစာ အတွဲကို ယူပြီး ဖြေဆိုမယ့်သူ တနိုင်ငံလုံးမှာ ၃ ဦးပဲရှိနေတာ တွေ့ရပါတယ်။ ဒီ ၃ ဦးက ရန်ကုန်နဲ့ မန္တလေးတိုင်း ဒေသကြီးက ၁ ဦးစီနဲ့ ရခိုင်ပြည်နယ်က ၁ ဦးတို့ ဖြစ်ပါတယ်။

ဒါ့ကြောင့် တက္ကသိုလ်ဝင်တန်း ဖြေဆိုမယ့်သူတွေ အကြား စိတ်ကြိုက်မြန်မာစာ အတွဲကို ယူတဲ့သူ ဘာကြောင့် နည်းရတာလဲဆိုတဲ့ မေးခွန်းတခုက ပေါ်ထွက်လာပါတယ်။

ရန်ကုန် က အထက်တန်းကျောင်းတခုမှာ အောင်စာရင်း ကြည့်နေကြသူများ
ဓာတ်ပုံ ပုံစာ, ရန်ကုန် က အထက်တန်းကျောင်းတခုမှာ အောင်စာရင်း ကြည့်နေကြသူများ

တက္ကသိုလ်ဝင်တန်း စာမေးပွဲ သမိုင်း

တက္ကသိုလ်ဝင်တန်း စာမေးပွဲဆိုတာ ၁၉၉၉ ခုနှစ်နောက်ပိုင်းကမှ စတင် ခေါ်ဆိုခဲ့တာ ဖြစ်ပါတယ်။ ၁၉၈၄ ကနေ ၁၉၉၈ ခုနှစ်အထိ အခြေခံ ပညာ အထက်တန်း စာမေးပွဲလို့ ခေါ်ဆို ခဲ့တာ ဖြစ်ပါ တယ်။

၁၉၅၂ ကနေ ၁၉၆၈ ခုနှစ်အထိ ကျင်းပတဲ့ စာမေးပွဲတွေကို တက္ကသိုလ်ဝင် စာမေးပွဲလို့ ခေါ်ပြီး ၁၉၆၉ ကနေ ၁၉၈ဝ အထိက အခြေခံပညာ အထက်တန်း စာမေးပွဲ၊ ၁၉၈၁ကနေ ၁၉၈၃ အထိက အခြေခံပညာ အဆင့်မြင့်တန်း စာမေးပွဲတွေလို့ ခေါ်ခဲ့တာ ဖြစ်ပါတယ်။

စာမေးပွဲတွေကို နာမည် အမျိုးမျိုး ပြောင်းကျင်းပခဲ့ရုံသာမက ဒီအခြေခံ စာမေးပွဲတွေကိုလည်း ပုံစံအမျိုးမျိုး ပြောင်း ကျင်းပခဲ့ပါတယ်။

၁၉၉၅ ခုနှစ်က သိပ္ပံ၊ ဝိဇ္ဇာ၊ ဘာသာရပ်တွေ ဖြစ်တဲ့ ဓာတု၊ ရူပ၊ ဇီဝတို့ကို တဘာသာ၊ ပထဝီ၊ သမိုင်း၊ ဘောဂတို့ကို တဘာသာ ပေါင်းပြီး ဖြေဆိုစေ ခဲ့တာ ဖြစ်ပါတယ်။ ၂၀ဝ၁-၂၀ဝ၂ ခုနှစ်မှာ ဘာသာတွဲတွေကို ၈ ခုအထိခွဲပြီး ပြန်ကျင်းပနေတာ ဖြစ်ပါတယ်။

၂၀၁၇ တုန်းက တက္ကသိုလ်ဝင်တန်း စာမေးပွဲဖြေဆိုခဲ့တဲ့ ရန်ကုန်အထက်တန်းကျောင်းတစ်ခုက ကျောင်းသား၊ ကျောင်းသူများ

ဓာတ်ပုံ ရင်းမြစ်, KHIN MG WIN (SHWE INN THAR)

ဓာတ်ပုံ ပုံစာ, ၂၀၁၇ တုန်းက တက္ကသိုလ်ဝင်တန်း စာမေးပွဲဖြေဆိုခဲ့တဲ့ ရန်ကုန်အထက်တန်းကျောင်းတစ်ခုက ကျောင်းသား၊ ကျောင်းသူများ

ဘာသာတွဲ ၈တွဲက ဘာတွေလဲ

ပထမဆုံးအနေနဲ့ တက္ကသိုလ်ဝင်တန်း စာမေးပွဲမှာ ဘာသာတွဲအားဖြင့် ၈ တွဲ ရှိနေတယ်လို့ ဆိုပါတယ်။

အတွဲ ၁- မြန်မာ၊ အင်္ဂလိပ်၊ သင်္ချာ၊ ဘောဂ၊ ရူပ၊ ဓာတု။

အတွဲ ၂- မြန်မာ၊ အင်္ဂလိပ်၊ သင်္ချာ၊ ပထဝီ၊ သမိုင်း၊ ဘောဂ။

အတွဲ ၃- မြန်မာ၊ အင်္ဂလိပ်၊ သင်္ချာ၊ ပထဝီ၊ သမိုင်း၊ စိတ်ကြိုက်မြန်မာစာ။

အတွဲ ၄- မြန်မာ၊ အင်္ဂလိပ်၊ သင်္ချာ၊ သမိုင်း၊ ဘောဂ၊ စိတ်ကြိုက်မြန်မာစာ။

အတွဲ ၅- မြန်မာ၊ အင်္ဂလိပ်၊ သင်္ချာ၊ သမိုင်း၊ ရူပ၊ ဓာတု။

အတွဲ ၆- မြန်မာ၊ အင်္ဂလိပ်၊ သင်္ချာ၊ ရူပ၊ ဓာတု၊ စိတ်ကြိုက် မြန်မာစာ။

အတွဲ ၇- မြန်မာ၊ အင်္ဂလိပ်၊ သင်္ချာ၊ ရူပ၊ ဓာတု၊ ဇီဝ။

အတွဲ ၈- မြန်မာ၊ အင်္ဂလိပ်၊ သင်္ချာ၊ ပထဝီ၊ ရူပ၊ ဓာတု။

ဘယ်အတွဲက လူကြိုက်များလဲ။

ဒီအတွဲတွေထဲမှာ အတွဲ ၁ နဲ့ အတွဲ ၇ တို့က ကျောင်းသားနဲ့ မိဘတွေ သဘောကျ ကြိုက်နှစ်သက်ပြီး အယူအများဆုံး ဖြစ်ပါတယ်။

မြန်မာ၊ အင်္ဂလိပ်၊ သင်္ချာ၊ ရူပ၊ ဓာတုနဲ့ ဇီဝဘာသာရပ်တွေပါဝင်တဲ့ အတွဲ ၇ ကို ယူထားပြီး တက္ကသိုလ်ဝင်တန်း စာမေးပွဲမှာ ထူးထူး ချွန်ချွန် အောင်မြင်မယ်ဆိုရင် ဆေးဘက်ဆိုင်ရာ၊ စက်မှုစတဲ့ အသက် မွေးဝမ်းကျောင်း တက္ကသိုလ်တွေကို တက်ရောက် နိုင်မှာ ဖြစ်တာကြောင့် ဒီအတွဲ ၇ က လူကြိုက်များတာ ဖြစ်ပါတယ်။

ကျန်တဲ့ စိတ်ကြိုက် မြန်မာစာ၊ ပထဝီ၊ သမိုင်း ဘာသာရပ်တွေယူတဲ့သူတွေအတွက် တက္ကသိုလ် ဝင်တန်းကို ထူးထူးချွန်ချွန်အောင်မြင်ခဲ့ရင်တောင် အသက်မွေးဝမ်း ကျောင်း ဘာသာရပ်တွေဖြစ်တဲ့ ဆေး၊ စက်မှု တက္ကသိုလ်တွေကို ဝင်ဖို့ အကန့် အသတ် တွေ ရှိနေတာ ဖြစ်ပါတယ်။

စိတ်ကြိုက် မြန်မာစာက အတွဲ ၃ တွဲအထိရှိနေပေမယ့် လူကြိုက်နည်းတယ်လို့ ဆိုပါတယ်။

တက္ကသိုလ်ဝင်တန်း

ဘာကြောင့် လူကြိုက်နည်းရတာလဲ။

သမိုင်း၊ ပထဝီစတဲ့ အတွဲတွေက ကျောင်းသား မိဘတွေအကြား လူကြိုက်နည်းပြီး စိတ်ကြိုက်မြန်မာစာ အတွဲဆိုရင် ယူမယ့်သူ မရှိဘူးလို့ ရှမ်းပြည်နယ် တောင်ကြီး မြို့က ကျောင်းဆရာ ဦးနေမျိုးမောင်က ပြောပါတယ်။

တောင်ကြီးမှာ စိတ်ကြိုက်မြန်မာစာဆိုရင် သင်ပေးနိုင်တဲ့ ဆရာမရှိဘူးလို့ သူက ရှင်းပြပါတယ်။ တခါတလေ ကျောင်းသားက သင်ပေးမယ့် ဆရာ မရှိတာကြောင့် စိတ်ကြိုက်မြန်မာ ဘာသာတွဲကို ကြိုက်ပေမယ့် တခြားအတွဲကို ယူရတယ်လို့လည်း ဆိုပါတယ်။

အလုပ်အကိုင် အခွင့်အလမ်းနဲ့ ဝင်ငွေရပေါက်ရလမ်းပေါ် အခြေခံပြီး ယူမယ့် ဘာသာတွဲကို ဆုံးဖြတ်ကြပြီး သိပ္ပံတွဲတွေက ပိုပြီး လူကြိုက်များကြတာလို့လည်း ဆိုပါတယ်။

ဒါ့အပြင် မိဘ၊ ဆရာ၊ ကျောင်းသားဆိုတဲ့ အထဲမှာ ဒီအတွဲကို မိဘတွေက မကြိုက် တာကြောင့် ကလေးတွေလည်း မရွေးချယ်တော့တာ ဖြစ်ပါတယ်။

စိတ်ကြိုက်မြန်မာစာမှာ မြန်မာဘာသာနဲ့စကားကို နက်နက်ရှိုင်းရှိုင်း လေ့လာ သင်ကြားကြရပြီး ဒီအထဲမှာ ကဗျာဖွဲ့နည်းစပ်နည်းအပြင် မြန်မာ့ပြဇာတ်၊ မြန်မာ့ ဝတ္တုရှည်တွေနဲ့ ကာလဒေသနောက်ခံ အကြောင်းတွေ သင်ကြားပေးတာ ဖြစ်ပါ တယ်။

စိတ်ကြိုက်မြန်မာစာအတွဲကို ယူထားပြီး တက္ကသိုလ် ဝင်တန်းကို ထူးထူးချွန်ချွန် အောင်မြင်ခဲ့သူတွေအနေနဲ့ လူကြိုက်များတဲ့ ဆေးတက္ကသိုလ်တို့လို အသက်မွေးဝမ်း ကျောင်း တက္ကသိုလ်တွေကို တက်ရောက်နိုင်ဖို့ အကန့်အသတ်တွေရှိနေပြီး အခွင့်အလမ်းတွေ ပိတ်နေလို့ မယူချင်ကြတာလို့ စာရေးဆရာ မောင်သာချို အဖြစ် လူသိများတဲ့ တောင်ကုတ်တက္ကသိုလ် မြန်မာစာ ဌာနမှာ ပါမောက္ခအဖြစ် တာဝန် ထမ်းဆောင်ခဲ့တဲ့ ဒေါက်တာ ညွန့်သောင်းက သုံးသပ်ပါတယ်။

စိတ်ကြိုက်မြန်မာစာကို စိတ်ဝင်စားမှုနည်းတာက ဘယ်လို အကျိုး သက်ရောက်မှု ရှိမလဲ။

ဒီရွေးချယ်မှုအပေါ် ကျောင်းသားကျောင်းသူကို အပြစ်မဆိုသာပေမယ့် နောင်မှာ မြန်မာစာကို လေ့လာသင်ယူတဲ့သူမရှိ တတ်ကျွမ်းတဲ့သူလည်း မရှိတော့ရင် မြန်မာစာ၊ မြန်မာ ဘာသာ စကားအကြောင်းကို ခြေခြေမြစ်မြစ်သိသူတွေ အားနည်း လာနိုင်တယ် လို့ မောင်သာချိုက သုံးသပ်ပါတယ်။

ရတုရကန်စတဲ့ ကဗျာအကြောင်း၊ ပြဇာတ်၊ ဝတ္တုတို၊ ဝတ္တုရှည်၊ ကျောက်စာ၊ မင်စာ စတဲ့ မြန်မာဘာသာနဲ့စကားရဲ့ကျယ်ပြန်တဲ့ နယ်ပယ်တွေကို လေ့လာလိုက် စားသူ တွေ မရှိတော့တဲ့ အတွက် ဘာသာစကားနဲ့ ဘာသာစာပေတွေဟာ ဆွံ့အသွားနိုင်တယ် လို့ သူက ပြောပါတယ်။

အပြင်ကနေ လေ့လာမှုတွေ ရှိနေပေမယ့် စနစ်တကျလေ့လာမှု မရှိတော့တာကြောင့် ပညာရပ် အဆက်ပြတ်တောက်ပြီး ဖွံ့ဖြိုးမှု အားနည်းလာနိုင်တယ်လို့ ဆိုပါတယ်။