ရန်ကုန် စာတိုက်မှာ မူးယစ်ဆေး ဖမ်းမိမှု ဂျာမနီကို အကြောင်းကြားထား

ဓာတ်ပုံ ရင်းမြစ်, Getty Images
ရန်ကုန်စာတိုက်ကြီးမှာ နောက်ဆုံး ဖမ်းမိတဲ့ ခန့်မှန်းတန်ဖိုး မြန်မာငွေ သိန်းတစ်သောင်းကျော် ဖိုးရှိတဲ့ မူးယစ်ဆေးတွေဟာ ဂျာမနီက လာတဲ့ပါဆယ်ထဲမှာ တွေ့ရတာဖြစ်လို့ ဂျာမနီအစိုးရကို အကြောင်းကြားထားတယ်လို့ စာတိုက်အရာရှိကြီးတစ်ဦးက ဘီဘီစီကို ပြောပါတယ်။
ဂျာမဏီနိုင်ငံ ဖရန့်ဖတ် စာတိုက်ကနေ ရန်ကုန်မြို့ကို လိပ်မူပြီး တင်ပို့လိုက်တဲ့ ပါဆယ်ထုပ်တွင်းကနေ ပန်းရောင်ဆေးပြားတွေ တွေ့ရလို့ ရဲကို အကြောင်းကြားရာမှာ ရဲက ဒီဆေးပြားတွေဟာ ကိုကင်းအုပ်စုဝင် မက်သာဖက်တမင်း စိတ်ကြွဆေးပြားတွေလို့ အတည်ပြုကြောင်း မြန်မာ့စာတိုက်လုပ်ငန်း ဦးဆောင်ညွန်ကြားရေးမှူး ဦးခမ်းအောင်က ပြောပါတယ်။
အလေးချိန်က ၈.၇၅ ကီလိုဂရမ်ရှိတဲ့ ဒီဆေးပြားတွေကို ခွေးအမွေးလှဆေးဆိုပြီး ဦးကျော်ဇေယျဆိုသူက ဖေဖော်ဝါရီလ ၁၁ ရက်နေ့က လာရွေးရာမှာ မူးယစ်ဆေးတွေနဲ့အတူ လာရွေးတဲ့သူကိုပါ အရေးယူထားကြောင်း သူက ပြောပါတယ်။
အဖမ်းခံရသူဟာ ရန်ကုန်မြို့ ဒဂုံမြို့သစ်မြောတ်ပိုင်း လိပ်စာနဲ့ နေထိုင်သူဖြစ်တယ်လို့ ဆိုပါတယ်။
အခုကိစ္စနဲ့ပတ်သက်လို့ ဂျာမနီဘက်ကို အကြောင်းထားတဲ့အပြင် ကမ္ဘာ့စာပို့တိုက်သမဂ္ဂ (Universal Postal Union) ကိုလည်း အကြောင်းကြားထားတယ်လို့ ဦးခမ်းအောင်က ပြောပါတယ်။
ဖမ်းမိသမျှ အများဆုံး
ပြီးခဲ့တဲ့နှစ်ကလည်း ဂျာမနီက တခြားမြို့ကအပြင် နယ်သာလန်နိုင်ငံနဲ့ အမေရိကန် ပြည်ထောင်စုကနေ ပို့လာတဲ့ ပါဆယ်ထုပ်တွေထဲကနေ မူးယစ်ဆေးဝါးတွေဖမ်းမိတာရှိပြီး အခုဖမ်းမိတာကတော့ ရန်ကုန်စာတိုက်ကြီးမှာ ၆ ကြိမ်မြောက် ဖမ်းမိတာ ဖြစ်ပါတယ်။
ဒါဟာ ရန်ကုန်စာတိုက်ကြီးမှာ ဖမ်းမိသမျှ အလေးချိန် အများဆုံးနဲ့ တန်ဖိုးအများဆုံး ဖြစ်နိုင်တယ်လို့လည်း ဦးခမ်းအောင်က ပြောပါတယ်။
ဒီနှစ်အတွင်း နိုင်ငံခြားကနေ ရောက်လာတဲ့ မူးယစ်ဆေးဝါးတွေ စာတိုက်မှာ ဖမ်းမိတာကတော့ ဒါဟာ ပထမဆုံးအကြိမ်လည်း ဖြစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
ဂိတ်အဆင့်ဆင့် ဖြတ်ပြီး ရောက်လာ
ဒီပါဆယ်ထုတ်တွေဟာ လေကြောင်းလိုင်းတွေဆီ မရောက်ခင် သက်ဆိုင်ရာက စစ်ဆေးတဲ့ ဂိတ်အဆင့်ဆင့်ကိုကျော်ဖြတ်ပြီးမှ ရန်ကုန် စာတိုက်ကြီးကို ရောက်ရှိလာတယ်ဖြစ်တယ်လို့ ဦးခမ်းအောင်က ပြောပါတယ်။
''ဂျာမနီနိုင်ငံမှာ စစ်ဆေးရေးဂိတ်တွေ အများကြီးရှိတယ်။ မြန်မာနိုင်ငံကနေ နိုင်ငံခြားကို ပို့ရင်လည်း အကောက်ခွန်က စစ်တယ်၊ ကျွန်တော်တို့ စာတိုက်က စစ်တယ်။ လေဆိပ်ရဲ့ လုံခြုံရေးက စစ်တယ်။ နောက်ပြီး လေကြောင်းလိုင်းရဲ့ လုံခြုံရေးက ထပ်စစ်တယ်။ ပြီးမှ လေယာဉ်ပေါ်တင်တယ်။ ဂျာမနီကလည်း ဒီလုပ်ငန်းစဉ်အတိုင်း လုပ်ရမှာပဲ။''
ကမ္ဘာ့စာပို့တိုက်သမဂ္ဂရဲ့ စည်းမျဉ်းတွေကလည်း ဒီအတိုင်းပဲ လုပ်ရတာ ဖြစ်တယ်လို့ ဦးခမ်းအောင်က ပြောပါတယ်။
ဒါပေမယ့် အခုလို မူးယစ်ဆေးတွေဟာ ဒီဂိတ်အဆင့်ဆင့်ကို ဘယ်လို ဖြတ်ကျော် လာနိုင်သလဲဆိုတာ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။
မြန်မာ့စာတိုက်လုပ်ငန်းအနေနဲ့တော့ စစ်ဆေးမှုတွေကို ဆက်လက် လုပ်ဆောင်သွားဖို့ရှိတယ်လို့ ဦးဆောင်ညွန်ကြားရေးမှူး ဦးခမ်းအောင်က ဘီဘီစီကို ပြောပါတယ်။








